သောတာပန် ဖြစ်ပြီးသော သိကြားမင်းသည် အခါတစ်ပါး၌ ကြီးကျယ်ခန်းနားသော ဥယျာဉ်ပွဲကို ရှုစားဖို့ရန် အခြွေအရံ များစွာဖြင့် ဧရာဝဏ် ဆင်ကိုစီး၍ ထွက်လာ၏။ ဥယျာဉ် တံခါးပေါက်သို့ ရောက်သောအခါ ဘုရားရှင်အား ပြဿနာမေးရန် အကြံပေါ်လာလေ၏။ ထိုပြဿနာကား-
တဏှာကုန်ခန်း နိဗ္ဗာန်သို့ လွတ်လွတ်ကျွတ်ကျွတ် ကြွမြန်းနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ် ပြဿနာတည်း။
ထိုသို့ ပြဿနာ မေးလျှောက်လိုသော စိတ်အကြံသည် ဥယျာဉ်တွင်းဝယ် ပွဲသဘင် အလယ်သို့ ရောက်လျှင် မေ့ပျောက်သွားဖွယ် ရှိသောကြောင့် ယခုပင် သွား၍ မေးလျှောက်မည်ဟု ကြံစည်ကာ ဧရာဝဏ် ဆင်ပေါ်မှ ကွယ်ပျောက်၍ ဘုရားထံ အရောက်လာခဲ့လေသည်။ ဆင်ကြီးလည်း ဥယျာဉ်အပေါက်မှာ ရပ်၍ နေရစ်၏။ နောက်ပါ အခြံအရံများလည်း ဥယျာဉ်ပေါက်မှာ ကျန်ရစ်ကြလေသည်။
ပုဗ္ဗာရုံ ကျောင်းတိုက်၌ သီတင်းသုံးတော် မူခိုက်ဖြစ်သော ဘုရားအထံသို့ ရောက်သောအခါ ဥယျာဉ်ပွဲက နောက်ဆံတင်းလျက် ရှိသောကြောင့်
တဏှာသင်္ခယ - နိဗ္ဗာန်၌ လွတ်လွတ်ကျွတ်ကျွတ် အာရုံပြုနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ်တရားကို ခပ်တိုတို အမိန့်ရှိတော်မူပါ ဟု လျှောက်လေသည်။ ဘုရားရှင်လည်း သူ၏ လျှောက်ထားချက်အရ တိုတိုပင် ဖြေတော်မူသည်မှာ…
သိကြားမင်း ရဟန္တာဖြစ်မည့် ရဟန်းသည် “အလုံးစုံသော တရားကို ငါ၊ ငါ့ဥစ္စာဟု နှလုံးသွင်းခြင်း၊ စွဲလမ်းခြင်းငှာ မထိုက်” ဟု တရားစကားကို ကြားနာရ၏။ ထိုရဟန်းသည် (ခန္ဓာငါးပါး) တရားအားလုံးကို သိအောင် ကြိုးစား၏။ သိသောအခါ အားလုံး ဒုက္ခချည်းပဲဟု သိပြန်၏။ ဒုက္ခချည်းပဲဟု သိပြီးနောက် ဘာမဆို ခံစားရသမျှ ၀ါသနာကို အနိစ္စ စသည်ဖြင့် ရှု၍ရှု၍ နေ၏။ ထိုသို့ ရှုဖန်များသော် ဘာတစ်ခုကိုမျှ မစွဲလမ်းတော့ဘဲ နောက်ဆုံး၌ ရဟန္တာဖြစ်ကာ တဏှာကုန်ခန်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် မြန်းနိုင်လေသည်။ [အချုပ်မျှ မြန်မာပြန်သည်။]
သိကြားမင်းသည် ဤသို့ အကျဉ်းမျှ ဟောပြအပ်သော ပြဿနာ အဖြေကို လွန်စွာ သဘောကျ ၀မ်းမြောက်လှ၍ “သာဓု၊ သာဓု” ဟု အသံပြုလျက် နတ်ပြည်သို့ ပြန်လေသည်။
ထိုသာဓု ခေါ်သံကို ဘုရားကျောင်းတော်၏ ၀ဲဘက်ခန်းဆောင်မှာ သီတင်းသုံးနေသော အရှင်မောဂ္ဂလာန် ကြား၍ “ဒီသိကြားဟာ တရားကိုသိလို့ သာဓုခေါ်တာလား၊ မသိဘဲနဲ့ သာဓုခေါ်တာလား” ဟု စဉ်းစား၍ သိကြားကို စုံစမ်းလိုသောကြောင့် သိကြားနှင့် ရှေ့ဆင့်နောက်ဆင့် လိုက်ကာ တာဝတိံသာသို့ တက်သွားလေသော်…
ဘုရားထံမှ တရားနာ၍ ပြန်သွားသော သောတာပန် သိကြားမင်းလည်း ဥယျာဉ်တွင်း၌ တီးကြ မှုတ်ကြ ကကြ ပြကြသည်ကို နှစ်သက်အားရ ရှုမ၀ ဖြစ်နေစဉ် အရှင်မောဂ္ဂလာန်ကို မြင်၍ (ပွဲကြည့်နေသော ကျောင်းဒကာက ဆရာတော်ကြီး လာသည်ကို မြင်ရသည့်ပမာ) ခပ်ရှက်ရှက် မျက်နှာဖြင့် အရှင်မောဂ္ဂလာန်ကို ခရီးဦး ကြိုလျက် နှုတ်ဆက်စကား လျှောက်ထားရလေ တော့သည်။
ထိုသို့ တွေ့လျှင်တွေ့ချင်းပင် အရှင်မေဂ္ဂလာန်ကပင် သိကြားမင်းကို ပြောသည်မှာ “မြတ်စွာဘုရားက အသင် သိကြားအား တဏှာသင်္ခယ- ၀ိမုတ္တိ အကြောင်းကို ဘယ်လို ဟောလိုက်ပါသလဲ၊ ငါတို့လည်း ထိုတရားကို တစ်ဆင့် နာပါရစေ” ဤသို့ ပြောလျှင် ထိုတရားကို သိကြားမင်း စဉ်းစား၏။ ပေါ်မလာချေ။ အထပ်ထပ် စဉ်းစားသော်လည်း လုံးလုံး သတိမရသဖြင့် နာယူတုန်းက မှတ်မှတ်သားသား နာယူခဲ့သော်လည်း နတ်ပြည်ကိစ္စတွေ များသည့်အတွက် မေ့ရကြောင်းကို အရှက်ပြေ လျှောက်ထားလေသည်။ [မူလပဏ္ဏာသ၊ စူဠတဏှာ သင်္ခယသုတ်မှ ကောက်နုတ်ချက်။]
စဉ်းစားဖွယ်ရာ အဖြာဖြာ
ဤတရားအရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည် တရားမေ့အောင် မှိုင်းတိုက်နိုင်ကြောင်း နားလည်နိုင်ပေပြီ။ မှန်၏။ သိကြားမင်းသည် ပင်ကိုယ်အားဖြင့် သတိကောင်း ဉာဏ်ထက်၍ အလွန် သွက်လက်သူပေတည်း။ ထိုအချိန်မှာ သောတာပန်လည်း ဖြစ်ပြီးလေပြီ။ နာခဲ့ရသော တရားမှာလည်း သူကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏ အဖြေ တရားအကျဉ်းမျှသာ ဖြစ်၏။ ရှင်မောဂ္ဂလာန် မေးချိန်နှင့် ထိုတရား နာယူချိန်မှာ မိနစ်လောက်သာ ဝေးပေလိမ့်ဦးမည်။ သို့ပါလျက် ဥယျာဉ်ပွဲ၏ မှိုင်းတိုက်မှုကြောင့် စဉ်းစား၍ မရနိုင်လောက်အောင်ပင် မေ့ရလေသည်။
ဤ၀တ္ထုကို ထောက်ထား၍ မိမိတို့အတွက် လေးလေးနက်နက် စဉ်းစားသင့်၏။ မိမိကိုယ်ကို “သူတော်ကောင်း ဟုတ်ပါသည်” ဟု ၀န်ခံနိုင်သော သူတော်ကောင်း မှန်လျှင် နောက်ဘ၀အတွက် ဂတိကောင်းဖို့ များပါ၏။ သို့သော် ထိုရောက်ရမည့် ဂတိကား လူနှင့် နတ်ဘ၀သာ ဖြစ်ပါသည်။ ဈာဉ်မရ၍ ဗြဟ္မာ မဖြစ်နိုင်။ ရဟန္တာ မဟုတ်သေး၍ နိဗ္ဗာန် မရနိုင်ပါ။ အထက်နတ် ဖြစ်ခဲ့သော် သိကြားမင်းလို အရိယာ ပုဂ္ဂိုလ်သော်မှ မေ့ရပုံကို ထောက်၍ မိမိတို့အတွက် သိပြီး တရားကလေးများ မေ့ပျောက်သွားမည်ကို မစိုးရိမ်ရပါလော။
တရားမေ့၍ နတ်တို့ ဓလေ့ဖြင့် အပျော်ကြီး ပျော်မွေ့နေစဉ် (ပုထုဇဉ် ဘ၀ဖြင့်) စုတေချိန် ရောက်သောအခါ မိမိစည်းစိမ်ကို တမ်းတ၍ နွမ်းလျအားငယ်စွာ စုတေရပါမူ အပါယ်လေးပါးသို့ တစ်ဆင့်သွားဖို့ အရေး မဝေးတော့ပါ။ တစ်ခါတုန်းက နတ်သမီး ငါးရာတို့သည် ဥယျာဉ်အတွင်းဝယ် ပန်းပင်တက်၍ ပန်းခူးရင်း သီချင်းကြူနေကြစဉ် ရုတ်တရက် စုတေကာ အ၀ီစိသို့ ရောက်သွားကြဖူးပါသည်။
တစ်ဖန် နောက်တစ်ချိန် ရောက်လာမည့် လူ့ဘ၀ကို တွေးလျှင်လည်း စိတ်အေးဖွယ် မရှိလှပါ။ ရှင်းပါဦးမည်။ သူတော်ကောင်း အနေဖြင့် လူ့ဘ၀တန်ဖိုးကို စဉ်းစားလျှင်
၁။ ဘုရားသာသနာနှင့် ကြုံတွေ့ရခြင်း
၂။ အားလုံး မဟုတ်စေကာမူ လူအများစုက လူကောင်း သူကောင်းများ ဖြစ်ကြခြင်း
၃။ ဆရာ မိဘတို့က သူတော်ကောင်းများ ဖြစ်ကြခြင်း
၎။ အလွန်မဆင်းရဲဘဲ အထိုက်အလျောက် ချမ်းသာသော အမျိုး၌ ဖြစ်ရခြင်း
ဤအကြောင်းများ စုံညီမှ လူ့ဘ၀ရကျိုး နပ်လိမ့်မည်။
ဘုရား သာသာနာတော် အရေးကို စဉ်းစားလျှင် ယခုအချိန်မှာပင် ပုဂ္ဂိုလ်ကောင်းကို အတော်ရှာမှ ရနိုင်သော အချိန်ဖြစ်နေပြီ။ လောကီ အာရုံတွေကလည်း သောင်းကျန်း၊ ဂုဏ် ပကာသနနှင့် လာဘ်လာဘ လိုက်စားသူလည်း များ၊ လူဒကာ ဒကာမတို့လည်း သီလ သမာဓိ ပညာရှိထက် ဂုဏ်ရှိသူကို ကိုးကွယ်လိုကြ၊ မိမိတို့ဆရာ ဂုဏ်ရှိအောင်လည်း ဟိုကပ်ဒီကပ်နှင့် ကပ်ကြ၊ လူအချင်းချင်း ဂုဏ်သတင်း လွှင့်ကြနှင့် သာသနာ့ ၀န်ထမ်းများအတွက် ခေါင်က မိုးယိုနေလေပြီ။
သာသနာကို ယခု ကိုးကွယ်နေကြသော (သာသနာ့ ဒါယကာ ဆိုသူတို့၏) သားသမီးများကို သာသနာ့ဝန်ထမ်း ရဟန်းတော်များက သင်ပြပေးမှုသည် တစ်စတစ်စ လက်လွတ်၍ လာခဲ့ရာ ယခုအခါ တစ်ချို့ ဘုန်းကြီးကျောင်း၌ ကျောင်းသားဟူ၍ မရှိတော့ပါ။ ကျောင်းသား မရှိလျှင် ရှင်သာမဏေ (အမြဲနေ) မရှိနိုင်၊ ရှင်သာမဏေ မရှိလျှင် ရှင်သာမဏေ ဘ၀၌ စာသင်၍ စာတတ်သော ရဟန်းလည်း မရှိနိုင်။ သိပ်မကြာသော နောင်အခါဝယ် များစွာသော ကျေးရွာတို့၌ တောထွက် ရဟန်းကြီးတွေသာ ကျောင်းကြီး ကန်ကြီးပေါ်ဝယ် စက်တော်ခေါ်၍ နေရစ်ကြပေလိမ့်မည်။
တစ်ဖန် သာသနာကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ရသော ဒကာ၊ ဒကာမများ ဘက်ကို ဆက်လက် စဉ်းစားပြန်လျှင် ယခုအခါ ကလေးတွေ သင်ယူနေကြသော ပညာသည် လောကီအတွက် တစ်ဘ၀မျှ အကျိုးပေးနိုင်သော ခေတ်မီပညာကား ဟုတ်လောက်စရာ ရှိပါ၏။ သို့သော် ထိုပညာ၌ မဂ်ဖိုလ်နိဗ္ဗာန် ယုံကြည်ဖို့ ဉာဏ်ကို မဆိုထားဘိ၊ ကံနှင့် ကံ၏အကျိုးကိုမျှ နားလည်စေနိုင်သော ပညာပင် ပါရှိပါ၏လော။ ထိုသို့ မပါလျှင် နတ်ပြည်၊ ဗြဟ္မာ့ပြည်ဆိုတာ ယုံကြည်ဦးမှာလော။ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို မယုံလျှင် ငရဲ ပြိတ္တာကို ယုံဦးမည်လော။ ထိုသို့ မယုံသူသည် ရဟန်းသံဃာတို့အား ပစ္စည်းလေးပါး မဆိုထားဘိ၊ ၀မ်းဝရုံမျှ ဆွမ်းပေးဖို့ သတိရပါဦးမည်လော။
ထို့ပြင် ယခုပညာသင်နေသော ကလေးများ ကြီးရင့်သောအခါ ရှေးတုန်းကလို မိဘ အမွေအနှစ်ကို များများစားစား ရကြတော့မည် မဟုတ်။ သူတို့၏ ကျောင်းစရိတ်ကိုပင် များစွာသော မိဘတို့ မနိုင့်တနိုင် ကြိုးစားနေကြရ လေပြီ။ လူတို့ အသုံးအဆောင် အလှအပ ပကာသန တွေကလည်း တစ်စထက်တစ်စ တိုး၍တိုး၍ လာတော့သည်။ ယခု ကလေးများ ကျောင်းမှထွက်၍ အသက်မွေးသောအခါ သူတို့ပညာသည် သူတို့၏ အိမ်သူအိမ်သားများ ၀မ်းဝ၍ ခါးလှရုံကိုပင် အင်မတန် ကြိုးစားနိုင်မှ (သို့မဟုတ် မတရား ရှာနိုင်မှ) တော်ရုံကျပေလိမ့်မည်။ ထိုမျှလောက် အသက်မွေး ခဲယဉ်းချိန်ဝယ် အဘယ်မှာလျှင် သာသနာကို ထောက်ပံ့နိုင်တော့ မည်နည်း။
တစ်နည်း စဉ်းစားပြန်လျှင် သာသနာ့ဝန်ထမ်း ရဟန်းတော်တို့မှာ ကလေးများကို ဘာသာရေး အပါးဝ၍ လောကီ အသက်မွေးဝမ်းကျောင်း အခြေခံရအောင် သင်ပြဖို့ တာဝန်ရှိနေသည်။ အရာရာ ပြုပြင်လျှင် သင်ပြနိုင်မည့် အခြေအနေလည်း လုံလုံလောက်လောက် ရှိ၏။ သို့သော် ယနေ့တိုင်အောင် (အချို့ကျောင်းများမှ တစ်ပါး အများအပြားက) မစဉ်းစားကြ သေးချေ။ ထိုသို့ မစဉ်းစားရုံသာ မက အသွားအလာ အနေအထိုင်မှ စ၍ ခေတ်လူတို့၏ စိတ်ကို ဆွဲငင်နိုင်လောက်အောင် မကြိုးစားကြသဖြင့် ခေတ်ပညာ တတ်သူတို့၏ အထင်သေး အမြင်သေးကိုသာ အများစုက ခံနေရလေသည်။ သို့ဖြစ်လျှင် ထိုခေတ်ပညာတတ် လူအများသည် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို အားပေးလိုကြ လိမ့်မည်လော။ ဤအချက်များကို တွေးပြန်သော် သာသနာ ဆုတ်ယုတ်ဖို့ အရေးသာလျှင် နီးသည်ထက် နီးလာသည်ကို တွေ့ရပါသည်။
နောက်လာမည့် ဘ၀၌ လူအများစုက လူကောင်းသူကောင်း ဖြစ်ဖို့လည်း မလွယ်ကူတော့ချေ။ ထင်ရှားစေအံ့။ လူကောင်း သူကောင်းခေတ်သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ- ဤတရားသုံးပါး ထွန်းကားသော ခေတ်တည်း။ ယခုမျက်မြင်မှာကား တစ်ယောက်အပေါ် တစ်ယောက်က ကောင်းကျိုး လိုလားသော မေတ္တာအစစ် နည်းပါးလှလေပြီ။ မေတ္တာမရှိလျှင် ဆင်းရဲသူကို မြင်၍ သနားသော ကရုဏာနှင့် ချမ်းသာသူကို မြင်၍ ၀မ်းမြောက်သော မုဒိတာလည်း မဖြစ်နိုင်တော့ပါ။ ယခုဖြစ်နေသည်မှာ တစ်ယောက် ကောင်းစားသည်ကို အခြား တစ်ယောက်က မနာလိုသော ဣဿာ၊ မိမိကဲ့သို့ ကြီးပွားမည်ကို စိုးသော မစ္ဆရိယ၊ အထက်တန်း ရောက်နေသောသူက စိတ်ကြီးဝင်သော အထက်တန်းမာန၊ အောက်ကျသော သူကလည်း “ဘာအရေး စိုက်ရမှာလဲ” ဟူသော အောက်တန်း မာနတွေ ဝေဆာလျက် ရှိလေသည်။
ထို့ပြင် လိုချင်ဖွယ် အာရုံ၊ ခံစားဖွယ် ကာမဂုဏ်တွေလည်း တစ်နေ့တခြား တိုးပွားလာရကား (မီးသည် လောင်စာရှိသလောက် လိုက်၍ လောင်သလို) ယခု လူတို့သန္တာန်၌ လောဘကလည်း အာရုံများသလောက် ကြီးမား၍ လာလေသည်။ လောဘအလိုကို မဖြည့်နိုင်သော အခါ သတ်မှု ဖြတ်မှု တိုက်ခိုက်မှု၊ စစ်ဖြစ်မှုတိုင်အောင် ဒေါသတွေလည်း တရှူးရှူး တရှဲရှဲနှင့် တကဲကဲ ဖြစ်၍ နေလေတော့၏။ ဤသို့ အကောင်း တရားတွေ ထွန်းကားနေသော ယခုခေတ်မှာပင် လူကောင်းသူကောင်း ရှားပါးနေရကား နောင်ကာလ၀ယ် အဘယ်မှာ ယခုထက်ပို၍ မဆိုးဝါးဘဲ နေတော့မည်နည်း။
ထိုသို့ လူကောင်းသူကောင်း အလွန်နည်းပါးမည့် နောင်ကာလ၌ မိဘကောင်း၊ ဆရာကောင်းလည်း ရနိုင်တော့မည် မဟုတ်ပါ။ ထိုသို့ အားကိုးစရာ မိဘကောင်း၊ ဆရာကောင်း မရှိဘဲ မတရားလူများ၏ အလယ်မှာ မိမိတစ်ယောက်တည်း လူကောင်းကလေး ဖြစ်ဖို့လည်း မလွယ်ကူပါ။ ထို့ကြောင့် နတ်ပြည်မှာ မှိုင်းတိုက်မည့် အာရုံများ၌ သွားဖို့ ခက်သလို လူ့ပြည်မှာလည်း အကုသိုလ် ထွန်းကားတော့မည့် အတွက် လူပြန်ဖြစ်ဖို့ ခက်လှပါတော့သည်။
ဤနေရာဝယ် မိမိ စဉ်းစားမိသော အကြောင်းတစ်ခုကို ညွှန်ပြပါမည်။ လွန်ခဲ့သော (၁၃၁၉-ခု) ပြာသိုလက ရန်ကုန်သို့ သိမ်သမုတ် ကိစ္စဖြင့် သွား၍ ပြန်မည့်နေ့ဝယ် ဘူတာကြီး၌ အကြောင်းအားလျော်စွာ စောစော ရောက်နေ၏။ မီးရထား တွဲထိုးမည့် နေရာဘက်ကို ကျောပေးလျက် လိုက်ပို့သော ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ စကားပြောနေစဉ် ရထားတွဲထိုးသဖြင့် လူအများ လှုပ်ရှားသံ ကြား၍ စကားဖြတ်ပြီး လှည့်ကြည့်လိုက်ရာ နေ့စဉ် ထုံးစံအတိုင်း အလုအယက် နေရာယူနေကြသော လူအများကို မြင်ရပါသည်။
ထိုအခါ စဉ်းစားမိသည်မှာ ဤလူများ၏ အကြာဆုံး ရထားစီးရမည့် အချိန်မှာ ၂-ရက်နီးနီးနှင့် တစ်ညသာ ဖြစ်၏။ ထိုမျှ အချိန်အတွင်း၌ နေရာကောင်း မရလျှင် ဆင်းရဲမည် စိုး၍ အလုအယက် နေရာယူကြသည်။ တချို့လည်း ငွေပိုပေး၍ သီးခြား နေရာရအောင် ကြိုးစားရသည်။ ထိုမျှမက ရထားပေါ်မှာ စိတ်ချရသော အဖော်ကိုလည်း ရှာကြသေးသည်။ မတော်လို့များ နေရာကောင်း မရပြန်လျှင် အလွန်ပင် စိတ်မကောင်း ဖြစ်၏။ မိမိနေရာ အနီးက လူကိုကြည့်၍ ရိုးသားပုံ မရလျှင် တစ်လမ်းလုံး စိတ်မချကြ။
ဤ ၂-ရက် တစ်ညအချိန်အတွင်း ဆင်းရဲမည့် အရေးကို တွေးကာ ဤမျှလောက် နေရာကောင်း ကြိုးစားသူတို့သည် နောက်ဘ၀ ဟိုနောက်နောက် ဘ၀တို့ အတွက် နိဗ္ဗာန်အထိ နေရာကောင်း၊ အဖော်ကောင်း ရအောင် အဘယ်ကြောင့် မကြိုးစားဘဲ အေးစက်စက် နေကြပါလိမ့် မည်နည်း။ မတော်တဆ ခြေချော်လက်ချော် ဆိုသလို အပါယ်လေးပါး ရောက်သွားရလျှင် တစ်ဘ၀လုံး ဆင်းရဲရုံသာ မက အဆက်ဆက် အကုသိုလ် တိုးပွား၍ အဆက်ဆက် နေရာကောင်း မရဘဲ ရှိနိုင်သည်။ လူ့ဘ၀ ရောက်သော်လည်း လူနုံလူမွဲ လူဆင်းရဲ ဖြစ်၍ တစ်ဘ၀လုံး အောက်ကျ နောက်ကျ ဒုက္ခရောက်နိုင်သည်။ သို့ပါလျက် ရထားစီးဖို့ ခရီးတိုလေး အတွက် ကြိုးစားသလောက်မျှ နောက်ဘ၀၌ နေရာကောင်း ရအောင် မကြိုးစားဘဲ နေကြခြင်းကား ထိုင်းမှိုင်းတွေဝေ၊ အရှည်ကို မြော်တတ်သော အသိဉာဏ်ကင်း၍ ဖျင်းလွန်း ညံ့လွန်းကြလေစွ တကား၊ ဤသို့ စဉ်းစားကာ ဤအကြောင်းကိုပင် လိုက်ပို့သော ဘုန်းတော်ကြီးအား ပြောပြမိခဲ့ ပါသည်။
ပြခဲ့သော စဉ်းစားဖွယ် တို့ကို ဤကျမ်းစာ ရှုသူများလည်း လေးလေးနက်နက် စဉ်းစား၍ လက်လှမ်းမီ တရားထူးကို ရအောင်သော်လည်း ကြိုးစားသင့် ကြ၏။ ရှေးဘ၀က အထုံဝါသနာ ပါခဲ့သည့်အတိုင်း အထက်တန်း ပါရမီကို ဖြည့်ကျင့်နေသူ ဖြစ်လျှင်လည်း အကုသိုလ် နည်းအောင် သတိထား၍ ဒါန၊ သီလ စသော ပါရမီများကို အနှစ် အမြုတေ တည်လျက် မပျက်နိုင်အောင် အလွန် ကြိုးစားသင့်၏။ ထိုသို့ ကြိုးစားလျှင်ကား နတ်ပြည်၌လည်း နတ်သူတော်ကောင်း၊ လူ့ပြည်၌လည်း ထူးခြားသော လူသူတော်ကောင်းများ ဖြစ်၍ (ရှေး အလောင်းတော်တို့ သာသနာပ၌ပင် ပါရမီများစွာ ဖြည့်ကျင့်တော် မူကြသကဲ့သို့) ရင့်သည်ထက် ရင့်အောင် ပါရမီ ဖြည့်ကျင့်နိုင်ကြ ပါလိမ့်သတည်း။
Thursday, November 19, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment