Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, November 17, 2009

နဘုလယ်ရှင်းတမ်း

ထားဝယ်မြို့မှ(၁၈)မိုင်အကွာတွင် နဘုလယ်ရွာကြီးတည်ရှိသည်။ရေဖြူမြို့နယ်တွင်ပါဝင်၍ မောင်းမကန်ကမ်းခြေနှင့်တစ်ဆက်တည်းဖြစ်ပါသည်။ ရေဖြူနှင့်ပို၍နီးသဖြင့် ရေဖြူမြို့နယ်တွင် ပါဝင်ခြင်းဖြစ်ပါသည်။ ကားလမ်းလည်းရှိသည်။ ဗြိတိသျှခေတ်က နဘုလယ်တွင် ရဲဌာနနှင့် အချုပ်ခန်းများရှိခဲ့ရာမှ နောက်ပိုင်းတွင်ရေဖြူသို့ပြောင်းရွေ့ထားခဲ့ပါသည်။ နဘုလယ်ဟုခေါ်ခြင်းမှာ ထိုအရပ်တွင် ရှေးရှေးအခါက စက္ကပါလကျွဲမင်းသည် ဘုရားရှင်ကို မြေဇာမြက်ဖြင့် လှည့်လည်ပူဇော် ဖူမြင်ခြင်းကြောင့် "ဖူးလည်(၀ါ)ဖူးလယ်" ခေါ်ရာမှ ယခုနဘုလယ်ဖြစ်လာသည်ဟုဆိုပါသည်။နဘုလယ်နယ်သူ နယ်သားများသည် အလွန်ရိုးသားကြသည်။စကားပြောဆိုရာတွင် ထားဝယ်သံကိုပင် လေးလေးနက်နက်ဆွဲဆွဲငင်ငင် ပြောသဖြင့် ထားဝယ်စကားနှင့် အချို့နေရာများတွင် တစ်မူကွဲပြားနေသည်။ ပို၍ရှေးကျသော ထားဝယ်စကားကို ပြောကြသည်ဟု ယူဆဖွယ်ရှိပါသည်။ နဘုလယ် နယ်သူ၊ နယ်သားများသည် မည်မျှရိုးသနည်းဆိုမူ ရှေးအခါက ကျွဲကိုကြွက်နှင့် ပင်လဲဖူးသည်ဟု ဒဏ္ဍာရီရှိခဲ့သည်။ တိုကြောင့် နဘုလယ် နယ်သူ နယ်သားများကို ကျွဲနှင့်ကြွက် လဲသည့်အလွန်ထိုင်းသူများဟု နှိမ်ပြောကြသည်။ အမှန်မှာ ထိုင်းသူများမဟုတ်ပဲ အလွန် "လည်" သူများဟုဆိုသင့်ပါသည်။
ဒဏ္ဍာရီအရ သာဂရမြို့ကိုစိုးစံသောမင်း၏ ဆင်တော်တစ်စီးသည် အစာရေစာရှာဖွေရင်း နဘုလယ်နယ်ဘက်သို့သွားရောက်ကာ ယာတောများရှိစပါးများကို စားပစ်လိုက်သည်ဟုဆိုပါသည်။ ထိုအခါ နဘုလယ်ရွာသားများသည် မည်သည့်ဆင်မှန်းမသိ၍ မိမိတို့စပါးကို လာရောက်ဖျက်ဆီးရမည်လားဟု ၀ိုင်းဝန်း၍ နှိမ်နှင်းကြရာ လက်လွန်သွားပြီး ဆင်သေသွားသဖြင့် ဆင်အလောင်းကိုဖျောက်ဖျက်ထားလိုက်သည်။
ဘုရင့်ဆင်တော်ပျောက်၍ မင်းချင်းများလိုက်ရှာရာဆင်ခြေရာသည် နဘုလယ်ရွာတွင် ပျောက်နေသဖြင့် ရွာသားများအား စုံစမ်းတော့သည်။ထိုအခါ ရွာသားများသည် ဘုရင့်ဆင်တော်မှန်းသိသသည့်အတွက်အလွန်ကြောက်လန့်ပြီးမင်းဒဏ်ကို ကာကွယ်ရန်အကြံထုတ်ကြသည်။ဆန်ဖွက်သည့်ဆုံနှင့် ဆင်ခြေရာများကို လိုက်ထောင်းထားလိုက်ပြီး ဆုံကိုကြိုးနှင့်ချီထားလိုက်သည်။ မင်းချင်းများလာရောက်သောအခါ ရွာသားများကဆင်ဟူသည်ကိုမသိပါ။
"ဘီး ဘား ဘီး ဘား လေးဘီးဘား
ရွှန်း ရွှန်၊ ရွှန်း ရွှန် နှေ့ရွှန်း ရွှန်
ဖုတ် ဖတ် ဖုတ် ဖတ်၊ နှေ့ဖုတ်ဖတ်
တွဲလဲ တွဲလဲ၊ နှေ့တွဲလဲ
ရွှန်း ရွှန်ကြားက၊ တန်းလန်းသား" ကိုသာတွေ့ရသည်ဟုပြောကြသည်။
မြန်မာပြန်-
"ဆင်ခြေရာဘီးအ၀ိုင်းကဲ့သို့လေးခု
ချွန်ချွန်နှင့်အစွယ်က နှစ်ချောင်း
ဖုတ်ဖတ် ဖုတ်ဖတ် မြည်သော နားရွက်နှစ်ဖက်
တွဲလောင်းနှစ်ခုကျနေသော နှာမောင်းနှင့်အမြီး
အချွန်နှစ်ခုကြားက၊တွဲလောင်းလေး"(အစွယ်နှစ်ခုကြားကကျနေသော နှာမောင်း)
ဤဆုံသည်ရွာများကို ဖျက်ဆီး၍ ကြိုးနှင့်တုတ်ချီထားရကြောင်းပြောကြားလိုက်ရသည်။ မင်းချင်းများကဆုံကိုယူ၍ ဆင်ခြေရာနှင့်တိုင်းကြည့်ရာ တစ်ထပ်တည်းကျနေသဖြင့် စဉ်းစားရခတ်သွားကြသည်။ နေပြည်တော်သို့ပြန်ရောာက်သောအခါ မင်းချင်းတို့ကဘုရင်မင်းမြတ်အား ဆင်ကိုမတွေ့ရကြောင်းသံတော်ဦးတင်၍ တွေ့ခဲ့ရသော အထက်ပါအကြောင်းအရာကိုလျှောက်ထားကြလေသည်။
ဘုရင်က နဘုလယ်ရွာသားများသည် ဆင်မှန်းဆုံမှန်းမသိ ထုံထိုင်းလှသည်။ သင်းတို့တကယ်ထိုင်းမထိုင်းကို သိနိုင်ရန် ကြွက်ကိုယူ၍ သင်းတို့၏ကျွဲများနှင့်လဲလှယ်ကြည့်ပါဟု မင်းချင်းများကို စေခိုင်းလိုက်သည်။ အလဲမခံလျှင် ဆင်ပျောက်သည့်အရေးတွင်အလိမ်ပေါ်မည်။ အလဲခံလျှင် နဘုလယ်သားများသည် အမှန်ပင် ထုံထိုင်းသူများဟု ယုံကြည်ရမည်ဟုဆိုသည်။ မင်းချင်းများသည် ဒုတိယအကြိမ်နဘုလယ်ရွာရောက်သောအခါ ရွာသားများသည် လာရင်းအကြောင်းကိုရိပ်မိ၍ မုန့်ဆန်းများ ထောင်းနေကာ၊ လှော်ပြီးသားမုန့်ဆန်းများကို ရွာသားတစ်ယောက်အား အိမ်တိုင်တစ်တိုင်ကို ရင်ဘတ်နှင့်အပ်ကာ လက်နှစ်ဘက်ယှက်၍ တောင်းယူစေသည်။ မုန့်ဆန်းများအား လက်ဝါးအပြည့်ထည့်ပေးသောအခါတောင်းခံသူသည် ဘက်ယှက်လျှက်တောင်ခံသဖြင့် လက်ပြန်သိမ်းသောအခါ တိုင်ခံနေ၍ ယူမရဖြစ်နေပေသည်။ မင်းချင်းများလည်း အခြင်းအရာကိုကြည့်၍ နဘုလယ်ရွာသားများ အလွန်ထုံထိုင်းကြောင်းမှတ်ချက်ချကြသည်။
မင်းချင်းများသည် ဘုရင်မင်းမြတ်မှာလိုက်ည့်အတိုင်းကျွဲနှင့် ကြွက်ကိုလဲယူရာ မင်းပြစ်မင်းဒဏ်လွတ်စိမ့်သောငှာ ထုံထိုင်းသောအသွင်ဖြင့် အလဲခံကြသည်။မင်းချင်းတို့သည်ဘုရင်မင်းမြတ်အား ပြန်၍ သံတော်ဦးတင်ရာ ဘုရင်မင်းမြတ်ယုံကြည်ပြီး ဆင်ပျောက်ကိစ္စအတွက် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခွင့်ပေးလေသည်။
ထိုအချိန်မှစ၍ နဘုလယ်ရွာသားများကို အလွန်ထိုင်းသော ကြွက်နှင့်ကျွဲလဲသည်ဟု နှိမ်ချပြောဆိုကြခြင်ဖြစ်ပါသည်။ အထက်ပါဒဏ္ဍာရီအရ သော်ထုံထိုင်းသူများမဟုတ်ပဲ တကယ်လည်သည့် နဘုလယ်ရွာသားများဟုဆိုရပါမည်။ ကြွက်နှင့်ကျွဲ အလဲခံရသောရွာသားကလည်း မည်မျှလည်သနည်းဟူမူ၎င်း ကြွက်ကိုကြိုးနှင့်လှန်၍ လယ်ကန်သင်းပေါ်တွင်လွှတ်ထားသည်။ ၎င်းနေရာကို "ကွပ်အ်လွှတ်ကူး"(ကြက်လွှတ်ကုန်း)ဟုခေါ်ခဲ့ရာ ယခုအခါ ကျောက်ဝှက်ကုန်းဟုခေါ်သော ကျေးရွာဖြစ်နေပါပြီ။ ကြွက်ပိုင်ရှင်က "ကွဲခတ်မယ်-ကွဲခတ်မယ်"(ကျွဲခတ်မယ်-ကျွဲခတ်မယ်)ဟု အဓိပ္ပာယ်ရ၏။ လမ်းသွားလမ်းလာများသည် သဘောမပေါက်ကြပေ။ လူတစ်ဦးသည် အမှတ်တမဲ့နှင့် ကြွက်ကိုတက်နင်းလိုက်ရာ ကြွက်သေသွား၏။ ထိုအခါပိုင်ရှင်က ကျွဲနှင့်လဲထားရသည့် ဘုရင့်ကြွက်ဖြစ်၍ ယခုချက်ချင်းလျော်ပေးရမည်ဟု ပြောဆိုရာ ချက်ချင်းကြွက်မရှာနိုင်သဖြင့် ကျွဲတစ်ကောင်လျော်လိုက်ရပေသည်။ ထိုအခါလူလည် နဘုလယ်သားသည် ကျွဲအစားပြန်ရတော့သည်ဆိုပါသည်။

နှစ်(၈၀)ပြည့်အထိမ်းအမှတ် ထားဝယ်အသင်းမဂ္ဂဇင်း မှ ကူးယူဖော်ပြထားပါသည်။ ရေးသူ မောင်သန်းဆွေ(ထားဝယ်)

No comments:

Post a Comment