Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, December 18, 2009

ဘုရားပေးခဲ့တဲ့ အမျိုးသမီးအခွင့်အရေး

ခုခေတ်ကာလ အချို့သော ဘုရားလူကြီးတွေက ဤစေတီတော်က တန်ခိုးကြီးသည်၊ နတ်ကြီးသည် ဒါ့ကြောင့် ဤဘုရားစေတီအနီးသို့ အမျိုးသမီးများ ချဉ်းကပ်ထိကိုင်လျက် ရှိခိုးဦးတိုက်ခြင်းမပြု၊ ပြုလပ်လျှင် လေကြီး မိုးကြီး ကျလိမ့်မည်၊ ကျားတို့ ဆင်တို့ ထလိမ့်မည်ဟု ခြိမ်းခြောက် တားမြစ်ကြပါတယ်။ ဥပမာ-- ကျိုက်ထီးရိုးစေတီတော်လိုမျိုး ဖြစ်ပါတယ်။
အချို့သော ဂေါပကလူကြီးတွေကလည်း ဤဘုရားသခင် သီတင်းသုံးနေထိုင်တော်မူရာ ဂန္ဓကုဋီကျောင်းတော်သို့ အမျိုးသမီးများ မတက်ရ၊ မ၀င်ရ၊ ဆွမ်းတော်ပန်းတော် ကပ်ခြင်း, တံမြက်စည်းလှည်းခြင်း, ပွတ်တိုက်သန့်ရှင်းခြင်း ရှိခိုးဦးတိုက်ခြင်း မပြုလုပ်ရ၊ ပြုလုပ်လျှင် ပင်လယ်လှိုင်းဝဲဂယက်ကြီးက ဆူပွတ်မျိုးဝါး၍ သွားလိမ့်မည်ဟု ခြိမ်းခြောက် တားမြစ်ကြသောကြောင့် အဝေးကြီးကနေပြီး ဖူမြော် ရှိခိုးကြရပါသည်။ ဥပမာ... ကျိုက္ခမီမြတ်ဘုရားလိုမျိုး ပါ။
တကယ်တော့ ဘုရားဟောပိဋကတ်တော်မှာ အဲဒီလိုဟာမျိုး တားမြစ်ချက်တွေ မပါရှိပါဘူး။ ဤတားမြစ်ချက်တွေဟာ အမျိုးသမီးများအတွက် သက်သက် စိတ်နှလုံး မကြည်စရာမျှသာ ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာသည် မဟာကရုဏာရှင်ကြီး ဖြစ်တော်မူပါတယ်၊ သတ္တ၀ါအများကို သနားကြင်နာတဲ့ နေရာမှာ အမျိုးသားရယ်၊ အမျိုးသမီးရယ်လို့ ခွဲခြား နိမ့်မြင့်မှု မပြု၊ မထားပါဘူး၊ တစ်သားတည်းပဲ ထားတော်မူပါတယ်။
သာသနာတော်အတွင်းမှာ အမျိုးသားတွေ ရှင်သာမဏေဘ၀၊ ရှင်ရဟန်းအဖြစ် ရယူကာ နိဗ္ဗာန်, မဂ်, ဖိုလ် တရားမြတ် ခံစားနိုင်သလို အမျိုးသမီးများကိုလည်း သာမဏေမအဖြစ်, ရဟန်းမအဖြစ် ရယူကြလျက် နိဗ္ဗာန်, မဂ်, ဖို တက်ရောက်နိုင်ခွင့် ပေးခဲ့တာတွေကို ဉာဏ်ဖြင့် ဆင်ခြင်ကြည့်လို့ ရပါတယ်။
ကျိုက်ထီးရိုးစေတီတော်အနီး အမျိုးသမီးများ မတတ်ရတဲ့ ကိစ္စနဲ့စပ်၍ ဆရာတော်ဦးသြဘာသရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို တင်ပြပေးပါမယ်။ ဆရာတော်သည် ရဟန်း တစ်ဝါရ ၁၂၈၈-ခု၊ ပြာသိုလ်လပြည့်နေ့၌ ကျိုက်ထီးရိုးတောင်တော်ကို အုပ်ချုပ်နေသော ဆရာတော်ဦးအာဒိစ္စနဲ့ အဲဒီအမျိုးသမီးများ ကျိုက်ထီးရိုးစေတီအနီးမတက် ရတဲ့ ကိစ္စနဲ့ ပတ်သက်၍ ဆွေးနွေးခဲ့ဘူးပါတယ်။ ဆရာတော်ဦးအာဒိစ္စ ပြန်လည်မိန့်ကြားတာက..
ကျိုက်ထီးရိုး စေတီတော်အနီး ကပ်ပြီး အမျိုးသမီးများ ကျောက်လုံးတော်ကြီးအား တွန်းလှုပ်ခြင်း, နဖူးဖြင့် တိုက်ပွတ်၍ ရှိခိုးခြင်းစသည်တို့ ပြုလုပ်ပူဇော်တာရယ်လို့တော့  မရှိဖူးသလောက်ပါတဲ့။ ဒါ့ကြောင့် မိုးမှုန်တိုင်းကြီး ကျရောက်ခြင်း၊ ကျား, ဆင်တို့ ထကြွခြင်း ဆိုတာတွေလည်း တစ်ခါမှ မဖြစ်ဘူးသေးဘူးတဲ့။
အမျိုးသမီးတွေ သံတံခါးကနေပြီး စေတီဘက်ကို ကူးမတက်ရတာကတော့ စေတီရင်ပြင်က ကျဉ်းတယ်၊ အကာအရံလည်း မရှိတဲ့အတွက် အားငယ်၍ ကြောက်တတ်သော သတ္တိနည်းတဲ့ အမျိုးသမီးများနဲ့ မသင့်လျော်လို့ မူးမော်ခြင်း, လိမ့်ကျခြင်း, အန္တရာယ်များကြောင့် တားမြစ်တာပဲ ဖြစ်ပါတယ်တဲ့။
အမျိုးသမီးတွေ စေတော်၏ ခြေတော်ရင်းအထိ လာရောက်ရှိခိုးပူဇော်တာကို နတ်များက မကြိုက်လို့ တားမြစ်ခြင်း မဟုတ်ပါဘူးလို့ ဖြေကြားသွားဘူးပါတယ်။
ဤဆရာတော်ရဲ့ မိန့်ကြားချက်ကို ကောက်ချက်ချမယ်ဆိုရင်.. အားငယ်ခြင်းမရှိတဲ့... လိမ့်ကျမှာကို မကြောက်တတ်တဲ့ အမျိုးသမီးများ ကျိုက်ထီးရိုး ဘုရားစေတီအနီး ချဉ်းကပ်ကာ ဖူးမြော်နိုင်တယ်ဆိုတယ်လို့  ကောက်ချက်ချနိုင်ပါတယ်။

ကျိုက္ခမီစက်ဆဲမှာရှိတဲ့ ကျိုက္ခမီရေလယ်ဘုရားဆင်တုတော်ရှိ ရာ ဂန္ဓကုဋီကျောင်းတန်ဆောင်းထဲ သို့ အမျိုးသမီး မတတ်ရ၊ မ၀င်ရ၊ ၀င်ရောက်ဖူးမြော်ရင် လေကြီးမိုးကြီးကျမယ် စသည်ဖြင့် ခြိမ်းခြောက်ပြောဆို တားမြစ်ကြတာကို ဆဋ္ဌသင်္ဂါယနာခေတ်က သာသနာအတွက် ချီးမြောက်ခဲ့တဲ့ သူဌေးကြီး ဆာဦးသွင်နဲ့ ဆရာတော်ဦးသြဘာသ ဆွေးနွေးခန်းကိုပဲ တင်ပြပေးပါမယ်။ သာသနာ့ ကျေးဇူးရှင် သူဌေးကြီးအလိုအရ သူကတော့ သများရဲ့ ကုသိုလ်ရရေး ကောင်းကျိုးချမ်းသာကို မတားမြစ်ဝံ့ပါဘူး၊ သမိုင်းဆရာတွေက ရေးသားတားမြစ်ခဲ့တဲ့ အစဉ်အလာရှိနေလို့ အမျိုးသမီး မတတ်ဝံ့တာပါ၊ အမျိုးသမီးတွေ တက်ရောက်ဖူးမြော်ရင် ၀ဲဂယက်ကြီးတွေ ဆူပွက်မျိုဝါးသွားမယ်ဆိုတာကိုလည်း သူက မယုံကြည်ပါဘူးတဲ့။ (ပုညံဝ သုခံ ဇနေတိ= ကုသိုလ်ကောင်းမှု ပြုလုပ်သူဟာ ကောင်းကျိုးချမ်းသာကိုပဲ ရလိမ့်မယ်လို့သာ သူယုံကြည်ပါတယ်တဲ့။ အမျိုးသမီးတွေ ဘုရားတန်ဆောင်းထဲ မတတ်ဝံ့ မ၀င်ဝံ့ဘူးဆိုလို့ သူတို့ဖူးမြော် ရှိခိုး နိုင်ရန် အာရုံခံတိုက် ကလေးတစ်လုံးကိုတောင် ဒကာကြီးက သပ်သပ်သီးခြား ဆောက်လုပ်လှူဒါန်းထားပေးရပါသေးတ ယ်တဲ့။ ဒါကတော့ သူဌေးကြီး ဆာဦးသွင်ရဲ့ ခံယူချက်နဲ့ အမြင်ပါ။ သူ့ရဲ့ ဆိုလိုရင်းက အမျိုးသမီးတွေ မတတ်ဝံ့ မ၀င်ဝံ့လို့သာပါ။ တက်ဝံ ၀င်ဝံရင် ကုသိုလ်ကောင်းကျိုးတရားတွေ ပိုမိုတိုးပွားပြီး လာကြမှာပဲလို့ ဆိုလိုပါတယ်။
အခုခေတ်အမြင့်အရက ပင်ကိုယ်က အားနည်းတဲ့ အမျိုးသမီးများကို သမိုင်းဆရာတွေက ထပ်ဆင့် ခြောက်လှန်ရေးသားထားတာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍ ကမ္ဘာမှာ ဗုဒ္ဓမြတ်စွာသည် အမျိုးသမီးအခွင့်အရေးကို အမျိုးသားများနည်းတူ အဦးဆုံး တန်းတူ အခွင့်အရေးပေးခဲ့သော ဘာသာရေးခေါင်းဆောင် ဖြစ်ပါတယ်။ ဗုဒ္ဓမတိုင်ခင်ကဆို အမျိုးသမီးများရဲ့ အခွင့်အရေးသည် မီးဖိုခန်းမှာပဲ လမ်းဆုံးခဲ့ကြပါတယ်။ ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းလာပြီးနောက်... အမျိုးသမီးများအား အမျိုးသားများပမာ ရဟန်းပြုခွင့်ကိုလည်း ပေးခဲ့ပါတယ်။ ဒါပေမယ့် လူဆိုတာ ခက်ခဲစွာ ကြိုးစားအားထုတ်ပြီး ရတာကိုမှ တန်ဖိုးထားတတ်တာကို သိစေလိုသဖြင့် ဗုဒ္ဓမြတ်စွာ၏ မိထွေးတော်က ဘိက္ခုနီမသာသနာ ခွင့်ပြုဖို့ တောင်စဉ်က လွယ်လွယ်နဲ့ ခွင့်မပြုခဲ့ပါဘူး။ မိထွေးတော်က ဂရုဓမ္မ (၈)ပါးကို လက်ခံသောအခါမှ ဘိက္ခုနီသာသနာ (အမျိုးသမီးများ ရဟန်းပြုဖို့) ခွင့်ပြုခဲ့ပါတယ်။

ဘုရားကျောင်းတက်တာ၊ ဘုရားဆည်းကပ်တာစတာတွေသည် အမျိုးသားများနှင့် တန်းတူပဲ ဖြစ်ပါတယ်။ ဘုရားရှင်အနီး အမျိုးသမီး မချဉ်းကပ်ရစသည် တားမြစ်ချက်တွေ ဘုရားဟောထဲမှာ မပါရှိပါဘူး။ မြတ်စွာဘုရားလက်ထက်တော်မှာ ရင်းနှီးစွာ မြတ်စွာဘုရားခြေတော်ရင်းမှာ ၀ပ်စင်းရှိခိုးတဲ့ အမျိုးသမီးတွေ ရှိခဲ့ပါတယ်။ ဘုရားရှင် ဘုရားဖြစ်ပြီးနောက် နေပြည်တော် ကပိလ၀တ်သို့ ပြန်ကြွတဲ့အခါမှာလည်း ယသောဓရာမိဖုရားက မြတ်စွာဘုရားရဲ့ ခြေတော်အစုံကို လက်အုပ်မိုးကာ ရှိခိုးဘူးပါတယ်။
နောက်တစ်ခါ မြတ်စွာဘုရားသခင်ရဲ့ မိထွေးတော်မဟာပဇာပတိဂေါတမီဖြစ်ပါတယ်။ အဲဒီမိထွေးတော်ဂေါတမီရဟန္တာမကြီး က သူပရိနိဗ္ဗာန်ဝင်စံရတော့မည့်အကြောင်း ဘုရားသခင်ထံ သွားပြီးတော့ ခွင့်တောင်းတဲ့အခါမှာ ပါဠိတော်ဂါထာတွေ များစွာနဲ့ ပိဋကတ်တော်မှာ လာရှိပါတယ်။ တောင်းဆိုတဲ့ လိုရင်းကို ပြောရရင်....
ပုတ္တ-- ဒုက္ခဆင်းရဲ့အပေါင်းကို ကုန်ဆုံးအောင် ဟောကြားသင်ပြ၍ ပေးသနားတော်မူသော သားတော်မြတ်စွာဘုရား၊ သားတော်မြတ်၏ “စက္က သမ္ပုဏ္ဏကောမလပါဒ”=ဂုဏ်ကို ဆောင်တော်မူသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတို့နှင့် ပြည့်စုံ၍ ကြာပန်းကဲ့သို့ နူးညံ့ပျောင့်ပျောင်းကုန်ေ သာ ခြေတော်အစုံတို့ကို ဆန့်တန်းတော်မူပါ ဘုရား။ အရှင်မြတ်ဘုရား၏ ခြေတော်အစုံတိုပကို မယ်တော်၏ ဦးခေါင်းနဖူးတို့ဖြင့် အကြိမ်ကြိမ် ပွတ်တိုက်ကာ ရှိခိုးဦးတင် ဖူးမြော်ကန်တော့မှုကို ပြုပါမည်ဘုရားဟု လျှောက်ထားတောင်းပန်တဲ့အခါ မြတ်စွာဘုရားက ခြေတော်အစုံကို ဆန့်တန်းပေးတော်မူပါတယ်။
ထိုအခါ မိထွေးတော်ဂေါတမီ ရဟန္တာထေရီမကြီးက ဦးခေါင်းနဖူးတို့ဖြင့် အကြိမ်ကြိမ်ပွတ်တိုက်ကာ နောက်ဆုံး ရှိခိုးကန်တော့ခြင်းဖြင့် ပြုလုပ်ပူဇော်သွားတဲ့ ထုံးတမ်း စဉ်လာတွေ မြတ်စွာဘုရားလက်ထက်တော်ကာလ ကတည်းက ရှိပါတယ်။
သီရိလင်္ကာနိုင်ငံမှာဆိုရင်လ ည်း ယနေ့အချိန်အထိ အမျိုးသမီးများဟာ အမျိုးသားများနည်းတူ ဘုရားရင်ပြင်တော်၊ ဘုရားရှင်အနီးသို့ ချဉ်းကပ်ကာ ရှိခိုးခွင့်၊ ဖူးမြော်ခွင့် အပြည့်အ၀ရှိပါတယ်။

ဒါ့ကြောင့် တချို့နေရာဒေသတွေမှာ အမျိုးသမီးတွေကို ဒီလိုခြိမ်းခြောက် တားမြစ်ကြတာဟာ မြတ်စွာဘုရားသခင်၏ အလိုတော်နဲ့ မညီဘူး၊ မပြုလုပ်ကောင်းဘူးလို့ စာတတ်ပေတတ်ဆရာတော်ကြီးများ က မိန့်ကြားကြတာပါ။
တကယ်စဉ်းစားကြည့်မယ်ဆိုရင် ... အမျိုးသမီးများဟာ မိမိတို့အိမ်မှာရှိတဲ့ ဘုရားကို ရေသပ္ပာယ်တဲ့အခါ မထိမကို မပွတ်သပ်ဘူးလား...လို့ တားမြစ်ချက်ထုတ်ထားတဲ့ သူတွေ စဉ်းစားကြည့်ရင် ရှင်းပြီးသားပါ။

အားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် တန်ခိုးကြီးဘုရားများမှာ အမျိုးသမီးများ ဘုရားရင်ပြင်တော်ပေါ် မတက်ရ၊ ရွှေသင်္ကန်းတက်မချရ စတာတွေသည် နိုင်ငံတစ်နိုင်ငံရဲ့ ထုံးတမ်းစဉ်လာအရ (ဒါမှမဟုတ်) ဂေါပကလူကြီးတွေ နတ်က နတ်ကြီးတယ်စသည်ဖြင့် ခြောက်လန့်ပြီး စည်းကမ်းထုတ်ထားတဲ့ တားမြစ်ချက်များသာ ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာကတော့ အမျိုးသမီးများအတွက် ရသင့်ရထိုက်တဲ့ အမျိုးသမီးအခွင့်အရေးကို အမျိုးသားများနည်းတူ ပေးခဲ့တဲ့ မဟာကရုဏာရှင်ကြီးဖြစ်ပါတယ် ဆိုတာ တင်ပြလိုက်ပါတယ်။

ကျမ်းကိုး--
ဝိနည်းမဟာဝါ
ဗုဒ္ဓ၀ံသထေရီအပါဒါန်
သမ္မာမဂ္ဂင်္ဂပဉှာကျမ်း

# Posted by လမ်းသရဲမလေးlimk on December 19, 2009 at 5:38am

No comments:

Post a Comment