Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 13, 2009

လူ့တန်ဖိုး

လူတစ်ယောက်၏တန်ဖိုးကို မည်သည့်စံဖြင့် တိုင်းတာမည်နည်းဟူသော မေးခွန်း၏ အဖြေကို အတွေးအခေါ် ပညာရှင်တို့ အဖုံဖုံအလီလီ ရှာဖွေကြည့်ခဲ့ကြသည်. . . ဦးစွာပထမ "တန်ဖိုး" ဟူသော စကားရပ်၏ အနက်ကိုဖွင့်ကြရာတွင် အသုံးချတန်ဖိုး ဟူသည်ကို တွေ့ရှိကြသည်. . နေရာဌာန၊ ကိစ္စတစ်ရပ်ရပ်တွင် အသုံးကျခြင်း၊ အသုံးမကျခြင်း အပေါ်၌မူတည်၍ တန်ဖိုးရှိခြင်းမရှိခြင်းကို ဆုံးဖြတ်ကြသည်. . .
ဥပမာတစ်ခု ထုတ်နုတ်ရလျှင် ရွှေ၊ငွေ၊ ကျောက်သံပတ္တမြား တို့သည် ယင်းတို့အား ပိုင်ဆိုင်မှု၊ ၀တ်ဆင်နိုင်မှုအပေါ်တွင် မူတည်၍ နေရာရွေးပြီး တန်ဖိုးရှိသည်. . "နေရာရွေးပြီး" ဆိုရာ၌ ကျောက်မျက်ရတနာများ ၀တ်ဆင်နိုင်ခြင်းကို အထင်ကြီးအားကျတတ်သော လူ့အသိုင်းအ၀ိုင်း၌ ထိုသို့ဝတ်ဆင်နိုင်သူသည်. . . လူရာဝင်သော တန်ဖိုးရှိသည်. . .
သို့ရာတွင် ညဏ်ပညာ အမြော်အမြင် ကြီးမားသူများကိုသာ တန်ဖိုးထားတတ်သော ပညာတတ်အသိုင်းအ၀ိုင်း၌မူ ရွေတွေ စိန်တွေသီးနေအောင် ၀တ်ဆင်လာသူဖြစ်စေကာမူ အထင်ကြီးလေးစားခြင်းခံရဖို့ ဝေးစွ . . . ထိုသို့ဝတ်ဆင်ဗန်းပြလာခြင်းသည်ပင် ရိုင်းပြရာကျနေတတ်ပေသည်. . .
အလားတူပင် ကျမ်းအစောင်စောင်ကို ထုံးလိုချေ ရေလိုနှောက်၍ ပညာဗဟုသုတအရာ၌ မတစ်လုံးကျေဟု ဆိုနိုင်လောက်သော ပုဂ္ဂိုလ်တစ်ဦးသည် ရွေရှိမှာ ငွေရှိမှ လူရာဝင်သည်ဟု သတ်မှတ်သော စီးပွားရေး သမားများ အလယ်သို့ ရောက်သွားပြန်လျှင်လည်း သူ့အား အဖက်လုပ်ဖို့ပင် ၀န်လေးကြပေလိမ့်မည်. . .
လုပ်ပိုင်ခွင့် အာဏာရှိသော အရာရှိကြီးတစ်ဦးသည် ရာထူးလက်ကိုင် ရှိနေချိန်၌ တန်ဖိုးရှိနေပေသည်. . သူ၏ရာထူးကို အကြောင်းပြု၍ အကျိုးဖြစ်ထွန်းနေကြသူများက သူ့အား တလေးတစား တန်ဖိုးထားပြီး ဆက်ဆံကြပေလိမ့်မည်. . . သို့ရာတွင် အကြောင်းကြောင်းကြောင့် ရာထူးလက်ကိုင်မရှိလျှင်တော့ သူ၏တန်ဖိုးသည် ကျသွားပေမည် . . .အရှိန်အ၀ါသြဇာ ပါမရှိတော့လျှင် သူ့၌တန်ဖိုးဟူ၍ပင် မရှိတော့ပေ. .
သို့ဖြစ်ရာ ပညာ၊ဥစ္စာ၊ သြဇာ အာဏာတို့သည် သူ့နေရာနှင့် သူ ၊ သူ့အချိန်အခါနှင့် သူတန်ဖိုးကြီးခြင်း၊ တန်ဖိုး လျှော့နည်းခြင်းဟူ၍ ရှိတတ်သည်ကို သတိချပ်အပ်သည် ယင်းသို့ဖြစ်ခြင်းမှာလည်း လောက၏ နိယာမပင်ဖြစ်သည်. . .
လောက၏နိယာမကို ဆင်ခြင်တုံ့တရားထားရှိသူများသည် မိမိ၏တန်ဖိုးကို ကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင် ဂုဏ်သိက္ခာဖြင့် မြှင့်တင်ရန်ကြိုးပမ်းကြသင့်သည်. . . ကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင် ဂုဏ်သိက္ခာဟူသည်မှာ ပညာ၊ ဥစ္စာနှင့် သြဇာအာဏာ တို့ထက် ခိုင်မြဲသော ဖြောင့်မှတ်တည်ကြည်မှုပင် ဖြစ်သည်. . လူတစ်ဦးတစ်ယောက်သည် သက်တမ်း၏ အများစုအချိန်ကာလများကို ဖြောင့်မတ်တည်ကြည်စွာ နေထိုင်သွားပါက သူ၏လူ့တန်ဖိုးသည် အစဉ်အမြဲ မြင့်မားနေမည်သာဖြစ်သည်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
ဖြိုး

No comments:

Post a Comment