Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, December 14, 2009

ထိုင်းနိုင်ငံ... အီကွေတာ အနိဌာရုံများနှင့် သွေးမတိတ်သည့်ရောဂါ (အပိုင်း - ၁)




“ဗုဒ္ဓသည် မည်သည့်အသွင်နှင့်ရှိသည့် ကျေးကျွန်စံနစ်ကိုမဆို ရှုတ်ချတော်မူသည်။ ဆန့်ကျင်တော်မူသည်။ လူအရောင်းအ၀ယ် အလုပ်သည် သမ္မာအာဇီဝ အလုပ်မဟုတ်ဟု ဟောကြားပြီး၊ ကျေးကျွန်စံနစ်ကို တိုက်ဖျက်တော် မူလေသည်”

(ပါရဂူ၏ ဗုဒ္ဓနှင့် အခြေခံ လူ့အခွင့်အရေးမှ)

(က)

အမေရိကန်စာရေးဆရာ Alex Haley က ‘Roots’ အား ၁၉၇၃ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေလိုက်၏။ ခဏငယ် အတွင်းမှာပင် ဘာသာပေါင်း သုံးဆယ်က ဘာသာပြန်၍ ထပ်မံထုတ်ဝေကြ၏။ ကမ္ဘာ့ စာအုပ် ဈေးကွက်တွင်လည်း အရောင်းရဆုံး စာအုပ်အဖြစ်နှင့် စံချိန်တက်ခဲ့သည်။ ‘Roots’ က... စာရေးသူ Alex Haley၏ ဆွေမျိုးနွယ်စုတို့၏ဘ၀…..။ ထိုမျှနှင့် မပြည့်စုံ….။ အာဖရိကန် လူမျိုးတို့၏ဘ၀…..။ ထိုမျှနှင့် မပြည့်စုံ…..။ အမေရိကားတွင် ကျွန်များအဖြစ် ရောင်းဝယ်ခြင်းခံခဲ့ရသည့် အာဖရိကန်လူမျိုးတို့၏ဘ၀…. ဟုဆိုရမည်။

Alex Haley ၏အထက် ခုနှစ်ဆက်မြောက် လူသားက…. လူကုန်ကူးသူတို့၏ လက်ချက်ဖြင့် အာဖရိကမှ အမေရိကသို့ ရောက်ခဲ့ရပြီး အမေရိကန်ပြည်ထောင်စုတွင် ‘ကျွန်’ အဖြစ် ရောင်းချခြင်းခံခဲ့ရ၏။ ဆယ်ခြောက်ရာစု၊ ဆယ့်ခုနှစ်ရာစု ကာလများ….။ ထိုစဉ်က …..အမေရိကန် ပြည်ထောင်စုသည်ပင် လွတ်လပ်ရေးမရသေး…..။ အီဘရာဟင် လင်ကွန်းပင် အိမ်ဖြူတော်သို့ ရောက်ရန်အတွက် လူအဖြစ်ပင် မစုတေသေး…..။

လူကုန်သည် လူဖြူတို့က အာဖရိကန်များအား အာဖရိကတိုက်မှ သင်္ဘောနှင့် တင်ဆောင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုတွင် ရောင်း၏။ အမေရိကန် ပြည်မြောက်ပိုင်း ကမ်းရိုးတန်းဒေသကြီးက ကျွန်ဈေးကွက်ကြီး ဖြစ်၍နေသည်။

‘Roots’ တွင် အာဖရိကတိုက်ရှိ လူမဲများအား လူကုန်သည် အဆင့်ဆင့်တို့မှ တဆင့်ပြီးတဆင့် လက်လွဲ ရောင်းချပုံ…..။ အာဖရိကတိုက်မှ အမေရိကန် ပြည်ထောင်စုသို့ သင်္ဘောဖြင့် တင်ဆောင်လာစဉ် ကျွန်တို့၏ သင်္ဘောပေါ်မှ ငရဲခန်းများ….။ ပြီးလျှင် ….. အမေရိကန် ပြည်ထောင်စု၌ ကျွန်ပိုင်ရှင်တို့၏ လက်အတွင်းမှ ကျွန်တို့၏ဘ၀….။ စက်ဆုတ်ဖွယ်၊ ရွံ့ရှာဖွယ်၊ နားကြည်းဖွယ်၊ ကြေကွဲ ၀မ်းနည်းဖွယ်၊ အံ့သြ တုန်လှုပ်ဖွယ်များနှင့် လူ့သမိုင်း၏ အညိုအမဲကွက်များ…..။ တရားမဲ့သော….။ ဓမ္မမရှိသော…. လူ့ဝန်းကျင်… လူ့အဖွဲ့အစည်းဟောင်း။

စာရေးဆရာ Alex Haley သည် သူ၏ မျိုးရိုးဇာတိမြေသို့ သွားရောက်ခဲ့ပြီး…. အာဖရိကန်ပေါင်း များစွာနှင့် တွေ့ဆုံ မေးမြန်း၏။ စာကြည့်တိုက်ပေါင်းမျာစွာမှ သမိုင်းအချက်အလက်များအား ရယူပြီး ဆယ်နှစ်ခန့် အချိန်ယူ၍ ‘Roots’ အားရေးခဲ့သည်။ ၁၆-ရာစု၊ ၁၇-ရာစုခေတ်… အမေရိကန် လူကုန်ကူးခြင်းနှင့် ကျွန်စံနစ်အား ‘Roots’တွင် ကွက်ကွက်ကွင်းကွင်း တွေ့ရ၏။ ‘Roots’က ၁၆-ရာစု၊ ၁၇-ရာစု အမေရိကန် လူကုန်ကူးခြင်းနှင့် ကျွန်စနစ်၏ ပြရုပ်…..။

သမိုင်းသည် အရှေ့သို့သာ ချီ၏။ ရိုင်းစိုင်းသော၊ မယဉ်ကျေးသော လူ့အဖွဲ့အစည်းမှသည် ယဉ်ကျေးသော၊ ငြိမ်းချမ်းသော…. လူ့သမိုင်းသစ်ဆီသို့…. ကူးပြောင်း၏။ ဤသို့….. သမိုင်းဆရာများ၊ လူမှုဗေဒ သိပ္ပံပညာရှင်များက ဆို၏။ သို့သော်….. ချွင်းချက်များနှင့် ဖြစ်မည်။ ရင်ဘောင်တန်း၍ တပြေးညီရှေ့သို့ လှမ်းကြခြင်း ကမဟုတ်…..။ ဟိုတစ်ကွက်….. ဒီတစ်ကွက်... ကောက်သင်း ကောက်စရာများနှင့်။

(ခ)

၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ထိုင်း-မြန်မာ ကုန်သွယ်စီးပွား ဆက်နွယ်မှုက တရားမ၀င် မှောင်ခို စီးပွား နယ်ပယ်တွင်သာ များသည်။ သစ်လုပ်ငန်း၊ ကျောက်မြက်ရတနာ ရောင်းဝယ်ရေး၊ သတ္တုတွင်း လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်း အနည်းအကျဉ်း မျှသာရှိ၏။ စီးပွားရေး လုပ်ငန်းများအားလုံးသည်လည်း တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် နယ်မြေများရှိ နယ်စပ်အ၀င် လမ်းများမှသာ လုပ်ကိုင်ကြခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း ၀င်ရောက် အခြေချလုပ်ကိုင်သည်ဟူ၍က မရှိသလောက်ပင်….။

ငွေကြေး ဖလှယ်မှုတွင်လည်း….. မြန်မာကျပ်ငွေက အထက်စီးတွင်ရှိ၍ နေသဖြင့်…. ထိုင်းနိုင်ငံက… မြန်မာများအတွက် လုပ်အား အရင်းအမြစ် အခြေချစရာ ဈေးကွက်ဟူ၍ မက်စရာမရှိ….။

၁၉၈၀ ပြည့်လွန်နှစ်များ၏ အနှောင်းပိုင်း ကာလများတွင်မူ…… နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများက လျှပ်ပြက်သကဲ့သို့ မြန်ဆန်၏။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများက…. အဆင့်မြင့် နည်းပညာအား အခြေခံသည့် လုပ်ငန်းများကိုသာ သူတို့၏ နိုင်ငံအတွင်း၌ လုပ်ကိုင်ရန် ဦးလှည့်လိုက်ကြ၏။ ဤတွင်….. အကြီးစား အခြေခံ နည်းပညာသုံး လုပ်ငန်းကြီးများအား၊ ၄င်းတို့၏ နိုင်ငံအတွင်းမှ ရွှေ့ပြောင်းရန် စီမံကြရတော့၏။ ရွှေ့ပြောင်းရန် ဈေးကွက်က….. ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးရန် အားယူနေသည့် နိုင်ငံများဆီသို့ ဦးတည်လိုက်ကြ၏။

ဤအပြောင်းအလဲက…. မြန်မာနိုင်ငံသားများအား ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံများသို့ အလုံးအရင်းနှင့် ထွက်ခွာ၍ လုပ်အားရောင်းရန် အခြေခံ အကြောင်းတရားဟု ဆိုရမည်။ ပြီးလျှင်….. မြန်မာနိုင်ငံအတွင်း လွဲမှားသော အုပ်ချုပ်ရေး စံနစ်ကြောင့်….. အလုပ်အကိုင် အခွင့်အလမ်းမရှိခြင်း၊ လုပ်ခ၊ ၀င်ငွေနည်းပါးခြင်း၊ ငွေဖလှယ်မှုတွင် ကျပ်ငွေတန်ဖိုးက အောက်စီး၌ ထိုးကျနေခြင်းနှင့် အုပ်စိုးသူတို့၏ ဖိနှိပ်မှုများက ထွက်ခွာစေရန် တွန်းပို့နေသည့် လုံလောက်သော တွန်းအားတစ်ရပ်ဟု ဆိုရမည်ပင်….။ ဤသို့နှင့်…..။

(ဂ)ရနောင်း၊ ထုံပါဖုံ၊ စံခရဘူရီ၊ မဲဆောက်၊ မဲစာရင်း၊ မဲဟောင်ဆောင်၊ မဲဆိုင် စသည့် မြို့များက…. ထိုင်းနိုင်ငံအတွင်းသို့ မြန်မာများ ၀င်ရောက်ကြရာလမ်းများ…..။ လမ်းများက ဖြူး၏။ သို့သော်….. မဖုံ….၊ မချောမွေ့….၊ အဟန့်အတား၊ အတားအဆီးများနှင့်….။ သူ့နည်း သူ့ဟန်နှင့် ကျော်ဖြတ်ကြရ၏။

တချို့မြန်မာများက….. ထိုင်းနယ်စပ်မြို့များတွင်ပင် လုပ်ကိုင်ကြ၏။ တချို့က….. ထိုင်းနိုင်ငံ အတွင်းပိုင်း အထိဝင်၍ လုပ်ကိုင်ကြသည်။ အချို့ကမူ…. မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား နယ်စပ်များအထိ ခရီးဆန့်၍ လုပ်ကိုင်ကြသည်။ နေရောဒေသကွဲ၍ လုပ်အားခ လစာနှုန်းထားများကလည်း ကွာသည်။

မြန်မာများ လုပ်ကိုင်နေသည့် လုပ်ငန်းများက…. စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်း၊ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ခြင်း၊ အိမ်ဖော်နှင့် ပြည့်တန်ဆာလုပ်ငန်းများ….။

ထိုင်းနိုင်ငံအတွင်း ၀င်ရောက်၍ အလုပ်လုပ်ကိုင်ကြခြင်းက နှစ်နိုင်ငံ အစိုးရများအကြား တရားဝင် အလုပ်သမားခေါ်ယူ၍ လုပ်ကိုင်နေခြင်း မဟုတ်သည့်အတွက် တရားမ၀င်မှုနှင့်စ၏။ တရားမ၀င်သော နယ်ပယ်ဖြစ်၍ ထုံးစံအတိုင်း….. တရားမ၀င်သော လုပ်ဟန်၊ ကိုင်ဟန်များကားရှိ၏။ ဤတွင်….. ပွဲစား၊ လမ်းပြ၊ လူကယ်ရီ…. စသည့် လူတန်းစာနှင့် လုပ်ငန်းဟူ၍က ရှိလာခဲ့ရ၏။

“ကျမတို့ကို ကွန်ဟိန်းမြို့မှာ လာကြိုဖို့ တောင်ကြီးက ထရပ်ကားတစ်စီး ငှားလိုက်တယ်။ ကွန်ဟိန်းက အသိတစ်ယောက်က စီစဉ်ပေးတာ။ အဲဒီအမျိုးသမီးက ထိုင်းနိုင်ငံထဲကို လူခိုးသွင်းနေကျလေ။ ကျမတို့ရွာမှာ အခြေအနေ မကောင်းတာနဲ့ သူ့ကိုဆက်သွယ်ပြီး အကူအညီ တောင်းလိုက်ရတယ်။ တာချီလိတ်ရောက်ဖို့ သုံးရက်ကြာတယ်။ တယောက် (၃၀၀၀) ကျပ် ပေးရတယ်”

“ကျမတို့တွေ ထိုင်းနိုင်ငံကို လာမှန်းသိရင် သူတို့ ဘယ်ပေးသွားပါ့မလဲ။ ကျမတို့က လင်းခေးက အမျိုးတွေဆီ သွားလည်မယ်ဆိုပြီး ထွက်လာတာလေ။ ကျမတို့ လင်းခေးရောက်တော့ အန်ကယ်ခမ်းက မိုင်းတုံကို ကားနဲ့ လိုက်ပို့ပေးတယ်။ နှစ်ရက်ခရီးလေ။ မိုင်းတုံကနေ နယ်စပ်ကို တောလမ်းအတိုင်း နှစ်ရက်ခရီး ခြေလျင် လျှောက်ကြရတယ်။ ကျမတို့တွေ အန်ကယ်ခမ်းကို လမ်းပြခ တစ်ယောက် (၃၅၀၀) ကျပ် ပေးကြရတော့ ပိုက်ဆံ မကျန်တော့ဘူး”

ဤသည်ကား….. ထိုင်းနိုင်ငံ မြောက်ပိုင်းမှ ၀င်ရောက်ခဲ့ကြသည့် ရှမ်းပြည်နယ်မှ မြန်မာများ၏ အတွေ့အကြုံများဟု ဆိုရမည်။ ပြီးလျှင်….. မြ၀တီ- မဲဆောက်လမ်း၊ ကော့သောင်-ရနောင်းလမ်းမများမှ ၀င်ရောက် ခဲ့ကြသည့် သူတို့က…..

“ကျနော်တို့ နယ်စပ်ဒေသကို အရင်က တခါမှ မရောက်ဖူးဘူးလေ။ သူ့ကိုလည်း ပေးသင့် ကမ်းသင့်တာပေါ့။ ကျနော်တို့ သူ့ကို ပိုက်ဆံပေးပြီးတော့ သူက ကျနော်တို့ကို ရွာကနေ ကျုံဒိုးကို ခေါ်သွားတယ်။ အဲဒီကမှတဆင့် ကော့ကရိတ်ကို ကားနဲ့ ဆက်ထွက်လာကြတာ။ ကော့ကရိတ်မှာ တညအိပ်တော့ တစ်ယောက်တစ်ရာ ထပ်ပေးရတယ်။ နောက်နေ့မှ မြ၀တီကိုဆင်းလာတာ။ သောင်ရင်းမြစ်ကို ဖြတ်ခါနီးတော့ ပိုက်ဆံကောက်နေတဲ့ ဗမာစစ်သား တစ်ယောက်ကို (၁၅၀) စီ ပေးခဲ့ကြရသေးတယ်”

“အဒေါ်က သူများတွေကိုပါ ခေါ်လာတယ်လေ။ သူတို့ကတော့ အဒေါ်က ပွဲစားဆိုတော့ သူနဲ့လာရင် စိတ်ချရတယ်လို့ ပြောတယ်။ ဒါလည်း ကျမကတော့ အကုန်လုံးကို ကြောက်နေရတာချည်းပဲ။ ကားက တောင်တက်တောင်ဆင်းတွေမှာ အရမ်းမောင်းရင်လည်း ဘုရားတရတာ အမော။ မြ၀တီက ရဲတွေက အရမ်းရစ်နေလို့ ပိုက်ဆံပေးခဲ့ရသေးတယ်။ နယ်စပ်က ထိုင်းရဲတွေကတော့ ကျမတို့ဆီက တစ်ယောက် ဘတ်(၁၀၀) ယူတယ်”

“ကျမတို့ မော်လမြိုင်ကနေ ကော့သောင်းကို လှေနဲ့သွားကြတယ်။ ကော့သောင်းမှာ ရှစ်ရက်လောက် ကြာသွားတယ်။ တစ်ညတော့ ရှစ်နာရီလောက်မှာ ပွဲစားက ကျမတို့ကို စက်လှေ စောင့်နေတယ်တဲ့။ ကျမတို့တတွေ လှေထဲကို ခိုးကြောင်ခိုးဝှက် ၀င်ကြရတယ်။ ရနောင်းနားရောက်တော့ လှေက ရေထဲမှာ ရပ်သွားပြီး ကျမတို့ ကမ်းစပ်ကို ကိုယ်ဘာသာကိုယ် သွားရတယ်။ လှေက ကမ်းအထိ မကပ်ဘူးလေ သိလား။ ရေက ကျမလည်ပင်း လောက်ထိ ရောက်တယ်။ ပစ္စည်းတွေကို ခေါင်းပေါ်တင်ပြီး ရေထဲမှာ လမ်းလျှောက်ရတယ်။ ဒါပေမယ့် ကမ်းစပ်လည်းရောက်ရော ကျမတို့တစ်ဖွဲ့လုံး ပွဲစားလည်းပါတယ်။ အဖမ်းခံရတော့တယ်”
(ဃ)

ပွဲစားများကလည်း အမျိုးမျိုးရှိကြ၏။ အချို့က…. လူကိုသာ သယ်ယူပို့ဆောင်ပေးကြသည်။ အလုပ်ကိုမူ မရှာပေးကြ။ အချို့က….. လူကိုလည်း ပို့ဆောင်ပေးသည့်အပြင် အလုပ်ကိုပါ ရှာပေးကြသည်။ အချို့က…. မြန်မာပြည်ရှိ နေရပ်ဒေသမှ ထိုင်း-မြန်မာနယ်စပ် တစ်နေရာအထိသာ….. ကယ်ရီလုပ်ပေးကြသည်။ အချို့က…. ထိုင်းနိုင်ငံအတွင်းပိုင်း လုပ်ငန်းခွင်အထိ ကယ်ရီလုပ်ပေးကြ၏။ ဈေးနှုန်းများက ရွှေနှင့် တန်ဖိုးဖြတ်ကြသည်။ ရွှေတစ်ကျပ်သား….. နှစ်ကျပ်သား စသည့်ဖြင့် ဈေးသတ်မှတ်၏။ ရွှေချိန်နှင့်စက်၍…။ လက်ငင်း ငွေမချေနိုင်လျှင်လည်း ပြဿနာမရှိ….။ တန်ကြေးအား လုပ်ခနှင့် ဆပ်၍ ရသည်။ လုပ်ခနှင့် တန်ကြေးအား ဆပ်လျှင်မူ….. အတိုးနှုန်းကိုပါ ထည့်၍ ဆပ်ရသည်။ အတိုးနှုန်းကလည်း ငါးဆယ် ရာခိုင်နှုန်းတိုးခန့်ရှိသည်။ မလွယ်….။ မလွယ်သော လမ်းကိုပင် ဇာတိမြေ၌ ခက်ခဲကြပ်တည်း လွန်းသည့်အတွက် လျှောက်လှမ်း၍ နေကြရသည်။

“ပွဲစားက ကျနော်တို့ ရွာတွေထိ လာတယ်။ နောက်ဆုံးတော့ ကျနော်လည်း ရွှေနှစ်ကျပ်သား ပေးရတဲ့ပွဲစားနဲ့ လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက မော်လမြိုင်မှာ လူစုပြီး ကျနော်တို့ အားလုံးကို လှေနဲ့ ကော့သောင်းကို ခေါ်လာတယ်။ အဲဒီလှေခက တစ်ယောက် (၈၅၀၀) ကျတယ်။ ကိုယ့်ဘာသာ ပေးရတာ။ ရနောင်းကိုရောက်တော့ ကျနော်တို့ကို ရဲတစ်ယောက်နဲ့ ထားခဲ့ပြီး သူကတော့ ဒိုးသွားတယ်။ ဒီကိုရောက်တော့ ရဲပွဲစားရဲ့ လူတွေက အလုပ်လုပ်နေကြတဲ့ ကျနော်တို့ဆီ တပတ်ကို ဘတ် (၅၀၀) လာကောက်တယ်။ အိမ်ကို ပိုက်ဆံပြန်မပို့ခင်မှာ အကြွေးကို အရင်ကြေအောင် ဆပ်ရမယ်လို့ ကျနော်တို့ သဘောတူ ထားခဲ့ကြတာကိုး”

“အဲဒီတုန်းက ကျနော်အသက်က (၁၅)နှစ်ပဲရှိသေးတယ်။ ပွဲစားအမျိုးသမီးက ပွဲစားလုပ်မစားခင်က ဒီမှာ အိမ်ဖော် လုပ်ဖူးတယ်တဲ့။ လမ်းမှာလည်း တရားမ၀င် စစ်ဆေးရေးစခန်းတွေကို ပိုက်ဆံပေးရတာ မနည်းဘူး။ ကျောင်းသားကဒ်တွေကို တွေ့သွားရင် ပိုဆိုးတယ်။ သူတို့က ကျမတို့ကို ကျောင်းသားတပ်မတော်ထဲ ၀င်ဖို့ သွားကြတယ် ထင်မှာစိုးလို့ လာဘ်ပိုထိုးရတယ်။ မဲဆောက်ရောက်တော့ ပွဲစားက အ၀တ်အစားတွေ ဘာတွေ ၀ယ်ပေးတယ်။ မဲဆောက်မှာ ငါးရက်လောက်ကြာပြီး တောလမ်းအတိုင်း ရဲကားတစ်စီး စောင့်နေတဲ့ နေရာအထိ လမ်းလျှောက်ရတယ်။ ပြီးမှ အဲဒီကားနဲ့ ဘန်ကောက် တက်လာတာ။ အဲဒီအမျိုးသမီးက ကျမကို အိမ်ဖော်အလုပ် ရှာပေးတယ်။ တစ်လတစ်ထောင်နဲ့ အခန်းပေးတယ်။ ထမင်းကျွေးတယ်။ ဒါပေမယ့် ကျမတစ်နှစ်လုံး လုပ်အားခ အားလုံး အဲဒီအမျိုးသမီးက လမ်းစရိတ်၊ လာဘ်ထိုးစရိတ်၊ စားစရိတ်၊ အ၀တ်အစားဖိုးဆိုပြီး ပြန်တောင်းလို့ ကုန်တာပါပဲ။ တကယ်ကျမှာက (၁၀၀၀၀)လောက်ပါပဲ။ အကြွေးနဲ့ဆိုတော့ (၁၈၀၀၀) လောက်ကျသွားတယ်။ ပွဲစားမက လတိုင်း အလုပ်ရှင်နဲ့ လာတွေ့ပြီး လစာသိမ်းတာ”

“မန္တလေးကနေ မော်လမြိုင်ကို ခေါ်လာပေးတဲ့သူက ကျပ်ငွေ ငါးထောင်ပဲ တောင်းတယ်။ မော်လမြိုင်က ပွဲစားကတော့ ကော့သောင်းအရောက် ရွှေတစ်ကျပ်သား ပေးရမယ်တဲ့။ ဒါပေမယ့် လှေက ကော့သောင်းမှာမရပ်ပဲ ရေလည်မှာ ကျောက်ချနေတယ်။ နောက်ထပ် လှေငယ်တစင်း ရောက်လာပြီး ကျနော်တို့ကို ရနောင်းကို ပို့ပေးတာ။ ပွဲစားကတော့ ရနောင်းမှာ ပိုက်ဆံပိုရမယ်လို့ ပြောတယ်။ နောက်ပြီး ကျနော်တို့ကို ငါးဖမ်းလှေတစ်စင်းပေါ် တင်ပေးလိုက်တယ်။ ပင်လယ်မှာ တစ်လကျော်လောက် အလုပ်လုပ်ခဲ့ရတယ်။ ကျနော်တို့ လှေလည်းနားရော ပွဲစားက ပြန်ရောက်လာပြီး လုပ်ခတွေကို လာသိမ်းပြီး ကျနော်တို့ကို ပြန်လာခေါ်တယ်။ တစ်ယောက်စီက ဘတ်ငွေ (၈၀၀၀) လောက် သူရသွားတယ်။ သူက နောက်ထပ်လှေတစ်စင်းဆီ ထပ်ပို့ပေးပြီး ဒီတခါ အကြွေးကျေရင် ဘယ်နေရာသွားသွား သွားနိုင်ပြီလို့ ပြောတယ်။ သူ ကျနော်တို့ကို တစ်ယောက် (၂၁၀၀၀ ) နှုန်းနဲ့ ရောင်းပစ်ခဲ့တာ။ အဲဒါ ရွှေတစ်ကျပ်သား မကဘူး။”

“ကယ်ရီက ကယ်ရီခ ဘတ် (၁၁၀၀၀) ပေးပါတဲ့။ ဘန်ကောက်မှာ တစ်လကို ဘတ် (၈၀၀၀)လောက်ဝင်မယ်တဲ့။ ကျမကလည်း သူမက်လုံးပေးတာကို ကျမိလောက်အောင် တုံးတာပါ။

အဲဒီလူက အကိုနှစ်ယောက်ထဲက အငယ်ကောင်၊ သူ့မှာ အသိတွေ အများကြီးပဲ။ သူတို့က ရနောင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အထိ လူလိုက်ခေါ်တယ်။ အကိုက ဒီမှာနေတယ်။ အဲဒီလူက မခေးဘူး။ ထိုင်းနိုင်ငံထဲက ခရီးကို သူက ဒိုင်ခံစီစဉ်ပေးတာ။ တချို့ ပွဲစားတွေတောင် သူတို့လူတွေကို အဲဒီလူကြီးဆီ ပြန်သွင်းရတယ်။ တော်တော်လည်း ချမ်းသာတယ်။ ရွှေတွေ သီးနေတာပဲ။ တကိုယ်လုံးမှာ။ ဆယ်လူလာ ဖုန်းကိုလည်း လက်ကကို မချဘူး။ သူ့ ထိုင်းသူဌေးကလည်း သူ့ကို တော်တော်ယုံတယ်။

ကျမကိုတော့ ဘတ် (၁၁၀၀၀) လို့ပဲ ပြောတာ…. ရဲမှာ ပစ်ကပ်ကား နှစ်စီးရှိတယ်။ ကားတစီးရဲ့နောက်မှာ ကျမတို့ကို ခြောက်ယောက်၊ ခုနှစ်ယောက်စီလောက် တင်ခေါ်တာ။ ကားနောက်ပိုင်းမှာ လှဲနေရပြီး အပေါ်က သစ်သားပြားတွေ၊ ကင်းဘတ်စ်တွေနဲ့ အုပ်တယ်။ နောက်ပြီး ကဒ်ထူးပြားတွေ၊ စောင်တွေနဲ့ ထပ်အုပ်ပြီး ကျမတို့ကို ပုန်းလိုက်ခိုင်းတာ။ အဲဒီအတိုင်း ဒီရောက်တဲ့အထိ ဆယ့်နှစ်နာရီလောက် ပုန်းလိုက်လာရတယ်။ ဒီရောက်တော့ ပွဲစားက သူ့အစ်ကိုရဲ့ အခန်းကို ခေါ်သွားတယ်။ သူ့အစ်ကိုက တစ်ယောက်ကို သယ်ယူပို့ဆောင်ခ ဘတ် (၂၁၅၀၀) ကျတယ်တဲ့။ ကျမတို့လည်း လန့်ဖြန့်သွားပြီး ငိုယိုကုန်ကြတာပေါ့။ ကျမတို့လည်း ပြောပါတယ်။ ရနောင်းမှာတုန်းက ပြောခဲ့တာ ဒီဈေး မဟုတ်ဘူးလို့….။ သူက ဂရုတောင် မစိုက်ဘူး။ ကျမတို့ကို အလုပ်ရှာပေးနေတုန်း သူ့အိမ်မှာ နှစ်ရက်လောက် နေကြရတယ်။ အလုပ်ရတော့ သူက လာပြောတယ်။ အားလုံးပေါင်း ဘတ် (၂၃၅၀၀) ကျတယ်တဲ့။ ကျမတို့ ငိုလိုက်ကြရတာ။ အကြွေးတွေ ဘယ်တော့များမှ ကျေအောင် ဆပ်နိုင်ပါ့မလဲလို့လေ။ အဲဒီတော့ သူကပြောတယ်။ နင်တို့ကို ငါသနားလို့ တစ်ယောက်(၂၁၀၀၀) စီပဲ ယူတော့မယ်တဲ့။ ကျမမှာများ စိတ်တိုလိုက်တာ။ သူ့ညီမပိုင်တဲ့ အလုပ်သမားဆောင်မှာပဲ ကျမတို့ကို ထားတယ်။ အိမ်ငှားခနဲ့ တနေ့ ထမင်းနှစ်နှပ်အတွက် တစ်လ ဘတ် (၁၅၀၀) အဖြတ်ခံရတယ်။ နေ့လည်စာက ကိုယ်အစီအစဉ်နဲ့ ကိုယ်စားရပြီး ထိုင်းရဲအတွက်က တစ်လ (၅၀၀) ပေးရသေးတယ်။ ဒီပုံအတိုင်းသာ ဆက်သွားရင် ကျမတို့အကြွေးတွေ ဘယ်လိုကျေတော့မှာလဲ။

အလုပ်လျှောက်တော့ ပေးရတာက နောက်ထပ်ဘတ် (၅၀၀) အလုပ်ရပြန်တော့လည်း ၀တ်စုံ၊ လက်အိတ်တွေ ထပ်ဝယ်ရပြန် သေးတယ်။ ကျမမှာ အလုပ်မစခင် အကြွေးက ဘတ် (၂၀၀၀၀) ကျော်နေပြီ။ သမီးအတွက်ပါနဲ့ဆို ဘတ် (၄၅၀၀၀) ကျတယ်။ ဒီအတိုင်းဆို ကျမတို့ ဘယ်တော့ အိမ်ပြန်နိုင်မှာလဲ။ အစကတည်းက သဘောတူထားတဲ့အတိုင်း ဘတ် (၁၁၀၀၀) ဆိုရင်တော့ ကျမက လိုလိုလားလားနဲ့ ပြန်ပေးချင်ပါတယ်။ ဒါကတော့ တရားလွန်လွန်းတယ်”

မင်းဟန်

ရည်ညွှန်း - GHRE ၀က်ဆိုဒ်

ထိုင်းနိုင်ငံ... အီကွေတာ အနိဌာရုံများနှင့် သွေးမတိတ်သည့်ရောဂါ (အပိုင်း - ၂) အား ဗုဒ္ဓဟူးနေ့ (၁၆၊ ၁၂၊ ၀၉)တွင် ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment