စိတ်တစ်ခုကို ကောင်းတယ်၊ မကောင်းဘူး သတ်မှတ်တဲ့နေရာမှာ အများအားဖြင့် ကိုယ့်အထင်နဲ့ကိုယ် သက်မှတ် နေကြ တာများပါတယ်။ အထင်ဟာ အထင်မျှသာဖြစ်တဲ့အတွက် စစ်မှန်တဲ့ စိတ်ကောင်းစိတ်မြတ်ကို ဘယ်လို နည်းနဲ့မှ မရနိုင်ပါဘူး။
ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ စိတ်တစ်ခုကို စိတ်ကောင်းလား၊ စိတ်ဆိုးလား ခွဲခြားသိနည်းအစစ်အမှန်ကို လိုချင် ရင်တော့ မြတ်ဗုဒ္ဓရဲ့ တရားဒေသနာတော်တွေကို ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် လေ့လာထားဖို့ လိုအပ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့`တရားဓမ္မမှန်` ရှေ့မှာ စစ်ဆေးကြည့်မှ ကိုယ့်စိတ်ကိုယ် အမှန်အတိုင်း သိနိုင်မှာပါ။
ကိုယ့်စိတ်ကို ကိုယ်က `စိတ်ကောင်း`ထင်နေပေမဲ့ တကယ်တမ်းကျတော့ `စိတ်ဆိုး`ဖြစ်နေတာမျိုး လုံးဝမဖြစ်
စေဖို့အတွက် စိတ်ကိုလှည့်ပတ်တတ်တဲ့ ၀ဉ္ဇနာတရား တွေကို သေသေချာချာ သိထားသင့်ပါတယ်။ ၀ဉ္ဇနာတရား (၃၇) ပါး ကိုအကျဉ်းချုပ်ခေါင်းစဉ်အနေနဲ့လောက်ပဲ ပြောရမယ်ဆိုရင်…
(၁) ချစ်ခင်နှစ်သက်ခြင်း၊ တပ်မက်စွဲလမ်းခြင်း ဆိုတဲ့ `ရာဂ`က မေတ္တာယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါ
တယ်။ သံယောဇဉ်နဲ့ ချစ်တာကို မေတ္တာနဲ့ ချစ်တယ်လို့ ထင်တာမျိုး၊ တဏှာနဲ့ ပွတ်သပ်ပိုက်ထွေးတာကို မေတ္တာနဲ့
ကြင်နာယုယတယ်လို့ ထင်တာမျိုးပေါ့။
(၂) စိတ်ပူခြင်း၊ စိုးရိမ်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်း ဆိုတဲ့ `သောက`က ကရုဏာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်
ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ ဆင်းရဲဒုက္ခရောက်နေတာကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေတာကို သနားတတ်
တယ်၊ စာနာတတ်တယ်လို့ ထင်နေတာမျိုးပေါ့။
(၃) ပျော်ရွှင်မြူးထူးခြင်းဆိုတဲ့ `ပဟာသ`က မုဒိတာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ သူတစ်ပါးရဲ့
အောင်မြင်မှုတစ်ခုခုကို အကြောင်းပြုပြီး အူမြူးခုန်ပေါက်နေတာ၊ ရယ်မောအော်ဟစ်နေတာ၊ ပျော်ပွဲနွဲပြီး ကဲနေတာ၊
အပျော်ကြူးပြီး မူးနေတာကို သူတစ်ပါးရဲ့ အောင်မြင်မှုအတွက် နှစ်သက်ဝမ်းမြောက်တတ်တယ်၊ မုဒိတာပွားတတ်
တယ်လို့ ထင်နေတာမျိုးပေါ့။
(၄) ကုသိုလ်အလုပ် အားထုတ်မှု မပြုတော့ခြင်းဆိုတဲ့ `နိက္ခိတ္တဓုရ`က ဥပေက္ခာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်
တတ်ပါတယ်။ ကုသိုလ်ကိစ္စ ကြောင့်ကြမစိုက်ချင်တော့တာ၊ တာဝန်ယူချင်စိတ်မရှိတော့တာကို `ကံအတိုင်းပဲ၊ မ
တတ်နိုင်ဘူး` လို့ ကံကိုလွှဲချပြီး အပျင်းထူနေတာမျိုးပေါ့။
(၅) စိတ်ပူလောင်ခြင်း၊ စိတ်ဆင်းရဲခြင်း ဆိုတဲ့ `စိတ္တသန္တာပ`က သံဝေဂ ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ် တတ်ပါ
တယ်။ ရတာမလို၊ လိုတာမရလို့၊ အလုပ်အကိုင် အဆင်မပြေလို့၊ စိတ်ညစ်စရာ ပြဿနာတွေနဲ့ ကြုံတွေ့ရလို့
စိတ်ပူလောင်နေတာ၊ လောကကြီးအပေါ် မကျေမနပ် ဖြစ်နေတာကို ဘ၀ကြီးကို ငြီးငွေ့နေပြီ၊ သံသရာကြီးကို
ထိတ်လန့်နေပြီလို့ ထင်နေတာမျိုးပေါ့။
(၆) သူတစ်ပါးအပေါ် မယုံမကြည်ဖြစ်နေခြင်း ဆိုတဲ့ `အသဒ္ဓိယ`က ပညာလို့ခေါ်တဲ့ ၀ီမံသယောင်ဆောင်ပြီး စိတ်ကို
လှည့်ပတ်တတ်ပါတယ်။ ဟိုလူ့မယုံ၊ ဒီလူ့မယုံ၊ ဟိုဟာမယုံ၊ ဒီဟာမယုံနဲ့ နေရာတကာ ယုံမှားသံသယဖြစ်နေတာ၊
သဒ္ဓါတရားခေါင်းပါးနေတာကိုပဲ စူးစမ်းဆင်ခြင်တတ်တယ်၊ ဝေဖန်ပိုင်းခြားတတ်တယ်၊ ၀ိဘဇ္ဇဉာဏ် ရှိတယ်လို့
အသားလွတ် အထင်ကြီးနေတာမျိုးပေါ့။
(၇) ပုဂ္ဂိုလ်ရေး ဝေဖန်ပုတ်ခတ်ခြင်းဆိုတဲ့ `ပုဂ္ဂလဂရဟိတာ`ကမကောင်းမှုကို ကဲ့ရဲ့ခြင်း ဆိုတဲ့`ပါပဂရဟိတာ` ယောင်
ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကောင်းစေချင်လို့ ပြောတာပါ၊ သာသနာ့မျက်နှာ ကြည့်ပြီး သာသနာ
စိတ်နဲ့ ရေးတာပါလို့ အသံကောင်းဟစ်ပေမဲ့ တကယ်တမ်းကျတော့ ဆရာကြီးလုပ်လိုစိတ်၊ မနာလိုစိတ်၊ နာကျည်း
စိတ်တွေနဲ့ အပြစ်မရှိ အပြစ်ရှာပြီး ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာ ထိခိုက်အောင်ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချပုတ်ခတ်
စော်ကားတာမျိုးပေါ့။
(၈) စကားကြမ်း၊ စကားရိုင်း ပြောဆိုခြင်းဆိုတဲ့ `ဖရုသ၀ါစာ`က အပြစ်ကို နှိပ်ကွပ်ပြီး ဆုံးမခြင်းဆိုတဲ့ `နိဂ္ဂယှဝါဒိတာ`
ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ အပြစ်ရှိသူကို နှိမ်ချပြီး ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း
မာမာကြောကြော ပြောဆိုတာကိုပဲ ကောင်းစေချင်လို့ ဆုံးမတာ၊ မခံချင်စိတ်ဖြစ်အောင် နှိုးဆွတာလို့ လှည့်စား တာ
မျိုးပေါ့။
(၉) ဒကာ၊ဒကာမတွေအပေါ် အောက်ကျို့ပြောဆိုခြင်း ဆိုတဲ့ `စာဋုကမျတာ`က ချစ်ဖွယ်စကားပြောဆိုခြင်း ဆိုတဲ့
`ပိယ၀ါဒိတာ`ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ လာဘ်လာဘကို ငဲ့ပြီး ကိုယ့်ကိုကိုယ် နှိမ့်နှိမ့်ချချနဲ့
ခယဆက်ဆံတာကိုပဲ ဒကာ၊ဒကာမတွေအပေါ် စကားပြောချိုသာတယ်၊ သဘောကောင်းတယ်လို့ ထင်နေတာ
မျိုးပေါ့။
(၁၀) မိမိပိုင် ပစ္စည်းဥစ္စာတွေကို သူတပါးနဲ့ ခွဲဝေမသုံးစွဲခြင်းဆိုတဲ့ `အသံဝိဘာဂသီလတာ`က အသက်မွေး စင်ကြယ်ခြင်း
ဆိုတဲ့`အာဇီဝပါရိသုဒ္ဓိ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကိုယ့်ပစ္စည်းသူများမပေးချင်လို့ နှမြော
တွန့်တိုနေတာကိုပဲ သီလမစင်ကြယ်သူကို လှူရင် အဆိပ်ပင်ရေလောင်းရာရောက်မှာစိုးလို့ လို့ အကြောင်းပြတာ
မျိုးပေါ့။
(၁၁) မှားမှားယွင်းယွင်း အသေက်မွေးခြင်းဆိုတဲ့ `မိစ္ဆာဇီဝ`က မိမိပိုင် ပစ္စည်းဥစ္စာတွေကို သူတပါးနဲ့ခွဲဝေ သုံးစွဲခြင်းဆိုတဲ့
`သံဝိဘာဂသီလတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ သီလမစင်ကြယ်သူတွေကို ထောက်ပံ့နေ
တာကိုပဲ အလှူအတန်း ရက်ရောတယ်လို့ သူတပါး ထင်မြင်စေချင်တာမျိုးပေါ့။
(၁၂) တရားနဲ့အညီ မချီးမြှောက်ခြင်းဆိုတဲ့ `အသင်္ဂဟသီလတာ`က ဒကာဒကာမတွေနဲ့ မရောနှောခြင်းဆိုတဲ့
`အသံသဂ္ဂ၀ိဟာရိတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ အခြေအနေပေးပါလျက် စကားမပြောချင်
၊တရားမဟောချင်တာကိုပဲ ၀ိနည်းအထူးလေးစားသလိုလို၊ လူသူပရိသတ်နဲ့ မရောနှောချင်သလိုလို ဟန်ဆောင်တာ
မျိုးပေါ့။
(၁၃) ရဟန်းနဲ့ မသင့်တော်တဲ့ လူပေါင်းပေါင်းခြင်း `အနနုလောမိကဂိဟိသံသဂ္ဂ`က ချီးမြောက်ခြင်း `သင်္ဂဟသီလတာ`
ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ရဟန်းစည်း၊ လှူု့စည်း မထားပဲ လူအချင်းချင်း ပေါင်းသလို ပေါင်း
သင်းဆက်ဆံတာကိုပဲ ဒကာဒကာမတွေကို မေတ္တာနဲ့ ချီးမြှောက်တာလို့ အထင်ရောက်နေတာမျိုးပေါ့။
(၁၄) ကုန်းချောကုန်းတိုက်ခြင်း ဆိုတဲ့ `ပိသုဏ၀ါစတာ`က အမှန်စကားပြောဆိုခြင်းဆိုတဲ့ `သစ္စ၀ါဒိတာ` ယောင်ဆောင်
ပြီးစိတ်ကိုလှည့်ပတ်တတ်ပါတယ်။ `တို့ကမှန်တာပြောတာပဲ ဘာဖြစ်လဲ` ဆိုပြီး ချစ်ခင်နေသူချင်း အချစ်ပြယ် သွား
အောင်၊ ညီညွတ်နေသူချင်း အစည်းပြေသွားအောင် စကားကို ကိုယ်သိတိုင်း လျှောက်ပြောတာမျိုးပေါ့။
(၁၅) သူတပါးအကျိုးမဲ့ကို လိုလားခြင်း ဆိုတဲ့ `အနတ္ထကာမတာ`က ကုန်းစကား မပြောလိုခြင်းဆိုတဲ့`အပိသုဏ၀ါစတာ`
ယောင်ဆာင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အကျိုးစီးပွား ပျက်ပြားရာပျက်ပြားကြောင်း
တခြားတစ်စုံတစ်ယောက်က ကြံစည်ပြောဆို လုပ်ကိုင်နေတာကို သိပါလျက် `ကုန်းတိုက်ရာရောက်မှာ စိုးလို့` လို့
အကြောင်းပြပြီး မပြောပဲ ထားတာမျိုးပေါ့။
(၁၆) ကိုယ့်ဒကာကို သူ့ဒကာဖြစ်သွားမှာ စိုးရိမ်ခြင်းဆိုတဲ့ `ကုလမစ္ဆရိယ`က ကိုယ့်ဒကာကို ညှာတာသနားခြင်း၊ အားနာ
ခြင်းဆိုတဲ့ `ကုလာနုဒယတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၁၇) ကိုယ့်ကျောင်း သူများမလာစေခြင်း၊ ကျောင်းဝန်တိုခြင်း ဆိုတဲ့`အာဝါသမစ္ဆရိယ`က ကျောင်း ရေရှည်တည်တံ့ စေလို
ခြင်း၊ ကျောင်း မပျက်စီးစေလိုခြင်း ဆိုတဲ့ `အာဝါသစိရတရကာမတာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့် ပတ်တတ်
ပါတယ်။
(၁၈) တရားဓမ္မနဲ့ ပက်သက်တာတွေကို ၀န်တိုခြင်း ဆိုတဲ့ `ဓမ္မမစ္ဆရိယ`က တရားဓမ္မနဲ့ ပက်သက်တာတွေကို ထိန်းသိမ်း
စောင့်ရှောက်ခြင်းဆိုတဲ့ `ဓမ္မပဋိဗန္ဓပရိဟရဏတာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၁၉) အကျိုးမဲ့စကားတွေ အချိန်ဖြုန်းပြောဆိုရတာကို ပျော်မွေ့ခြင်းဆိုတဲ့ `ဘဿာရာမတာ`က တရားစကားပြောကြား
နေရတာကို ပျော်မွေ့ခြင်း ဆိုတဲ့ `ဓမ္မဒေသနာဘိရတိ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၀) အပေါင်းအဖေါ်နဲ့ မွေ့လျော်ခြင်း ဆိုတဲ့ `သင်္ဂဏိကာရာမတာ`က တပည့်အပေါင်းကို ချီးမြှောက်ခြင်း ဆိုတဲ့ `ဂဏာ
နုဂ္ဂဟကရဏတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၁) အမှုကိစ္စအမျိုးမျိုးမှာ မွေ့လျော်ခြင်းဆိုတဲ့ `ကမ္မာရာမတာ`က ကုသိုလ်ကောင်းမှုမှာ မွေ့လျော်ခြင်းဆိုတဲ့ `ပုညကမ္မ
တာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၂) ဒေါသနဲ့ ရွံရှာစက်ဆုပ်ခြင်း ဆိုတဲ့ `ဗျာပါဒ`က ဘာဝနာကမ္မဌာန်းနဲ့ ရွံရှာစက်ဆုပ်ခြင်း ဆိုတဲ့ `ပဋိကူလသညတာ`
ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၃) ကာမဂုဏ်အာရုံအပေါ် နှစ်သက်ခြင်းဆိုတဲ့ `ကာမစ္ဆန္ဒ`က ဘာဝနာကမ္မဌာန်းကြောင့် မရွံရှာမစက်ဆုပ်ခြင်း ဆိုတဲ့
`အပ္ပဋိကူလသညတာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၄) အိပ်ချင်ငိုက်မျဉ်းခြင်း၊ ပျင်းရိခြင်း ဆိုတဲ့ `ထိနမိဒ္ဓ`က စိတ်တည်ငြိမ်ခြင်း၊ ဘေးအာရုံတွေ မသိတော့ခြင်း ဆိုတဲ့
`သမာဓိ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၅) စိတ်ပျံ့လွင့်ပြီး ဟိုလုပ်ဒီလုပ် လျှောက်လုပ်ခြင်း ဆိုတဲ့ `ဥဒ္ဓစ္စ`က ကြိုးစားအားထုတ်ခြင်း `၀ီရိယ` ယောင်ဆောင်ပြီး
စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၆) အပ်၊ မအပ် စိတ်ပူပန်ခြင်းဆိုတဲ့ `ကုက္ကုစ္စ`က ၀ိနည်းအထူးလေးစားခြင်း ဆိုတဲ့ `သိက္ခာကာမတာ` ယောင်ဆောင်
ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၇) ယုံမှားသံသယဖြစ်ခြင်းဆိုတဲ့ `၀ီစိကိစ္ဆာ`က ဟိုဘက်ဒီဘက် နှစ်ဘက်မျှအောင် စူးစမ်းဆင်ခြင်ခြင်းဆိုတဲ့ `ဥဘယ
ပက္ခသန္တီရဏတာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၈) အကောင်း အကောင်းမှန်းမသိ၊ အဆိုး အဆိုးမှန်းမသိတဲ့ `သမ္မောဟ`က အကောင်းအဆိုးအားလုံးကို မတုန်မလှုပ်
လျစ်လျူရှုတဲ့ `ဣဌာနိဌသမုပေက္ခနာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၂၉) မယူအဆမှားယွင်းခြင်း ဆိုတဲ့ `မိစ္ဆာဒိဌိ`က စူးစမ်းဆင်ခြင်ခြင်း၊ အကြောင်းဟုတ်မဟုတ် လေ့လာခြင်း ဆိုတဲ့ `၀ီမံ
သာ၊ ဟေတုပရိဂ္ဂဟ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၃၀) သတ္တ၀ါတွေအပေါ် သနားဂရုဏာမရှိခြင်း ဆိုတဲ့ `အဒယာပန္နတာ`က သတ္တ၀ါတွေအပေါ် တပ်မက်မှု ကင်းခြင်း
ဆိုတဲ့ `၀ိရတ္တတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၃၁) ကာမဂုဏ်ချမ်းသာတွေအပေါ် ငြိကပ်စွာ ခံစားခြင်းဆိုတဲ့ `ကာမသုခလ္လိကာနုယောဂ`က ရဟန်းတွေကို ဘုရားရှင်
ခွင့်ပြုတဲ့ပစ္စည်း သုံးဆောင်ခြင်း ဆိုတဲ့ `အနုညာတပဋိသေ၀နာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၃၂) ဆရာသမားတွေရဲ့ အဆုံအမကို တရိုတသေ မခံယူခြင်းဆိုတဲ့ `အပဒက္ခိဏဂ္ဂါတာ`က ကိုယ့်ကိုကိုယ် အကြီးအမှူး
ထားအားကိုးခြင်းဆိုတဲ့ `အတ္တာဓိပတေယျတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၃၃) တရားကျင့်ဖက် သီတင်းသုံးဖေါ်တွေအပေါ် မရိုမသေ မလေးစားခြင်းဆိုတဲ့ `သဗြဟ္မစာရီအဂါရ၀`က တရားတော်
ကို ရိုသေလေးစားခြင်း ဆိုတဲ့ `ဓမ္မာဓိပတေယျ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၃၄) မိမိကိုယ်ကိုရော၊ တရားတော်ကိုပါ ဖျက်စီးခြင်းဆိုတဲ့ `အတ္တဓမ္မပရိဗ္ဘ၀`က လောကကို အလေးအမြတ်ပြုခြင်းဆိုတဲ့
`လောကာဓိပတေယျတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၃၅) မိတ်ဆွေအပေါင်း၊ ဧည့်သည်အပေါင်းနဲ့ ၀မ်းမြောက်ဝမ်းသာ မပြောဆိုနိုင်ခြင်း ဆိုတဲ့ `အသမ္မောဒနသီလတာ`က
နှိုင်းနှိုင်းချိန်ချိန် ပြောဆိုခြင်းဆိုတဲ့ `မိတဘာဏိတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၃၆) လှည့်ပတ်ခြင်း၊ ကောက်ကျစ်ခြင်း ဆိုတဲ့ `မာယာသာဌေယျ`က ၀မ်းမြောက်ဝမ်းသာ ပြောဆိုနိုင်ခြင်း ဆိုတဲ့ `သမ္မော
ဒနသီလတာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
(၃၇) မစူးစမ်း မဆင်ခြင်ခြင်း ဆိုတဲ့ `အပရိက္ခဏတာ`က သဒ္ဓါတရား အားကြီးခြင်းဆိုတဲ့ `သဒ္ဓါလုတာ` ယောင်ဆောင်ပြီး
စိတ်ကို လှည့်ပတ်တတ်ပါတယ်။
စာရေးသူရော၊ စာဖတ်ပရိသတ်ပါ မြတ်ဗုဒ္ဓရဲ့ `တရားဓမ္မမှန်` မှာ ကိုယ့်စိတ်ကိုယ် မလိမ်မညာ အမှန်အတိုင်း
စစ်ဆေးရင်း အရည်အသွေး အမြင့်ဆုံး စိတ်ပိုင်ရှင်တွေ ဖြစ်အောင် ကြိုးစား အားထုတ် သွားကြပါစို့ လို့ လက်တို့
အဖေါ်ညှိရင်း……..။
ထာဝရ အေးချမ်းကြပါစေ။
မေတ္တာဖြင့်……..
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Ref; အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
၏
(ကိုယ့်စိတ်ကိုယ်စစ်) တရားစာအုပ်မှ
ကောက်နုတ်ချက်…..
Monday, November 30, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment