၃၂ ။ ထားဝယ်များအားယူဆကြပုံ
ထားဝယ်စကား မကြားဘူးသူတို့က ထားဝယ်စကားပြောသံကိုရုတ်တရက်ကြားလိုက်လျှင် ရှမ်းစကားလော မွန်စကားလော ရခိုင်စကားလော၊ မြန်မာစာကားသံနှင့်လည်း ဆင်ဆင်တူသည်ဟု နားစိုက်ထောင်သည်။ နားမလည်သောအခါ ထားဝယ်စကားပြောသူအား ဘာလူမျိုးလဲဟု ကိုယ်တိုင် မေးသူကမေးတက်ကြသည်။ တချို့ကမူထားဝယ်စကားသံကို အကြောင်းပြုပြီး မြန်မာစကားကိုဝဲပြီးပြောသော မြန်မာအမျိုးကွဲတမျိုးဟုယူဆကြသည်။ တချို့ကမူ ဒေသချင်းနီးစပ်မူရှိသော မွန် သို့မဟုတ် ယိုးဒယား ရှမ်းအမျိုးကွဲဟုယူဆကြသည်။ အချို့ကမူ ရာဇ၀င် သမိုင်းအရ ပုဂံခေတ် မြန်မာများ လာရောက်လွှမ်းမိုးစဉ်က လာရောက်ဆင်းသက်လာသူများဟု၎င်း၊ တချို့ကလည်း ဓည၀တီအရေးတော်ပုံပါ အာလောတက်ညွန့်လူစုကို အကြောင်းပြုကာ ရခိုင်နွယ်တွေဘဲဟု၎င်း လိုရာဆွဲယူ ပြောကြလေသည်။ (ရခိုင်နွယ်ဘွားမဟုတ်ကြောင်း ရှင်းလင်းချက်ကို ထားဝယ်အတွက် သိမှတ်ဘွယ်များတွင် ဖော်ပြထားပါသည်။)
ယင်းသို့ထင်မြင်ယူဆချက်အမျိုးမျိုး မည်သို့ရှိစေကာမူ အရိုးကိုအရွက်မဖုံး အရင်းစစ်လျှင်လည်း အမြစ်မြေကဆိုး စကားရှိထားချက်အရ လူမျိုးငယ်သည် လူမျိုးကြီး၏ ယဉ်ကျေးမူ လွှမ်းမိုးခံရသည်ဖြစ်စေ အုပ်ချုပ်ခြင်း ခံသွားရသည်ဖြစ်စေ ဇာတိစိတ် နှင့်ပြောဆိုသော စကားမပျောက်နိုင်ကြောင်း ဆင်ယင်ထုံးဖွဲ့မူအခန်း ၌လည်းဖော်ပြခဲ့လေပြီ။ သိုဖြစ်၍ ထားဝယ်များ ပြောဆိုသော စကားကိုဆန်းစစ်သုတေသန ပြုကြည့်ရာ ထားဝယ်စကားသည် မြန်မာစကားနှင့်တူသယောင်ရှိသော်လည်း ဝေါဟာရစကားလုံးတမျိုး စကားသံတမျိုး သီးခြားတဘာသာရှိနေခြင်းက ထားဝယ်တမျိုးသာ ရှိခြင်းကို ထင်ရှားစေပါသည်။ သို့သော် ယခုကာလ ပြောဆိုကြသော ထားဝယ်စကားများသည် တောကျေလက်နှင့်မြို့ အတိမ်အနက် ကွဲလွဲနေသည်သာမက ထားဝယ်စကားများ၌ အတန်အသင့် တိုင်းရင်းသားနှင့် တိုင်းတပါးသားတို့၏ပြောစကားများလည်း ရောပြွမ်းရှိနေကြောင်းကို သိရပေသည်။
၃၃ ။ ခြောက်မျိုးရောနေသော ထားဝယ်စကား
ယခုရောပြွမ်းစွာပြောဆိုနေကြသော ထားဝယ်စကား ဝေါဟာရများကို သုတေသနပြု၍ ကဏ္ဍအစုခွဲကြည့်ရာ ခန့်မှန်းရာခိုင်နှုန်းဖြင့် တွေ့ရှိချက်များကို အောက်တွင်ဖော်ပြပါသည်။
ထားဝယ်စကား ဝေါဟာရတွင် ရောပြွမ်းနေသော စကားစုများ
(၁)ရှေးဟောင်း ပေါရာဏစကားများ ၁၀ရာခိုင်နှုန်း
(၂)ပကတိ မြန်မာစကားများ ။ ၈ ။
(၃)အသံဖလုယ် မြန်မာစကားများ ။ ၁၀ ။
(၄)သီးခြားတဘာသာထားဝယ်စကားများ ။ ၆၅ ။
(၅)တိုင်းရင်းသားနှင့် တိုင်းတပါးသား စကားများ ။၂ ။
(၆)လဆွဲသံတဘာသာ ထားဝယ်စကားများ ။ ၅ ။
မှတ်ချက်။ ။ ထားဝယ်စကားကို ထားဝယ်အသံထွက်အတိုင်းစာလုံးပေါင်းထားပါသည်။
(၁)ရှေးဟောင်း ပေါရာဏစကားစု သာဓကအချို့
(မြန်မာ ) (ထားဝယ်
ကျောင်း ၊ က္လောန်း
မြေ ၊ အန်း
ဇွန်း ၊ ယော့သွား
အင်္ကျီ ၊ အန်းဂီ
ဒီရေ ၊ ဖျားရေ
ကုန်ဆုံး ၊ ပွဲ
(၂)ပကတိမြန်မာ စကားစု သာဓကအချို့
(မြန်မာ) (ထားဝယ်)
မီး ၊ မီး
ရေ ၊ ရေ
လေ ၊ လေ
ရွှေ ၊ ရွေ
ငွေ ၊ ငွေ
ကြေး ၊ ကြေး
ဆား ၊ဆား
ငါး ၊ငါး
ဝါး ၊၀ါး
နွား ၊ နွား
ပန်း ၊ ပန်း
ထီး ၊ ထီး
(၃)အသံဖလုယ် မြန်မာစကားစု သာဓကအချို့
(မြန်မာ) (ထားဝယ်)
ခွေး ၊ ခွီး
မြင်း ၊ ဗြင်း
မြွေ ၊ ဗွီ
အိမ် ၊ အီ
တွင်း ၊ တွမ်း
ကြက် ၊ ကြစ်
သင်္ဘော ၊ သန်းဖော
ခွက် ၊ ခွပ်
မုံ့ ၊ မု
ဥစ္စာ ၊ အောက်စာ
(၄)တိုင်းရင်းသားနှင့်တိုင်းတပါးစကားစု သာဓကအချို့
(မြန်မာ) (မွန်) (ထားဝယ်)
စလောင်းဖုံး ၊ ဟမီး ၊ ကမီး
မီးမွှေးစာတိုင် ၊ ရဲတပေါင်း ၊ မီးတဲပေါန်း
လိမ်ပြော ၊ ပ္လတ် ၊ ပ္လတ်ရှစ်
ဘယ်-ညာ ၊ ဇေ-တော့ ၊ စေ့-တ
(မြန်မာ) (ယိုးဒယား ရှမ်း) (ထားဝယ်)
ဆိတ် ၊ ဖဲ့ ၊ ဘဲ့
ကျွဲ ၊ ကိုင် ၊ ကွဲ
မုံ့တီသုပ် ၊ မုံကလွန်စီ ၊ မုကလွန်းဆီ
မြန်မာ ၊ ရခိုင် ၊ ထားဝယ်
။ ။ ။
ပျဉ်းကတိုး ၊ ခမောင်း ၊ ခမောန်း
မြန်မာ ၊ ကရင် ၊ ထားဝယ်
။ ။ ။
ခေါင်းနှင့်တွန်း ၊ အောင်း ၊ အောန်း
မြန်မာ ပသျှူး ထားဝယ်
။ ။ ။
လုံချည် ၊ စာရောင် ၊ သားလှောန်
မြန်မာ ၊ အင်္ဂလိပ် ၊ ထားဝယ်
။ ။ ။
အလျင်မြန် ၊ အားဂျင်း ၊ အားဂျမ်း
စာအုပ် ၊ ဘု(ခ်) ၊ ဘုပ်အုပ်
(၅)သီးခြားတဘာသာ ထားဝယ်စကားစု သာဓကအချို့
(မြန်မာ) (ထားဝယ်)
ကလေးငယ် ၊ သားငယ်သား
ကလေးငယ်(ကျား) ၊ ဖစုသား
ကလေးငယ်(မ) ၊ မိစုသား
ကောင်းကလေး ၊ ညော့ဝယ်သား
ကောင်မကလေး ၊ တ၀ယ်သား
ခရု ၊ ရှု
ခဏ ၊ နှခါ
ခေါက်မိုးအချုပ် ၊ ကြစ်နန်း
ဂျင် ၊ ဇင်
ဂျင်း ၊ ရှင်း
ကိုယ်တုံးလုံး ၊ ခ္လေးပ္လန်းပ္လန်း
ကျည်ပွေ့ ၊ ကျေမူ
ကန်သင်းရိုး ၊ ကျေးသန်း
ကသစ်ဖု ၊ပ္လေါန်းဘိနို့
ကင်ပလင်သီး ၊ရှင်ပ္လတ်သီး
ကမြင်းကျောထ ၊ အစ်အစ်တွန်
ခဲလုံကျည်တောက် ၊ က္လယ်မော်န်း
စပါးကျည်ငယ် ၊ ဘားကပ်
စကားရန်များ ၊ ငဲ
စပယ်ပန်း ၊ ပလိပန်း
ဆူညံ ၊ စုပ်စစ်
ဆူးပုတ်ရွက် ၊ ဟန်းပုတ်ဝပ်
ဆွေးမြည့် ၊ ဆွီး
ဆုတ်ဖြဲ ၊ ဆွီးပစ်
ဆံပင် ၊ ခေါန်းမွီး
ဇလုံ ၊ ဇယွန်
ဆက်ရက်ငှက် ၊ ထန်းရှစ်သား
ဇွတ်တရွတ် ၊ ဥဇုမဲခ
တွဲလောင်း ၊ ဘောင်းလန်း
တောင်သလဲသီး ၊ဂျယ်ရှင်သီး
တောက်တဲ့ ၊ အော့အဲ့
တံခါးပေါက် ၊ ခွပေါက့်
တအုပ်စု ၊ တ၀ီ
ထောင်ချောက် ၊ လှောန်း
ထင်း ၊ ထန်း
ထမင်း ၊ မှန်း
ဒိန်ညင်းငှက်ကြီး ၊ ရွှေက္လီးပို့ငှပ်
။ ငယ် ၊ ပဇင်းငှပ်
ဒန့်ဒလွန်သီး ၊ ဒန့်ရွှန်သီး
နကယ်ကောင် ၊ ဂျယ်သားခိုး
နှာစေး ၊ ဆောန်းဗျင်းသန့်
ပုခတ် ၊ ဒန်း
ပက်ကျိ ၊ ပအဲ
ပိုက်ဆံ ၊ ဗြန်
ရေထည့်ခွက် ၊ မှောန်းတောန်
ပုရွှက်ဆိပ် ၊ ပိုးနီသား
နရွှဲသီး ၊ စစ်ခရဲသီး
ရောင့်တက် ၊ (အဓိပ္ပယ်နီးစပ်) အန့်ဇားလို
လိပ်ဥ ၊ ပြင်ဥ
လင်းနို့ ၊ လန်းလွတ်
ချေ ၊ ခေ
ချေးထူ ၊ ဂ္လေးထူ
ငရှတ်သီး ၊ ဂျုသီး
ငါးမြွေထိုး ၊ ရင်းစောက့်ငါး
ငှက်ပျောပင် ၊ ဗျောပန်
ငှက်ပျော်ပင်ဟင်း ၊ ဗျင်းညှာဟန်း
စဉ့်အိုးကြီး ၊ ဟဲလော
စပါးလင်ပင် ၊ ဗျစ်ကသွန်ပန်
ပေါက်ဆိန် ၊ ကပ်ပ
ပြတင်းပေါက် ၊ လပ်တံပေါက့်
ပန်းကန်ပြား ၊ စန်
ပန်းကန်လုံး ၊ ဟန်းဇား
ဖျာ ၊ဘော့
ပန်းပေး(ကစားရှုံးသူ) ၊ဘုဗြယ်
မီးဖိုဆောင်နောက်ဆွယ် ၊နောက့်စွပ်
ယာချုံပုပ် ၊ ပူးဆိုး
မွေးစသေကလေး ၊ အိုးခေါန်းလှောန်
မင်္ဂလာဆောင် ၊ အီတပ်
မိတ်လိုက် ၊ ၀ီလိုက်
ဖုတ်တစ္ဆေ ၊ ဖုကသေ
မြရာသီး ၊ ဗျင်းဖတ်သီး
မာလကာသီး ၊ မှောန်းသီး
မီးဖိုချောင် ၊ ဘုထောင့်န်
မြဲမြဲဆုပ်ကိုင် ၊ ဗြိဗြိရှပ်
အလကား ၊ ၀ိန
အပျက်အပျက် ၊ ပြစ်ကောန်
အိပ်ပျော် ၊ မွိ့
အောက်စနှိုင်းဆဲ ၊ ဆီးဇာတိုက်
အလွန်အမင်းရယ် ၊ ခွပ်ခွပ်လန်ရယ်
အလွန်အမင်းစား ၊အိုင်းဂီးရှစ်ပ္လဲစား
အိမ်မြှောင် ၊အီးချောန်သား
အပို(ရေတွက်ရာမပါ)၊ ဂန်ဇား
အမြွာပူးမွး ၊ ဘွာပေါက်
(၆)လဆွဲသံတဘာသာ ထားဝယ်စကားစု သာဓကအချို့
(မြန်မာ) (ထားဝယ်)
ကျိုးပဲ့ ၊ က္လိုး
အရပ်မြင့် ၊ က္လန်
ကျောင်း ၊ က္လောန်း
ကျ(အောက်၊သို့) က္လ
ကျား ၊ က္လား
ကျောက်ခဲ ၊ က္လော့က်ခဲ
မြှောက်ပင့် ၊ မှေ္လာ့က်
မြောက်ဥ ၊ မ္လောက့်ဥ
မြာအနာ ၊ မ္လုပ်
မြေး-မြစ် ၊ မ္လေး-မ္လစ်
မစင် ၊ ခ္လေး
ရှုပ်ထွေး ၊ ဗ္လောန်းဆန်
ပျစ် ၊ ပ္လစ်
အရောင်ကူးပြန့်၊ ပ္လန်
မှတ်ချက် ။ ။အထက်ပါ လဆွဲအက္ခရာ စာလုံးပေါင်းကို ဘတ်လျှင် အသံထွက် နှစ်လုံခွဲမဖြစ်စေဘဲ တလုံးတသံတည်ထွင်အောင် ရွတ်ဆိုရလေသည် .
တောင်းပန်ပါတယ် (အများကြီးမရေးနိုင်လို့ဒီနားမှာပဲနားထားလိုက်တော့မယ် ဆက်လက်ဖေါ်ပြပေးပါ့မယ်)
Tuesday, November 17, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment