Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, November 19, 2009

ကိုကျော်သူ(သရုပ်ဆောင်) ရဲ့...FEELING Post လေးပါ...





ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရမည်ဟူ၍ ဟောကြားခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။
ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရားပေါ်၌သာ တည်လေသည်ဟူ၍ မြတ်စွာဘုရားရှင်၏ ဒေသနာတော်များရှိခဲ့သည်။
သို့သော် . . . . .''ဟာ ... မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်းရတာလဲ'' ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ''စသည် ... စသည် စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီးများထဲမှ အားယူကာ တီးတိုး ပြန်လည် ပြောပြ၍ ကျွန်တော် သိလိုက်ရခြင်းပင်။
ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ်ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင် ကောင်းမှုများကို ထုတ်နှုတ် ရှင်းပြ ပါမည်။
ဆရာတော်ကြီးသည် ဤယဿ သတို့သား အရဟတ္တဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အတွက် ဟောကြား ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာ သုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်း မှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုး ပေးမည်၊ မကောင်းတာ လုပ် မကောင်းမှုများ အကျိုး ရမည် ဟူ၍ ဟောကြား ခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင် ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည် လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာ တော်များရှိခဲ့သည်။
သို့သော် လူအများစုသည် နာရေး ကိစ္စများတွင် အယူသီး ကြသည်။ နာရေး ကိစ္စကြောင့် စီးပွား ပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံး တတ်တယ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်စေတယ် ... စသည် ... စသည်ဖြင့် ဘိုးဘေး ဘီဘင် လက်ထက်ကတည်းက အယူ သီးမှုများ၊ အရိုး စွဲမှုများ၊ အမှား စွဲများ ရှင်သန်လာခဲ့သည်။
ယနေ့ခေတ် လူ တော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန် စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘ (သို့မဟုတ်) အ မင်္ဂလာများသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံး ရေမချိုးဘဲနှင့် ရက်ပေါင်း (နှစ်ဆယ်) ခန့် နေကြည့်သော် မိမိတို့ ခန္ဓာမှ အပုပ်နံ့များ တထောင်းထောင်း ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘ ချည်းပင် ဖြစ်တော့သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။
မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစ ကာလတွင် လိုချင်တပ်မက်မှုကြောင့် ဖြစ်ပေါ်သောရောဂါ၊ ဆာလောင်မွတ်သိပ်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှု ရောဂါ ဟူ၍ သုံးမျိုး သာရှိခဲ့သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ်လာရတော့သည်။
မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ 'ခိုက်သည်' ဟူ၍ မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ (ဥပမာ - ကြက်၊ ဝက်၊ ပုရစ်...) ကို ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာ အညောင်းရောဂါသည် သည် ကြက်သားစားကြည့်၊ သွေးတိုးရောဂါရှိလျှင် ဝက်သာ စားကြည့်၊ ပုရစ်စား ကြည့်လျှင် သေသည် အထိ ခိုက်မည် ဖြစ်သည်။ ဦးနှောက်သွေးကြော ပြတ်၍ သေသည် အထိ ခိုက်မည်ဖြစ်သည်။ ဤတွင် မြတ်စွာဘုရား၏ အယူနှင့် လူအတော် များများ၏ အယူတို့သည် ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
ဆုံးပါးသွားတဲ့ လူမသာကို အိမ်ထဲ မသွင်းကောင်းဘူး၊ အိမ်ရှေ့က မဖြတ်ရဘူး၊ အိမ်ပေါက်ဝက မထုတ်ရဘူး ဟူ၍ အယူသီးမှုများနှင့် ရှုပ်ထွေး နေတော့သည်။ ရွာ အပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊ အရပ် အပြင်ဘက်တွင် သေလျှင် အရပ် ထဲ မသွင်း ကောင်းဘူး။ သွင်းလျှင် ရွာ နာတယ်၊ အရပ် နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ် ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး အားလုံး နီးပါး အယူသီးမှုက စိုးမိုး လွှမ်းခြုံမှုကို ခံနေရသည်။
ဤသို့ဆိုလျှင် မနက်တိုင်း မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကို ကြည့်လိုက် စေချင်သည်။ ခြင်းတောင်းလေးနှင့် ဈေးဝယ် ပြီး ပြန်လာ သည့်အခါတွင် ခြေထောက်လေး နှစ်ချောင်းကို ဈေးခြင်းတောင်း အတွင်းမှ အပေါ်ပေါ်အောင် ဟင်းသီးဟင်းရွက်များကို အောက်မှ ခုကာ ပြန်လာပုံကို တွေ့ကြရမည်ဖြစ်သည်။ ဤ ခြေထောက်ကား ကြက်၊ ဝက် စသည့် တိရစ္ဆာန်၏ ခြေထောက်ပင်။ ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန် မသာပေါင်းစုံတို့ကို မိမိတို့အိမ်တွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ သွင်းကြသည်။ အဆုံးစွန်ဆုံး မြွေ မသာ လည်းသွင်း၊ ပုရစ်မသာ လည်းသွင်း၊ ဖား မသာလည်း သွင်းကြတော့သည်။
'လူမသာတော့ မသွင်းဘူးတဲ့' လူသေလျှင် အိမ် နောက်ဘေး သယ်သွား၊ ပြီးရင် တံစက်မြိတ် ရေ လက်ပြန် ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစား ဝတ်ပေး၊ သနပ်ခါး လိမ်း၊ ဆံပင် ထုံးပေး၊ နှုတ်ခမ်းနီ၊ ပါးနီ ဆိုးပေး၊ နှင်းဆီပန်း ပန်ပေးနှင့် စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြ နေကြ တော့သည်။ အလောင်း လှအောင် လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်း ကဆံပင်ကို ဖြတ်ပြီး ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေး ကြည့်တော့သူ့ကို အိမ်မှာ နှစ်ညတောင် သိပ်ထားရဦးမှာတဲ့။ သေတာတောင် အချုပ်အနှောင် ခံရတဲ့ ဘဝ၊ အမှန်စင်စစ် တရားလေး တွေ့ပြီး ပြုံးပြုံးလေးသေမှ အလောင်းလှမည်ဖြစ်သည်။
ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန် မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲ သယ်၊ ရေဆေး၊ ဓားသွေး၊ ခုတ်ထစ် ပိုင်းဖြတ်၍ ချက်ပြုတ်၊ စားပွဲပေါ် တင်ကာ မိသားစု ဝိုင်းဖွဲ့ပြီး စားသောက်ကြသည် မဟုတ်ပါလား၊ အရိုးကိုပင် နူးနေအောင်လုပ်ပြီး စားကြသည်။ ပါးစက်ထဲ ညက်ညက် ကြေအောင်ဝါး၊ မျိုချ၊ ဝမ်းဗိုက်ထဲသို့ ရောက်သွားတော့သည်။ ဤနေရာတွင် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သင်္ချိုင်းပင်၊ လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ်စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန်မသာကျတော့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံမှုတို့သည် အဆိုးဝါးဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။
တစ်ဖန် လူသေ ပါးစပ်ထဲသို့ ငွေတစ်မတ် ထည့်ခြင်းသည် ''ကူးတို့ခ'' ဟု ဆိုကြပြန်သည်။ လူသေ အသက်မရှိသော ခန္ဓာသည် ငွေတစ်မတ်နှင့် မည်သည့် ကားကို စီး၍ ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှ ငွေတစ်မတ်ကို နှိုက်ယူ ပြန်သည်။ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေး မော်တော်ယာဉ်လည်း ရောက်ရော ခြေက မထုတ်ရဘူး၊ ခေါင်းက မထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံနဲ့ မထိရဘူး၊ လှေကားက မဆင်းရဘူးနှင့် ''ဘူး'' များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ ကနဖျင်း ဖျက်ခြင်းများ ပြုလုပ်တော့သည်။
ရေအိုးခွဲ လိုက်ခြင်းသည် သေသူအား အိမ်သို့ ပြန်မလာ နိုင်အောင် အိုးစား ခွဲခြင်းဟု ဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့ တင်သောအခါ ခေါ်မသွားရဘူး၊ ပစ်သွား ပြီလား ဟူ၍ ငိုကြ ယိုကြ နှင့်ပင်၊ အယူအစွဲ၊ အယူသီးမှုတို့နှင့် ဆန့်ကျင်ဘက် လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှ အစ အကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အင်္ကျီ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကို ဘုန်းကြီးကျောင်းသို့ ပို့ခြင်းသည် အိမ်မှာ ခိုက်မှာ စိုး၍ ဖြစ်သည်ဟု ယူဆကြသည်။ ကန့်လန့်ကာ (ခန်းဆီး)ချုပ်၍ ဦး/ဒေါ်... ဘယ်သူ၏ ကောင်းမှုဟု စာတမ်းထိုးကာ ဘုန်းကြီးကျောင်း မျက်နှာစာအောက်မှာ ကုသိုလ်ရအောင်ဆွဲပေး၊ ချိတ်ပေးရန် တောင်းဆို လျှောက်ထားကြသည်။
အိမ်တွင် ခိုက်မှာ စိုး၍ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဘုန်ကြီးကျောင်းများ၊ ဘုန်းကြီးများ ကျတော့ ခိုက်ချင် ခိုက်ပါ စေဟူသော သဘောများ လားဟု စဉ်းစားမိပြန်သည်။ ဤကဲ့သို့ ခိုက်မှာကို ကြောက်ကြလျှင် သေဆုံးသွားသူ၏ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ဘယ်များ ရောက်ကုန်ပြီလဲ၊ ဘုန်းကြီးကျောင်းသို့ ခိုက်မှာစိုးလို့ဟူ၍ ပေးပို့လှူဒါန်းခြင်းကို မမြင်မိချေ။
ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေးမော်တော်ယာဉ်ကို 'ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က ထွက်' ဆိုတဲ့ စကားမျိုး ရပ်ကွက်တိုင်း လိုလိုတွင် အစဉ်ကြားရမြဲ၊ အဘယ်ကြောင့်ဆို ဒီဘက်အခြမ်းက သေသူတွေ များနေလို့ဗျာ၊ ကဲ .. အဲဒါဆိုရင်တော့ ဒီတစ်ခါ ဟိုဘက်က လူတွေ သေစေလိုတဲ့ သဘောလားဗျာ၊ အကယ်၍ များ ဒီဘက်ကလည်း အထွက်မခံ၊ ဟိုဘက်ကလည်း အထွက် မခံခဲ့လျှင် မည်ကဲ့သို့ သင်္ဂြိုလ်မည်နည် ဟု စဉ်းစားစေချင်သည်။
ဤသို့သော အစွဲအလမ်း၊ အယူသီးမှုတို့ကြောင့် ရှေးယခင်ကတည်းက မြန်မာလူမျိုးများတွင် 'နာရေး ကူညီမှုအသင်း' ဟူ၍ မရှိခဲ့ခြင်းပင်။ အမှန်မှာ ဈာပန ပြချသည့် အလုပ်သည် အမှန်တကယ် မြင့်မြတ်သော အလုပ်ပင် ဖြစ်သည်။ အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်သည် မြင့်မြတ်သော ဖြူစင်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ပင် ဖြစ်တော့သည်။ ဆင်းရဲ ဒုက္ခရောက်နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။ သူတစ်ပါး၏ ဒုက္ခကို ကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင် ဖြစ်တော့သည်။
ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်... ဟူ၍ အယူသီး ကြသည်။ သုဘရာဇာဟူ၍ ခေါ်ကြသည်။ မေးချင်၊ ခေါ်ချင်၊ ဆေးဖော် ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ တရားသဘောနှင့် ဝေးစွာ အယူ သီးကြခြင်းပင် ဖြစ်တော့သည်။ မြန်မာလူမျိုးများသည် လူအယောက် ၁ဝဝ တွင် ၉ဝ ခန့်ရှိသည်။ ဥပမာ - အလောင်း တစ်လောင်းအတွက် ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင် အလောင်း ၂ဝ တွက် ငွေတစ်သိန်း ကုန်မည်။ တစ်နှင်လျှင် ၃၆၅ သိန်း ကုန်ရမည် ဖြစ်သည်။ ဤသို့ တစ်နှစ်လျှင် အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ် လုပ်ငန်းများ မရှိနိုင်၊ မည်သည့် ကုမ္ပဏီလုပ်ငန်းမှ ဤသို့ မမြတ်နိုင်။

သို့သော် ကျွန်တော်တို့သည် ဤသို့ မြေမြှုပ်ခ၊ မီးသင်္ဂြိုလ်ခ များယူ၍ ဘဝကို ရပ်တည်ကြသော သူများမဟုတ်၊ မိမိ ဝမ်း တစ်ဝမ်း မိမိရှာဖွေစားသောက်ရင်းနှင့် စေတနာ့ ဝန်ထမ်း အခမဲ့ ကုသိုလ် ယူနေ ကြသူများပင် ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ-ချမ်းသာမရွေး ခုနှစ်ရက် သားသမီးတို့၏ နာရေး ကိစ္စ အဝဝကို အခမဲ့ ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့ပင် ဖြစ်သည်။ ဤကဲ့သို့ အခမဲ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အခမဲ့ ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်း လုပ်ငန်းများတွင် အယူသီးမှုများ၊ အစွဲ မှားမှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများသည် အတားအဆီး၊ အနှောင့်အယှက်၊ အဟန့်အတားများ ပင် ဖြစ်တော့သည်။
ထို့ကြောင့် 'လူ့ဘုံ ထုထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန် ပိတ်သည်း၊ ခရီးခဲ၌၊ စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲ စိတ် မွေးလျက်၊ ရဲသွေး နီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့သို့ဆက်လော'့ ဟူသော မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အမရပူရ)၏ သြဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနှောင့်အယှက်၊ အတား အဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ဖြူစင် သန့်ရှင်း ထက်မြတ်သော တရား ဓမ္မတည်းဟူသည့် ဓားဖြင့် ခုတ် တန်ခုန်၊ လှီး တန်လှီး၊ ဖြတ် တန်ဖြတ်၍ ခုနှစ်ရက်သားသမီးတို့၏ နာရေး (လူမှုရေး) တို့ကို ရိုးမြေကျသည် အထိ ရဲစိတ်၊ ရဲမာန်မွေးကာ ပန်းတိုင် ရောက်သည် အထိ ရှေ့ဆက် လျှောက်လှမ်းတော့မည်ဟု သံဓိဋ္ဌာန် ချမှတ်လိုက်သည်။
(ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်။)
အားလုံးကို လေးစားဦးညွတ်လျက်
ကျော်သူ ( Actor )

ပြည်သူကို ပေးဆပ်ဖို့ ကျနော် ဆုံးဖြတ်ထားပါတယ် -----နာရေးကူညီမှုအသင်းမှ အသင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့်ဆက်သွယ်မေးမြန်းချက်။ ၁၇ နိုဝင်ဘာ ၂၀၀၉ NJ

ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ကျနော့်မှာ ပြည်သူကိုပြန်ပေး ဆပ်ရမယ့် တာဝန်ရှိတယ်။ ပြည်သူကိုပေးဆပ်ရမယ့် တာဝန်အရရော၊ ကျနော်ရဲ့ စေတနာရော၊ ကျနော်ရဲ့ အရင်ဘ၀က ဘာလုပ်ခဲ့လို့လည်း တော့ မသိဘူး၊ အခုအချိန်အထိ ခပ်ရိုင်းရိုင်းပြောရရင် အရင်တုန်းကတော့ ရုပ်ရှင်မင်းသားပေါ့၊ အခုဟာကတော့ မသာမင်းသားဖြစ်နေတာ..-------
၂၀၀၁ ဇန်န၀ါရီ (၁) ရက်တွင် ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ (ကွယ်လွန်) နာယကအဖြစ် စတင်ဦးစီးတည်ထောင်ခဲ့သော နာရေးကူညီမှုအသင်းမှ အသင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့်ဆက်သွယ်မေးမြန်းချက်။
မေး။ ။ ကိုကျော်သူအနေနဲ့ နာရေးကူညီမှုအသင်း လုပ်ကိုင်လာခဲ့တဲ့ (၉) နှစ်တာကာ လ အတွင်းမှာ အသင်းအနေနဲ့လုပ်ချင်ပြီး အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်သေးတဲ့ လုပ်ငန်းတွေ ရှိပါသလား။
ဖြေ။ ။ အသင်းအနေနဲ့ကတော့ ကျနော်တို့လုပ်ချင်တဲ့ အတိုင်းအတာတွေတော့ ရှိပါတယ်။ တချို့ဟာတွေက စည်ပင်က ခွင့်ပြုချက်မရတာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ ဒီထက်ပိုပြီး ပြည်သူလူထုအားလုံးကို အဆင်ပြေအောင် လုပ်ပေးချင်တယ်။ လုပ်ပေးချင်တဲ့ဆန္ဒတွေရှိတယ်။ ဒါပေမယ့် တချို့ဟာတွေတော့ ခွင့်ပြုဖို့ ငြိစွန်းနေလို့ ခွင့်မပြုတာတွေ ရှိတယ်။
မေး။ ။ မြောက်ဒဂုံကို ပြောင်းရွှေ့ခဲ့ရတဲ့ ကိုကျော်သူတို့ နာရေးကူညီမှုအသင်း ခြံဝင်းရှေ့မှာ (၅) ပေအကျယ်၊ (၅) ပေအနက် ရေမြောင်းမတူးလို့ အသင်းအဆောက်အဦကို ခွင့်ပြုချက်မရဘဲ သုံးတယ်ဆိုပြီး မြောက်ဒဂုံစည်ပင်က တရားစွဲဆိုမယ်ဆိုတဲ့ကိစ္စရော အခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လောလောဆယ်တော့ အဆောက်အဦ အသုံးပြုခွင့် သူတို့ချပေးလိုက်ပြီ။ မြောင်းကတော့ (၂) ပေတော့ ဖောက်ပေးရတာပေါ့လေ။ အမှုကိစ္စကတော့ သူတို့ တရားစွဲလို့မရဘူးလေ။ ကျနော်မသွားတဲ့အတွက် အမှုကို ဖွင့်ကို မဖွင့်လိုက်ရတာ၊ အမှုဖွင့်ခွင့်မရသွားဘူး။
မေး။ ။ ဒီလိုကိစ္စမျိုးတွေ ဖြစ်တာ နာရေးကူညီမှုအသင်းတခုတည်းပဲဖြစ်တာပါလား၊ ဘာကြောင့်လို့ထင်ပါသလဲ။ တခြားလူမှုရေးအသင်းအဖွဲ့တွေရော ဒီလိုပြဿနာမျိုးတွေ ရှိပါသလား။
ဖြေ။ ။ တခြားအသင်းအဖွဲ့တွေတော့ ကျနော်မသိဘူး။ ကျနော့်အသင်းနဲ့ပတ်သက်တာပဲ လုပ်နေတယ်ဆိုတော့။ တခြားအသင်းတွေတော့ ဘာတွေဖြစ်နေလဲမသိဘူး။ ဒါပေမယ့် တချို့အဖွဲ့လေးတွေကတော့ ကျနော့်ဆီဖုန်းဆက်ပြီးတော့ ကျေးဇူးတင်ပါတယ်ပေါ့။ ကိုကျော်သူ အခုလိုအင်တာဗျူးတွေ လုပ်တဲ့အတွက် သူတို့လည်း တော်တော်အဆင်ပြေသွားတယ်လို့ ပြောတယ်။ အဓိကကတော့ ကျနော်တို့နာရေးကူညီမှုအသင်းကို ဖိအားပေးတယ်။ ကျနော်သိသလောက်ပေါ့လေ။ နောက် ဒီအသင်း ဦးဆောင်နေတာလည်း ကျနော်ဖြစ်နေတာကိုး။ အဓိကဦးဆောင်နေတဲ့ ကျနော်ရယ်၊ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ရယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်ရယ်ပေါ့၊ ဒီသုံးယောက်စလုံးက သံဃာ့ကိစ္စတုန်းက သံဃာတော်တွေကို ဆွမ်းကပ်တာတို့၊ ဆေးကပ်တာတို့ အအေးအချိုရည်ကပ်တာတို့ လုပ်ခဲ့တော့ ကျနော်တို့ကို မဲတယ်ထင်တာပဲ။
မေး။ ။ ဒါဆို အသင်းအနေနဲ့ တခြားဖြေရှင်းရတဲ့ အခက်အခဲ ပြဿနာတွေကော ရှိပါသလား။
ဖြေ။ ။ အသင်းစထူထောင်ကတည်းက စတာဆိုရင်တော့ အခေါင်းကိစ္စပေါ့၊ ကျနော်တို့က မှန်ခေါင်းသုံးတယ်။ မှန်ခေါင်းသုံးတယ်ဆိုတာက အောက်ကကတ်ပေါ်မှာ အလောင်းကိုတင်ပြီးတော့ မီးသင်္ဂြိုဟ်စက်ရောက်တော့မှ ကတ်နဲ့အလောင်းကိုပဲ မီးရှို့လိုက်တယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ကာယကံရှင်တွေလည်း သက်သာတယ်၊ ပြီးတော့ သစ်ဖြုန်းတီးရာလည်း မရောက်ဘူး။ သစ်ခြွေတာရာလည်းရောက်တယ်ပေါ့။ အဲဒါကို ပထမပိုင်းက တော်တော်လေး ကန့်ကွက်ခံရတယ်။ အခေါင်းရောင်းသမားတွေက အခေါင်းတွေ ရောင်းခွင့်မရလို့၊ ရောင်းအားကျလို့ဆိုပြီးတော့ အမျိုးမျိုး ပြဿနာလုပ်တာပေါ့လေ။ လူမြင်ကွင်းကြီးမှာ မကောင်းဘူး၊ မှန်ခေါင်းကြီးနဲ့သယ်တာတို့ ဘာတို့ပေါ့၊ အဲဒါမျိုးတွေ အမျိုးမျိုးအပြောခံရတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဖြေရှင်းခဲ့ရတာပေါ့လေ။ နောက် အသေးအမွှားတွေကတော့ အများကြီးပဲ၊ ပြောလို့ကုန်မှာမဟုတ်ဘူး။
အခေါင်းကိစ္စကတော့ ဒီအတိုင်း ခန်းမထဲမှာထားရင်လည်း သူတို့ဒီအတိုင်း ဇာခြင်ထောင်ကြီးအုပ်ထားပြီးမှ အခေါင်းထဲထည့်သယ်တာပဲ။ ကျနော်တို့က မှန်ခေါင်းထဲမှာ ကြည့်ကောင်းအောင်ထားတယ်။ ပိုပြီးတော့တောင် သားနားအောင် ကျနော်တို့က ထားတယ်။ သယ်တဲ့အခါကျမှ ကတ္တီပါအစအနီရောင်ကို ဖုံးပြီးတော့ ကျနော်တို့က မီးသင်္ဂြိုဟ်စက်ထဲကို သယ်သွားတယ်၊ အဲဒါပိုပြီးတော့တောင် ခမ်းခမ်းနားနားဖြစ်သေးတယ်။ အခု သူတို့ ဘာမှပြောလို့မရတော့ဘူး။ အခုလည်း ဒီအတိုင်းပဲ လုပ်ပါတယ်။
မေး။ ။ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တယောက်ဖြစ်တဲ့ ကိုကျော်သူအနေနဲ့ ဒီနာရေးကူညီမှုလုပ်ငန်းတွေနဲ့ ကိုယ့်ရဲ့အနုပညာ လဲလိုက်ရသလိုဖြစ်နေတော့ နာရေးကူညီမှုအသင်းနဲ့ အနုပညာအလုပ် ဘယ်ဟာကို ကိုကျော်သူ ရွေးချယ်လုပ်ကိုင်သွားမလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ကျနော်ကတော့ ရုပ်ရှင်အလုပ်ကို မလုပ်တော့ဘူး။ ကျနော်ဆုံးဖြတ်ထားတာ။ ရုပ်ရှင်ရိုက်ခွင့်ပြုရင်တောင်မှ ကျနော်က သမိုင်းအစစ်အမှန်တို့၊ biography တို့ အဲလိုရိုက်တဲ့ဟာမျိုးပဲ ကျနော်က ရိုက်တော့မယ်။ သမိုင်းအစစ်အမှန်ကိစ္စတွေပဲ ကျနော်ရိုက်မယ်။
နာရေးကူညီမှုအသင်းကလည်း ဘဘဦးသုခက အဓိကပေါ့။ ဘဘဦးသုခက နာရေးကူညီမှုအသင်းလုပ်မယ်ဆိုတော့ အဲဒီအချိန်မှာ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ကလည်း သူ့အဒေါ်က မန္တလေး ဗြမ္မာဆိုအသင်းမှာ အဖွဲ့ဝင်ပေါ့လေ။ ရွှေဇီးကွက်ကလည်း လုပ်ချင်တယ်။ ဘဘလုပ်မယ်ဆိုတာနဲ့ ကျနော်တို့ သွားငွေလှူပြီးတော့ စပြီးလုပ်ဖြစ်သွားတာပါ။ အဲလိုလုပ်ဖြစ်ရင်းနဲ့ ဘဘကလည်း မကြာမကြာ ဆုံးမတယ်။ ကျော်သူတဲ့၊ မင်းလိုအနုပညာသမားတယောက်လုပ်မှ လူမှုရေးကိစ္စက အောင်မြင်တာတဲ့၊ မင်းလုပ်မှဖြစ်မယ်တဲ့၊ မင်းပြည်သူကို ပြန်အလုပ်အကျွေးပြုရမယ်ဆိုတာနဲ့ အခုအချိန်အထိ ပြည်သူကို အဲဒါနဲ့ ပြန်ပေးဆပ်နေတာပါ။
မေး။ ။ အခု လုပ်နေတဲ့ နာရေးကူညီမှုအသင်း လုပ်ငန်းအပေါ် ဘယ်လိုသဘောထားပါသလဲ။
ဖြေ။ ။ ဒီလုပ်ငန်းဟာ အင်မတန် မွန်မြတ်တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ ဒါက ဒီ့ပြင် လူမှုရေးလုပ်ငန်းနဲ့မတူဘူး။ သူက တကယ့်ကို လူတွေရဲ့အပူမီးကို ကျနော်တို့က ငြိမ်းပေးရတာ။ သေဆုံးသွားတဲ့အိမ်ရောက်ပြီဆိုရင် ကျနော်တို့ကို တွေ့ပြီဆိုရင် သူတို့ကြေကွဲတာတွေ တော်တော်လျှော့သွားတယ်။ နောက် ကျနော်တို့ကိုယ်တိုင် ဖေးဖေးမမနဲ့ အလောင်းကိုသယ်၊ သင်္ဂြိုဟ်ပေးဆိုတော့ သူတို့လည်း တော်တော်လေးကို စိတ်ကျေနပ်မှုရှိတယ်။ ဒါဟာ ကိုယ့်အတွက်လည်း ကုသိုလ်အရမ်းရတယ်၊ အဖိုးမဖြတ်နိုင်တဲ့ ပီတိရတာပေါ့လေ။
မေး။ ။ အသင်းအနေနဲ့ ရည်မှန်းချက် ပြည့်ဝအောင်မြင်တယ်လို့ ဆိုနိုင်ပါသလား။
ဖြေ။ ။ အခြေအနေကတော့ လိုပါသေးတယ်။ ကျနော်တို့ လုပ်ချင်တဲ့အတိုင်းအတာတွေ အများကြီးရှိပါသေးတယ်။ နာရေးတခုတင် မဟုတ်ဘူး။ ကျနော်တို့က ဆေးကုသမှု ဖြစ်တဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းဆိုတာပါ ဖွင့်ထားတာကိုး။ ကျန်းမာရေးချို့တဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အလကားအခမဲ့ တရက်ကို အယောက် (၂၀၀) လောက် ကျနော်တို့ ကုပေးနေရတယ်။ အဲဒီဘက်အပိုင်းမှာ ကျနော်တို့က လုပ်ပေးရဖို့တာဝန်ရှိတယ်။ ဒါကတော့ ဘယ်အစိုးရပဲတက်တက်၊ ဘယ်အစိုးရပဲ အုပ်ချုပ် အုပ်ချုပ် ကျနော်တို့ကတော့ ဒီနာရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စကို အဓိကထားပြီး ပေးဆပ်သွားမယ်ဆိုတာ ဆုံးဖြတ်ထားပါတယ်။
မေး။ ။ သုခဆေးခန်းအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဆေးခန်းကလည်း အခု လူနာများတယ်။ အရင်သင်္ကန်းကျွန်းတုန်းကဆိုရင် နည်းတယ်။ အခု လူနာလည်း များလာပြီးတော့ volunteer ဆရာဝန်တွေဆိုလည်း အယောက် (၄၀) ကျော်လောက်ရှိလာတယ်။ ဒီဆရာဝန်တွေရဲ့ ကျေးဇူးကြောင့်လည်း အခုလိုဆေးခန်းဖွင့်နိုင်တာပေါ့လေ။ အလှူရှင်တွေရဲ့ အလှူငွေနဲ့ ဒီဆရာဝန်တွေရဲ့ အခမဲ့ကုသပေးမှုအတွက် ကျနော်တို့ကလည်း တဆင့်ပြန်ပြီး ပြည်သူကို ထောက်ပံ့ပေးနေတာပေါ့။
မေး။ ။ အဓိက ဘယ်လိုရောဂါမျိုးတွေကို လက်ခံကုသပေးနေပါသလဲ။
ဖြေ။ ။ အဓိကအနေနဲ့ ဒီမှာ မျက်စိကုပေးတယ်၊ မျက်စိတိမ်ခွဲတာမျိုးပေါ့။ မျက်စိခွဲပေးတယ်၊ အရေပြားကြည့်ပေးတယ်၊ အရိုး အကြော ကြည့်တယ်၊ သားဖွားနဲ့ မီးယပ်ရှိတယ်၊ ကလေး အထူးကုရှိတယ်၊ နောက်အထွေထွေပေါ့။ ultrasound စက်ရှိတယ်၊ နောက် ဓာတ်မှန်စက်အတွက် အဆောက်အဦဆောက်ခွင့် ထပ်လျှောက်ထားတယ်။ ဆောက်ခွင့်ရရင် ဓာတ်မှန်စက်ထည့်မယ်။ အခုလောလောဆယ်တော့ ဓာတ်မှန်ရိုက်မယ်ဆိုရင် ကျနော်တို့က နီးစပ်ရာဆေးခန်းနဲ့ ဆေးရုံတို့မှာပဲ လူနာက သူ့ဖာသာ သွားရိုက်ပြီးတော့ အဲဒီက ဖြတ်ပိုင်းနဲ့ ဓာတ်မှန်ပြားပြရင် ကျနော်တို့က ငွေရှင်းပေးလိုက်တယ်။ အခု ကိုယ်ပိုင်ဓာတ်မှန်တော့ လုပ်ဖို့ရှိတယ်။ နောက် သွားဆေးခန်းပါ ဖွင့်ထားပါတယ်။
မေး။ ။ အသင်းကို ဘယ်လိုရပ်တည် လည်ပတ်နေတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ကျနော်တို့ရဲ့ အန်ဂျီအိုအဖွဲ့ကတော့ ကမ္ဘာပေါ်မှာတောင် ရှိမယ်မထင်ဘူး။ proposal တင်ပြီးတော့ ရပ်တည်တဲ့အသင်း မဟုတ်ပါဘူး။ ကျနော်တို့က တကယ့်မြန်မာပြည်သူပြည်သားတွေ၊ နိုင်ငံခြားရောက် မြန်မာလူမျိုးတွေ၊ တချို့နိုင်ငံခြားသားတွေက ကျနော်တို့ရဲ့လုပ်ရပ်ကို သဘောကျပြီးလာလှူတယ်။ လှူတဲ့ရန်ပုံငွေ အလှူငွေကို ကျနော်တို့က စနစ်တကျဘဏ်မှာထားပြီးတော့ စနစ်တကျသုံးစွဲတယ်။ အဲဒီ အလှူငွေနဲ့ ကျနော်တို့က ရပ်တည်နေတာပါ။ နာရေးကူညီမှုအသင်းက ၂၀၀၁ ခုနှစ် စကတည်းက အခုအချိန်အထိ ပိုက်ဆံတပြားတချပ်မှ မယူဘဲနဲ့ ကျနော်တို့ လုပ်ခဲ့ရတာ။ အခု နာရေးကိစ္စ လုပ်နေတာလည်း အသင်းက ကိုယ့်ကားနဲ့ ကိုယ့်ဓာတ်ဆီနဲ့ကိုယ် သွားတယ်။ ထမင်းစားလည်း ကိုယ့်စရိတ်နဲ့ကိုယ် စားကြတာ။ ကျနော်တို့က လခစားလည်း မဟုတ်ဘူး။
မေး။ ။ နာရေးကူညီမှုအသင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ရော လုပ်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ ကျနော်တို့အသင်းကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဆိုပြီး တသင်းပဲရှိပါတယ်။ ကျနော်အနေနဲ့ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျနော်လိုက်ဖွင့်ပေးတဲ့ မြို့တွေ ရွာတွေအားလုံးဆိုရင် (၅၀) ကျော်လောက်ပြီ။ ကျနော်အသက်ထက်တောင် များသွားပြီ။ ဒါပေမယ့် အဲဒီမြို့တွေက အသင်းတွေက ကျနော်တို့ရဲ့ လက်အောက်ခံလည်းမဟုတ်ဘူး၊ သူတို့ဘာသာသူတို့ ကျနော်တို့ကို အားကျပြီး ဖွင့်တာပေါ့လေ။ သူတို့မြို့တွေ၊ ရွာတွေမှာဖွင့်တယ်ဆိုရင် သူတို့မြို့သူမြို့သားတွေက အယူသီးတာတွေများတယ်။ ဗမာပြည်သူလူထုက အယူသီးတာ ပပျောက်ဖို့အတွက် ကျနော့်ကိုခေါ်တယ်၊ မင်းသားကိုယ်တိုင်လာပြီးတော့ အလောင်းထမ်းပေးတယ်၊ သင်္ဂြိုဟ်ပေးတယ်၊ သူတို့ရှေ့မှာလုပ်ပြတယ်။ ညဘက်ဆို ကျနော်တို့က အယူသီးတာပပျောက်ဖို့အတွက် ဟောပြောပွဲမျိုး လုပ်ပေးတယ်။ အဲလိုလုပ်ပေးတော့ သူတို့လည်းကျေနပ်သွားတယ်။ အဲလိုမျိုး ကျနော်လိုက်ဖွင့်ပေးရတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းကျ ကျနော်ခရီးသွားရတာ မလွတ်လပ်တော့ဘူး။ ဒါကြောင့် ကျနော့်ကို ဖိတ်တဲ့မြို့တွေ ကျနော်မသွားနိုင်တော့ဘူး။ ပြီးခဲ့တဲ့ (၃) နှစ် လောက်အထိတော့ ကျနော်တောက်လျှောက်လိုက်ဖွင့်ပေးထားတယ်။
မေး။ ။ ပြည်သူတွေကို အမှတ်တရစကား ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်ကတော့ အခုအချိန်မှာ အသက် (၅၀) ဖြစ်ပြီ။ ရုပ်ရှင်ရိုက်ခဲ့တာဆိုလည်း (၂၅) နှစ်လောက် ရှိသွားပြီ။ အဲဒီအတွင်း ပြည်သူတွေ ကျနော်ကိုအားပေးတဲ့ငွေနဲ့ ကျနော်မိသားစုရပ်တည်ဖို့အတွက် ကျနော်လုပ်ခဲ့ပြီးပြီ။ ကျနော့်မှာ ပြည်သူကိုပြန်ပေးဆပ်ရမယ့် တာဝန်ရှိတယ်။ ပြည်သူကိုပေးဆပ်ရမယ့် တာဝန်အရရော၊ ကျနော်ရဲ့စေတနာရော၊ ကျနော်ရဲ့ အရင်ဘ၀က ဘာလုပ်ခဲ့လို့လည်းတော့ မသိဘူး၊ အခုအချိန်အထိ ခပ်ရိုင်းရိုင်းပြောရရင် အရင်တုန်းကတော့ ရုပ်ရှင်မင်းသားပေါ့၊ အခုဟာကတော့ မသာမင်းသားဖြစ်နေတာပေါ့လေ။ အဲဒီလိုပဲ ဒီဟာနဲ့ပဲ ပြည်သူကိုပေးဆပ်ဖို့ ကျနော်ဆုံးဖြတ်ထားပါတယ်။

Tags: (, ), actor, ကျော်သူ

မျှဝေရန်

No comments:

Post a Comment