ထာဝရ ထွက်ခွာခွင့်
ကိုယ် သွားခွင့်ပန်ဖို့
မင်းဆီ အလာမှာ
မင်းမျက်လုံးတွေ ပေါ်က
မယုံကြည်နိင်တဲ့ အပြုံးတစ်ချက်
လှစ်ခနဲ့ ပေါ်လာတယ်
ဒီလို ခဏခဏ လုပ်နေကျမို့
တော်ကြာ....ကိုယ်ပြန်ရောက်လာ ဦးမှာပဲလို့
မင်းက ထင်တယ်။
အမှန်အတိုင်း ပြောရမယ်ဆို
ကိုယ့်စိတ်ထဲမှာလည်း
အလားတူ ဒွိဟ ဖြစ်နေခဲ့တယ်........
အကြောင်းကတော့
နွေဦးနေ့တွေလည်း တစ်ချိန်ပြီး တစ်ချိန်
ပြန်ပြန်ရောက်လာကြတယ်
လပြည့်ဝန်းတွေကလည်း ထွက်ခွာသွားပြီး
နောက်တစ်ခေါက် အလည်ရောက်လာတာပဲ
ပန်းတွေဆို
တစ်ကြိမ်ထပ်ရောက်လာပြီး
ပင်ကိုင်းထက်မှာ....ရှက်သွေးဖြာ နီမြန်းနေကြတာ
တစ်နှစ်ပြီး တစ်နှစ်ပါ။
ဒီတော့ ဘာထူးသေးလဲ
မင်းဆီ ခွင့်ပန်လာတာ
မင်းထံပါးကို
ကိုယ် တစ်ခေါက်ပြန်ရောက် လာဖို့သာ
ဖြစ်နေမလား။
ဒါပေမယ့်
ဟုတ်ယောင်မှုကလေးကို
ခဏတစ်ဖြုတ်တော့ ရှိပါစေဦး။
မညှာမတာ
ချက်ချင်း နှင်မထုတ်လိုက်ပါနဲ့
မင်းဆီကနေ
ကိုယ် ထာဝရ ထွက်ခွာခွင့်ပန်တဲ့အခါ
ဒါကို တကယ့်အမှန်လို့ လက်ခံပါ။
ပြီးတော့
မင်း...မျက်ဝန်းတစ်ဝိုက်မှာာ
မျက်ရည်ငွေ့လေးတွေ
ခဏတစ်ဖြုတ်တော့ ပြည့်အိုင်လာကြပါစေ။
အဲ.....
နောက်တစ်ကြိမ်
ကိုယ်...ထပ်ရောက်လာတော့လည်း
မင်းသဘောကျ ကရော်ထိုးပြီး
ပြုံးချင်သလိုသာ ပြုံးလိုက်ပေါ့ ။ ။
ဥယျာဉ်မှူး
အမှုထမ်း ။ အရှင့်အမှုတော်ထမ်း အကျွန့်ကို
သနားတော်မူပါ ဧကရီ ။
ဧကရီ ။ စည်ဝေးသဘင် ပြီးဆုံးပြီ။
ငါ့ အမှုတော်ထမ်းတွေထဲ
သင် ဘာကြောင့် ၊ နောက်ကျ ရောက်လာရသလဲ ။
အမှုထမ်း ။ တပါးသူတွေနဲ့
ဆောင်ရွက်ပြီးပြီဆိုရင်
ယခု အကျွန့်အလှည့်ဖြစ်ပါစေ။
အရှင့် နောက်ဆုံး အမှုတော်ထမ်းအတွက်
ကျန်တဲ့ အလုပ်တာဝန်ကို တောင်းခံရအောင်
အကျွန်ုပ်လာခဲ့တာပါ။
ဧကရီ ။ အလွန်အမင်း နေက်ကျနေတာမှ
သင်ဘာကို မျှော်လင့်စရာ
ရှိတော့မှာလဲ။
အမှုထမ်း ။ အရှင့် ပန်းဥယျာဉ်မှာ
အကျွန့်ကို
ဥယျာဉ်မှူး ခန့်တော်မှုပါ ။
ဧကရီ ။ ကြံကြီးစည်ရာကွယ်။
အမှုထမ်း ။ အကျွန့်ရဲ့
တခြားအလုပ်တာဝန်တွေကို
စွန့်လွှတ်ပါရစေ ။
အကျွန့် ဓားလှံတွေ
မြေပေါ် ချလိုက်တော့မယ်။
တိုက်ပွဲသစ်တွေလည်း
မတိုက်ခိုက်ပါနဲ့တော့ ။
အရှင့်ပန်းဥယျာဉ်မှာ
ဥယျာဉ်မှူးအဖြစ်သာ
အကျွန့်ကို ခန့်ထားတော်မူပါ ။
ဧကရီ ။ အလုပ်ဝတ္တရားတွေကို ဆိုပါဦး ။
အမှုထမ်း ။ အရှင် ငြီးငွေ့တဲ့နေ့တွေမှာ
အမှုတော် ထမ်းဖို့ပါ။
မနက်ဖက်
အရှင် ထွက်တောမှုမယ့်
မြက်ခင်းလမ်းကို
စိမ်းစိုအောင် အကျွန့်ထားမယ်။
အရှင့်ခြေလှမ်းတော်တိုင်းကို
ဂုဏ်ပြုရင်း
အသေခံ ကြွေဆင်းဖို့
ဝန်မလေးတဲ့ ပန်းပွင်တွေနဲ့
အရှင့်ခြေအစုံကို
ကြိုဆိုစေမယ် ။
စရည်ပင်ကိုင်းတွေမှာ
ဒန်းဆင်လို့
အရှင့်ကို လွဲပေးပ့ါမယ် ။
အဲဒီမှာ
အရှင့်ခါဝတ်တော်စကို
နမ်းရအောင် ဆိုပြီး
ညည့်ဦးယံ ဖိုးရွှေလဟာ
သစ်ရွက်တွေကြားက
အတင်း အလုအယက် တိုးထွက်လာလိမ့်မယ်။
အရှင်စက်ရာ သလွန်ဘေးမှာ
ထွန်းလင်းတဲ့ မီးအိမ်ကို
ဆီမွှေးနဲ့သာ ထပ်ကာ ဖြည့်ပါ့မယ်။
အရှင့် ခြေနင်းခုံကိုလည်း
အကျော် ကရမက်တွေ အိုင်အိုင်သွေးပြီး
ရှုမောစရာ ပုံအသွယ်သွယ်
လိမ်းခြယ်ပေးပါ့မယ် ။
ဧကရီ ။ အဖိုးအခ အနေနဲ့
သင်ဘာကို လိုချင်သလဲ ။
အမှုထမ်း ။ ညံ့သက်ညွှတ်နူး ကြာမုံဖူးနဲ့တူတဲ့
အရှင့် လက်ဆုပ်ကလေးတွေကို ကိုင်ပြီး
လက်ကောက်ဝတ်မှာ
ပန်းကုံးတွေ ဆင်မြန်းပေးခွင့် -
အရှင့် ခြေဖ၀ါးအစုံကို
အသောက ပွင့်ဖတ်လွှာတွေရဲ့
ပန်းဆီနီနီနဲ့ ခြယ်သခွင့် -
ဒါပြင်
ဖုန်စ ဖုန်နတွေ
ကပ်နေအုံးမည်ဆိုရင်
နမ်းပစ်ခွင့်ကို ပေးသနားပါ ။
ဧကရီ ။ သင်တောင်းတဲ့ဆုကို
ခွင့်ပြုတော်မူတယ် ငါ့အမှုတော်ထမ်း....
ငါ့ ပန်းဥယျာဉ်မှာ
အသင် ဥယျာဉ်မှုး ဖြစ်စေ.....။ ။
တဂိုး
တဂိုး
တစ်ကိုယ်တော် အောင်မြင်မှု့အတွက်
သင်၏ သနား ဂရုဏကို ခံယူလိုသော
သတ္တိကြောင်သူ မဖြစ်လိုပါ
ရှုံးနိမ့်သည့် အခါတွင်မှု
သင့် လက်ကို ဆုပ်ကိုင်ထားနိင်ခွင့်
ရရှိသော သူသာ ဖြစ်ရလိုပါ၏.......
yya
Friday, November 13, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment