Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, November 19, 2009

နယ်စပ်လမ်းက ဝမ်းတထွာ ၄ ခိုင်မာကျော်ဇော နိုဝင်ဘာ ၁၄၊ ၂၀၀၉




မြဝတီ-မဲဆောက် သောင်းရင်းမြစ်ကမ်းတလျှောက်မှာ မြန်မာနဲ့ထိုင်း အလွယ်တကူ ဝင်ထွက်သွားလာလို့ရတဲ့ ဂိတ် ပေါင်းများစွာရှိပါတယ်။ အဲဒီဂိတ်တွေကနေ (၂)နှစ်နိုင်ငံ ပြည်သူတွေ ခိုးဝင်ခိုးထွက်လုပ်ကြသလို နှစ်နိုင်ငံကုန်ပစ္စည်းတွေ ခိုးတင် ခိုးချလုပ်ကြတာမို့ အဲဒီဂိတ်တွေကို ဒေသခံပြည်သူတွေက ခိုးပေါက်တွေ၊ ခိုးဂိတ်တွေလို ခေါ်ကြပါတယ်။
အဲဒီခိုးဂိတ်တွေကို ကြီးကြပ်နေကြတာက လက်နက်ကိုင်အဖွဲ့တွေပါ။ သောင်းရင်းမြစ်ကမ်းတလျှောက်မှာ ဘုရားကုန်း ဂိတ်၊ သစ်စက် ဂိတ်၊ ဒီကေဘီအေ ဂိတ်၊ ငြိမ်းချမ်းရေး ဂိတ်၊ ဝေါလေ ဂိတ်၊ (၁၁) ဂိတ်၊ (၁၂) ဂိတ်၊ (၁၃) ဂိတ်ကနေ အမှတ်စဉ် လိုက် ဂိတ်ပေါင်း ၂ဝ ကျော်ရှိပြီး အဲဒီဂိတ်တွေကို ကြီးကြပ်ပြီးအခွန်ကောက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း အမျိုးမျိုးရှိ ပါတယ်။
အစိုးရအခွန်ရှောင်ချင်တဲ့ ထိုင်းကုန်သည်တွေ၊ မြန်မာကုန်သည်တွေ။ တရားမဝင်တဲ့ ကုန်ပစ္စည်းတွေ အထုတ်အသွင်း လုပ်ကြသူတွေကတော့ သူတို့ပစ္စည်းတွေကို ခိုးဂိတ်တွေကနေ အတင်အချ လုပ်ကြပါတယ်။ ကုန်ပစ္စည်းတွေကို အတင်အချ လုပ်ပေးရသူတွေကတော့ မြန်မာအလုပ်သမားတွေပါ။ သူတို့ကတော့ လက်နက်ကိုင်အဖွဲ့တွေ၊ ဂိတ်မှူးတွေ၊ ကုန်သည်တွေကို နေလို လလိုကြည့်ပြီး ဝမ်းကြောင်းနေကြရတာပါ။
အပေါ်ယံကြည့်ရင် သူတို့အလုပ်ဟာ ခွန်အားဗလကို အရင်းပြုလုပ်ရတဲ့အလုပ်ပါ။ တကယ်တမ်းကြတော့ နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြားမှာ အသက်ကိုရင်းပြီး သူတို့ လုပ်ကိုင်စားသောက် နေရတာပါ။ သူတို့ အလုပ်က အနေအထိုင်တတ်ဖို့၊ နှုတ်လုံဖို့၊ ဂိတ်မှူးတွေ၊ ကုန်သည်တွေရဲ့ ယုံကြည်မှုရှိဖို့လိုအပ်တဲ့အပြင် မျက်စိနဲ့ နားကိုလည်း ရှင်ရှင် ထားဖို့လိုပါတယ်။ လမ်းကြောင်းရှင်းတယ်။ မရှင်းဘူးတယ်ဆိုတဲ့ အသံကိုလည်း သူတို့ အမြဲနားစွင့်ရပါတယ်။
ဂိတ်မှူးတွေဆီက လမ်းကြောင်းရှင်းတယ်ဆိုတဲ့ အသံကြားတာနဲ့ ကုန်သည်တွေရဲ့ ခွင့်ပြုချက်နဲ့ ကားကြီးကားငယ် အသွယ်သွယ်ပေါ်က ကုန်ပစ္စည်းတွေကို တဖက်ကမ်းကိုကူးမယ့် စက်လှေတွေပေါ် အလျှင်အမြန်အတင်အချ သူတို့ လုပ်ရပါ တယ်။
မြန်မာနိုင်ငံဘက်ကမ်းကနေ သူတို့အများဆုံး အတင်အချလုပ်ရတာက ကျွန်း၊ ပျဉ်းကတိုး သစ်မာသားတွေနဲ့လုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်၊ ဘီဒို၊ မှန်တင်ခုံနဲ့ အိမ်အလှဆင်ပစ္စည်းတွေပါ။ ငပိ၊ ငါးခြောက်၊ ငရုပ်၊ ကြက်သွန်၊ ကွမ်းသီးစတဲ့ စားကုန်ပစ္စည်းတွေကိုလည်း ရာသီအလိုက် သူတို့ အတင်အချ လုပ်ရပါတယ်။

တခါတခါမှာ ရန်ကုန်နဲ့ မန္တလေးဘက်ကဆင်းလာတဲ့ ရွှေခြည်ထိုး၊ ငွေခြည်ထိုးနဲ့ ယွန်းထည်ပစ္စည်းတွေ၊ ဘုရာဆင်းတုတော်တွေ၊ ကြေးစည်၊ ခေါင်းလောင်း၊ ရှေးဟောင်းပစ္စည်းအမျိုးမျိုးနဲ့ ပန်းချီကားအမျိုးမျိုးပါ။
ညဘက်တွေမှာတော့ အမျိုးအမည်မသိတဲ့ အထုပ်အပိုးတွေကို သူတို့ ထမ်းပိုးတင်ချရပါတယ်။
အချိန်မတော် အတင်အချလုပ်ရတဲ့ အထုတ်အပိုးတွေကိုတော့ စိတ်ကြွဆေးထုတ်တွေလို့ သူတို့က ထင်ကြေးပေး ကြပါတယ်။
ထိုင်းဘက်ကနေ မြန်မာဘက်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေကတော့ အမျိုးအမည်စုံပါတယ်။
ဘိလပ်မြေ၊ သွပ်၊ သံ၊ သံဇကာနဲ့ အိမ်ဆောက်ပစ္စည်းတွေ၊ စားအုန်းဆီ၊ အချိုမှုန့်၊ အချိုရည်ဗူးမျိုးစုံ၊ ဆေးဝါးမျိုးစုံနဲ့ အလှကုန်ပစ္စည်းမျိုးစုံ။ ထီး၊ ဖိနပ်နဲ့ အထည်အလိပ်အမျိုးမျိုး။ စာရေးကိရိယာနဲ့ ကလေးကစားစရာပစ္စည်းတွေပါ။

ထိုင်းဘက်ကမ်းကနေ မြန်မာဘက်ကမ်းကို ညအချိန်မတော် အမြဲလိုလို ခိုးသွင်းနေတာကတော့ နံပါတ်ပြားဖြုတ် ထားတဲ့ ကားဟောင်းတွေနဲ့ ဆိုင်ကယ်တွေဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
သူတို့အလုပ်က အခြေအနေ၊ အလုပ်ချိန်အခါနဲ့ လူပုဂိုလ်တွေပေါ်မူတည်ပြီး အပြောင်းအလွဲရှိသလို သူတို့ရဲ့ လုပ် အားခဝင်ငွေကလည်း ကုန်သည်တွေ၊ သူတို့ အတင်အချလုပ်ရတဲ့ ပစ္စည်းတွေ တရားဝင်မှု၊ မဝင်မှုပေါ် မူတည်ပြီး အနည်း အများရှိပါတယ်။
“ကျနော်တို့အလုပ်က နေ့တိုင်း၊ ညတိုင်း ရှိတာမဟုတ်ဘူး။ ဒါကြောင့် တနေ့ ဘယ်လောက်ဝင်သလဲဆိုတာ ပြောဖို့ ခက်တယ်။ ကုန်ရှိရင်ရှိသလို တနေ့ကို ဘတ် ၁၅ဝ၊ ၂ဝဝ ရတဲ့ အခါရှိသလို တပြားမှမရတဲ့ နေ့တွေလည်းရှိတယ်။ ပင်ပန်းပြီး ငွေရနည်းတဲ့ နေ့တွေရှိသလို သိပ်မပင်ပန်းပဲ ဘတ် ၁ဝဝ၊ ၁ဝဝကျော် ရတဲ့ နေ့တွေလည်းရှိတယ်”
လို့ အလုပ်သမားတဦးက ပြောပါတယ်။
သူတို့အပြောအရ ဒီအလုပ်ကို အိမ်ထောင်ဦး ယောက်ျားတဦး မသောက်မစားပဲ ပုံမှန်လုပ်ရင် ၄-၅ ဦးရှိတဲ့ မိသားစု တစု ဖူလုံပါတယ်။ တချိန်ထဲမှာပဲ ဒီအလုပ်ကို လုပ်ကြတဲ့ အလုပ်သမားအများစုဟာ အသောက်အစားနဲ့ မကင်းကြသလို မူးယစ်ဆေးဝါးနဲ့လည်း မကင်းကြတာများပါတယ်။
“ဒီအလုပ်က နင်လားငါလား တင်ရချရရင် အရမ်းပင်ပမ်းတာ။ ပင်ပမ်းတော့ အသောက်အစားရှိတယ်။ တချို့က စိတ်ကြွဆေးတွေ သုံးကြတယ်။ ဆေးသုံးလို့ပိုပြီး ထမ်းနိုင်ပိုးနိုင်တာရှိသလို မြင်ရာတွေ့ရာတွေ လျှောက်ပြောလို့ နှုတ်ပိတ်ခံ လိုက်ရတာတွေလည်းရှိတယ်။ လုံးပါးပါးပြီး ဘဝဆုံးသွားသူတွေလည်း ရှိတယ်”
လို့ အလုပ်သမားကြီးတဦးက ပြောပါတယ်။
သူတို့ပတ်ဝန်းကျင်မှာ စိတ်ကြွဆေးက အလွယ်တကူရနိုင်သလို အသတ်ခံရတာတွေ၊ သေတာတွေကလည်း သူ တို့ရဲ့ နေ့စဉ်ဘဝတွေနဲ့ ရင်းနှီးနေသလို ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ တချို့က ငွေလေးနည်းနည်းပါးပါးစုမိရင် ရွာကိုပဲပြန်တော့မယ်လို့ စိတ်ကူးထားကြသလို တချို့ကတော့ လက်ဖျားငွေရွင်တာနဲ့ သောက်လိုက်စားလိုက် ပျော်လိုက်ပါး လိုက်နဲ့ ဘဝခရီး ဆက်နေကြပါတယ်။

Tags:

မျှဝေရန်

No comments:

Post a Comment