တိုးတက်နေတဲ့ ကမ္ဘာကြီးထဲမှာ
ငါဘယ်နေရာမှာ ပါနေသလဲ။
င့ါကိုယ်ငါ လိုက်ရှာ
အဘယ်မှာမှ ရှာမတွေ့ပါလား။
တနေရာရာမှာတော့
ငါဆိုတဲ့အကောင်
တချောင်ချောင်မှာ ရှိရမယ်။
ငါတကောင် အမြင်ကျဉ်း
ရေတွင်းထဲက ဖားသူငယ်ကလေးဖြစ်ပြီး
ဗွက်နစ်လို့ နေလေရော့သလား။
ဒါမှမဟုတ်ရင်
အနုပ်စုတ် ဂုတ်စုတ်ဘ၀ကရုန်း
ငါတလုံးနှယ် အနှုန်းကျယ်ပြီး
ကမ္ဘာအလယ်မှာ ငါတကောင်လို့
ငါ လက်မတထောင်ထောင်နဲ့
အရိပ်မြင်တိုင်း ဟောင်တဲ့
ခွေးတစ်ကောင်များ ဖြစ်နေရော့သလား။
တဲကလေးအနီးမှာ
လက်သီးကလေး ကျစ်ကျစ်ဆုပ်
ညစ်ပုပ်ရန်လိုတဲ့ မျက်နှာထားနဲ့
အဘိဇ္ဈာပွား ဣဿာများနေတဲ့
မိစ္ဆာကောင်များ ဖြစ်နေရော့သလား။
ကျယ်ဝန်းတဲ့ကမ္ဘာကြီးမှာ
ငါစည်းရိုးငါ ငါခတ်
ငါ့တပ်နဲ့ ငါနေ
ငါသေဆိုသေ ငါရှင်ဆိုရှင်
ငါဘုရင် ငါတမင်းလို့
မာန်တင်းပေမယ့် ဆန်နဲ့ ဟင်းကမရှိ
ဆန်စေ့ကလေး တလုတ်တဆုပ်နဲ့
ရေလုံပြုတ်များ သောက်နေရော့လား။
ငါတို့ထံမှာ
သယံဇာတတွေ တ၀င်းဝင်း တလက်လက်
တွင်းထွက်ကလဲအပြည့်
သစ်တောတွေလည်း ရှိသေး
အမိ ဧရာဝတီဆိုရင်
လိုသမျှအကုန်ပေး
ဆန်စပါးတွေ ကျွေးနေကျ
အရေးစိုက်စရာမရှိ ဆိုပြီး
ခွေးမိုက်ဇာတိနဲ့
ဝိလုပ်ချင်ပေမဲ့ ၀မရှိပြန်တော့
ရှိသမျှ ၀ိုင်းခိုး
ကိုင်းကျိုးတောင် မကျန်တော့ပါလား
အကြံအဖန်သမား
ဟန်ပန်ကလဲများများ
ငါတကားလို့ ၀ါကြွားဟစ်နေတဲ့
ငပမွှားများ ဖြစ်နေလေရော့သလား။
တိုးတက်တဲ့ ကမ္ဘာကြီးမှာ
ငါတည်းဟူသော အကောင်တကောင်
ဘယ်ချောင်မှာ ရောက်နေပါလိမ့်
ငါ့ကိုယ်ငါ လိုက်လို့ရှာ
ဘယ်နေရာ ငါရောက်နေသည် မသိ။
ငါ့ကိုယ်ငါ တွေ့ချင်စမ်းပါဘိ။ ။
Friday, November 13, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment