နုပျိုမျစ်တဲ့
အခုလို မျိုးဆက်သစ်တွေနဲ့အတူ
နိုင်ငံချစ်စိတ်အရင်းခံနဲ့
တော်လှန်ရေးမှာ ငါပါဝင်ချင်တယ်။
ဘယ်သူ့ကိုမှ ငါမမုန်း
နှလုံးသားထဲမှာ အချစ်စိတ်နဲ့
အရိပ်လိုမိုးနေတဲ့
စနစ်ဆိုးကို ဖယ်ရှားနေတဲ့နေရာမှာ
လက်တဖ၀ါး လက်တဆုပ်
တတ်သမျှ မှတ်သမျှ အလုပ်လုပ်ပြီး
နိုင်ငံမှာစူးနေတဲ့ ငုတ်ကို
မန်းမှုတ် နုတ်ပစ်ချင်တယ်။
လူငယ်သိန်းသောင်း
ခွပ်ဒေါင်းကျောင်းသားတွေရဲ့
ရိုးမွန်မြတ်တဲ့ သမိုင်းစဉ်ကို
ဖခင်သဖွယ် ငါတွေးရှုးပြီး
ဂုဏ်ပြုချင်တယ်။
ငါလဲ မိခင်မြန်မာနိုင်ငံမှာ မွေးဖွား
အမိရဲ့ကျေးဇူးကို စားခဲ့တဲ့
သားတယောက်ပဲ မဟုတ်လား။
အမိရဲ့ရင်မှာ စူးနေတဲ့ဆူးကို
တူးဖော်နှုတ်ပစ်ဖို့
စင်စစ် တို့မှာတာဝန်ရှိပါတယ်။
တာဝန်သိ ကျေးဇူးသိတဲ့နိုင်ငံသား
ယောက်ျားကောင်းပီသအောင်
ငါ့ဘ၀ကို ဖန်တီးချင်ပါတယ်။
ရဲဘော်တို့…..
ငါ့အပေါ် အပြစ်မြင်ရင်လဲ
တင်သမျှအပြစ် ခွင့်လွှတ်ကြပါ။
ကျရာတာဝန် ကျေပွန်စွာထမ်းဆောင်ဖို့
နှင်းတောင်ကို ငါတက်ခဲ့ပြီ။
နှင်းတောင်ပေါ်က ငါတို့အသံဟာ
အောင်လံအဖြစ် ပြောင်းသွားမယ်ဆိုရင်
ယောင်္ကျား…ဘသား
တို့ခွန်အား တို့ယုံကြည်လို့
တို့တိုင်းပြည် ကျေးဇူးဆပ်
အမှတ်တရ ဖြစ်ရပေတော့မယ်။
တင်မိုး
၂၀၊ နိုဝင်ဘာ၊ ၁၉၉၉
စနေနံနက်ခင်း
ရောင်နီတွေနဲ့ ဒို့အတူ
4 months ago
No comments:
Post a Comment