Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, November 19, 2009

မွန်သူရဲကောင်းလဂွန်းအိန်

မွန်သူရဲကောင်းလဂွန်းအိန်သည် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် အတွင်းထင်ရှားသည့် စစ်သူရဲဖြစ်သည်။ ဟံသာဝတီတပ်၏ ပုံရိပ်ဖြစ်သကဲ့သို့ ရာဇာဓိရာဇ်၏ အားထားရသည့် စစ်ဗိုလ်၊တပ်မှုးလည်းဖြစ်သည်။ အမည်ရင်းမသံလုံဖြစ်ပြီး မူလက အမတ်ကြီး သမိန်သံဗြတ်ထံတွင် ခစားပြီးနေသူဖြစ်သည်။ထိုစဉ်ကပင် အရှေ့ဖက်တလွှားသို့ သိမ်းသွင်းရန်လာသည့် ရာဇာဓိရာဇ်နားတွင် မသံလုံအမည်မှာ ပေါက်ကြားပြီးဖြစ်သည်။သံမောင်မြို့စား မဂြိုင်းပုန်ကန်သောကြောင့် ရာဇာဓိရာဇ်က "ကျွန်ပျက် မဂြိုင်းငယ်၏ ခေါင်းကိုမည်သူဖြတ်ပြီး ဆက်သနိုင်သနည်း။"ဟု ဆိုသည်ကို ဦးသုံးကြိမ်ချပြီး မိမိဆက်သမည်ဟုလျှောက်ကာ အမှန်ပင်ရန်သူတပ်ချထားသည့် နေရာသို့သွားပြီး မဂြိုင်းခေါင်းကိုဖြတ်ပြီး ဆက်သခြင်းဖြင့် ကြော်ကြားလာသည်။သို့သော် ဆုလာဘ်တစ်စုံတစ်ရာ မချီးမြှင့်သဖြင့် စိတ်အမှတ်ထားသည်။ နောင်တွင် အရှေ့ဖက် မော်လမြိုင်၊မုတမ မြို့များကို တိုက်ခိုက်အောင်မြင်ပြီး ဟံသာဝတီတပ်များ အပြန်လမ်းတွင် တိုက်ကုလားမြို့ရောက်မှ ခေါင်ငါးဆက်အိမ်ကြီး ဆောက်စေကာ၊ကိုယ်လုပ်တော် မေနှင်းကေသရာ နှင့်တကွပေးပြီး ဘွဲ့အမည်ကိုလည်း "လဂွန်းအိန်"(လဂွန်း=လက်နက်ကဲ့သို့စွမ်းသူ၊ အိန်=မိုးသိကြားနတ်(အိန)၊မိုးသိကြားလက်နက်ကဲ့သို့စွမ်းသူ)ဟုချီးမြှင့်သည်။

ထိုမှစကာ အကြီးတန်းစစ်ဗိုလ်၊တပ်မှုးအဖြစ် တိုက်ပွဲတိုင်းတွင် ပါဝင်လာရသူဖြစ်သည်။ထင်ရှားသည့် အခြင်းအရာမှာ ပုသိမ်တပ်ကို ပေါက်လှိုင်(လှိုင်မြစ်)တွင် ပရိယာရ်နှင့်အနိုင်တိုက်ရန် ရှင်ဘုရင်က မိန့်၏။သို့သော် လဂွန်းအိန်က စစ်ချီချိန်ရောက်သည့်တိုက် စစ်မထွက်သဖြင့် အမတ်ကြီးများဖြစ်သည့် သမိန်ဗြတ်ဇ နှင့် အမတ်ဒိန် တို့မေးရာ မိဖုရားကွမ်းတည်စဉ် ရင်ဝတ်လျှောသည်ကိုမြင်သဖြင့် စွဲလမ်းလှသည်။ထို့ကြောင့်စစ်မထွက်နိုင်ပဲ ဖြစ်ရသည်ဟုဆိုသည်။အမတ်ကြီးနှစ်ပါးလည်း အရဲစွန့်ပြီး ရှင်ဘုရင်ကို လျှောက်ရာ ရာဇာဓိရာဇ်ကလည်း မိဖုရားထက် သူရဲကောင်းကို ပိုချစ်သည်ဟုဆိုကာ မိဖုရား ဒလသုဓမာယာ(ရှင်စောပု၏မယ်တော်)ကို လှေဖြင့်တင်ပြီး လဂွန်းအိန်ထံပို့စေသည်။သို့သော် လဂွန်းအိန်က အရှင်သခင်စိတ်ကိုစမ်းခြင်းသာဖြစ်ကြောင်း မိဖုရားကိုတောင်းပန်ဦးချကာ ရာဇာဓိရာဇ်ထံ ပြန်လည်ဆက်သကာ စစ်ကိုအနိုင်တိုက်သဖြင့် ပုသိမ်လှေတပ်ပျက်ကာ အောင်ပန်းရလေသည်။

နောင် အင်းဝ နှင့်စစ်ပြုပြန်ရာတွင်လည်း တိုက်ပွဲတိုင်းတွင်ရှေ့ဖျားချီတပ်မှုးအဖြစ် ချီတက်လိုက်ပါရမြဲဖြစ်သည်။တပ်မှုးချုပ်ဖြစ်သည့် သမိန်ဗြတ်ဇ အမိန့်ကို မနာခံသဖြင့် တစ်ကြိမ်တွင် သတိပေးခံရသေးသည်။နောက် မြသီတင်းဘုရားတွင် မွန်-မြန်မာ အမတ်များနှစ်ဖက် သစ္စာဆိုရန်ချိန်းချက်ပြီး မွန်တို့က အကောက်ကြံကာ မြန်မာတို့ကို မင်းနှင့် အမတ်ပါမကျန် သတ်ရန်အစီအစဉ်ချသည်။ သို့သော် သစ္စာဆိုသည့်နေ့တွင် မြန်မာဖက်မှ မိုးညှင်းသတိုးမေးသည့် "သွေးသောက်၊ယနေ့ပြုမည့် သစ္စာမှန်မည်လော" ကို "ဟယ် သတိုး..အရူး၊စစ်အတွင်းတွင် ပြုသည့် သစ္စာမှန်မည်လော၊နင့်ကို ငါရလည်း သတ်မည်သာ၊ငါ့ကိုနင်ရလည်း သတ်မည်သာ။" ဟုဖြေသဖြင့် မြန်မာတို့ထပြန်ကာ ပွဲပျက်ပြီး ဘုရင့်အမျက်ရှခြင်းကို ကြီးစွာခံရပြီး သေဒဏ်ချခံရသည်။

သို့သော် ထုံးစံအတိုင်း အမတ်ကြီးနှစ်ပါး အလျှောက်ကောင်းသဖြင့် သေဒဏ်ဆိုင်းငံ့ကာ အင်းဝဘုရင်မင်းခေါင်အား အရလုပ်ကြံပေးလျှင် သေဒဏ်မှ လွတ်မည်ဟုမိန့်သည်။ပထမ အကြိမ် အဖိုးဒနီရဲချောင်းတွင် ညအချိန်လုပ်ကြံရန် ကြိုးပမ်းရာ ဘုရင်မင်းခေါင်ညီဖြစ်သူမင်းသိဒ္ဓတ် မှဖျက်သဖြင့် အကြံမအောင်ချေ။နောက်တစ်ကြိမ် အင်းဝတပ်ချသည့် နေရာသို့ လက်ရွေးစင်တပ်သား ၁၅ ဦးနှင့် တိတ်တဆိတ်ဝင်ရောက် လုပ်ကြံသော်လည်း ဘုရင်မင်းခေါင်တဲနန်းထဲမှ မောင်းမတစ်ဦး အော်ဟစ် သတိပေးသဖြင့် အကြံမအောင်ပြန်။သို့သော် ဘုရင်မင်းခေါင်၏ လက်သုံးပတ္တမြားကျောက်စီဓါး နှင့်ရွှေကွမ်းအစ်ကို သာယူ၍ ပြန်ခဲ့သည်။ နောက်တစ်နေ့ တွင် ဘုရင်မင်းခေါင်ထံ အမတ် သမိန်ဥဒိန် အားသံအဖြစ်စေလွတ်၍ ကျောက်စီဓါးနှင့် ရွှေကွမ်းအစ်ကို ပြန်ဆက်သစေသည်။ ရှင်ဘုရင် စိတ်တွင်အားရလေသဖြင့် သေဒဏ်မှနုတ်ပြီး ဘွဲ့အမည်ကိုလည်း မဟာစောလဂွန်းအိန် ဟုတိုးကာချီးမြှင့်သည်။

အင်းဝမှ မင်းရဲကျော်စွာက ပြည်မြို့အနီးတွင် ရာဇာဓိရာဇ်၏ သားဖြစ်သူ ဗညားပုသိမ်တပ်ကို ၀န်းရံပိတ်ဆို့ထားသဖြင့် ပုညားပုသိမ် တို့ကိုကယ်တင်ရန် ရာဇာဓိရာဇ်ချီတက်ရာ လိုက်ပါရပြန်သည်။ ယခုအကြိမ်မှာ လဂွန်းအိန်အတွက် နောက်ဆုံးစစ်ချီခြင်းပင်ဖြစ်သည်။စစ်မချီစဉ်ကပင် အမတ်ကြီး သမိန်ဗြတ်ဇ ရောဂါဖြင့် ကွယ်လွန်ရသည်။ စစ်ဆိုင်ထားစဉ် တွင်မင်းရဲကျော်စွာက မွန်-မြန်မာ နှစ်ဖက် သူရဲကောင်းနှစ်ဦး ရေတွင်စီးချင်းထိုးသည်ကို ရှုစားရန်သံစေပြီး စိန်ခေါ်သည်ကို လဂွန်းအိန် တိုက်မည်ဟု လျှောက်သည်။အမှန်တွင် လှေတစ်စီးချင်းမဟုတ်ပဲ အင်းဝတို့က ပရိယာရ်ပြုပြီး လှေလေးစီး ဖြင့်တိုက်၍ အင်အားမမျှသည့် လဂွန်းအိန် ရှုံးသည်။ပေါင်တွင်လှံချက်မိကာ ဒဏ်ရာရပြီး ထိုညတွင်ပင်သေလေသည်။မသေမှီ မင်းရဲကျော်စွာက "ထမင်းစားမည်လော" မေးသည်ကို "အရှင်တစ်ပါးတည်း၏ ထမင်းကိုသာ ၀မ်းတွင်းသို့သွင်းပါသည်။အရှင်နှစ်ပါးမရှိတော့၊ရေနှင့် ကွမ်းသာပေးပါ။ "ဟုလျှောက်သည်။ရေနှင့် ကွမ်းကိုရပြီးလျှင် မိမိရာဇာဓိရာဇ်အား မင်းရဲကျော်စွာ ကြောက်ရွှံစေရန် ခြောက်လှန့်စကားဆိုပြီးမှ သေသည်ဟုဆိုသည်။အလောင်းကို အင်းဝတပ်ရှိရာ မြစ်ညှာမှ အောက်ဖက်ဟံသာဝတီတပ်ရှိရာသို့ ငှက်ပျောဖောင်ပေါ်တင်၊အ၀တ်ဖြူပတ်ပြီး မျှောချစေသည်။ရာဇာဓိရာဇ်လည်း ပူဆွေးနှမြောလှသဖြင့် ငိုသည်။နောက် ရှေးသူရဲကောင်း၊အမတ်၊မြို့စားတို့ ထုံးစံအတိုင်း မီးင်္သဂြိုလ် စေကာအရိုးကို ရွှေကျုတ်ဖြင့်ထည့်ပြီး ရွှေမောဓောဘုရားခြေရင်းတွင် မြုပ်နှံခဲ့သည်။

်from myanmar wikipedia

No comments:

Post a Comment