Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, December 22, 2009

ရတနာသုံးပါးနှင့် သိန်းနှစ်ဆယ်

ရွှေပြည်သာမြို့တွင် ဘာသာခြားဘဝမှ ဗုဒ္ဓဘသာသို့ ပြောင်းလာသော မိသားစု တစ်စုရှိ၏။ သူတို့ မိသားစုတွင် မိခင်၏ မိဘနှစ်ပါးသည် ဘာသာခြားများ ဖြစ်သည်။ ဖခင်က ကပြားဖြစ်သည်။ အဖေ အခြားဘာသာဝင်၊ အမေ ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ သူကား ဖခင်ဘက်လိုက်ပြီး အခြားဘာသာဝင် ဖြစ်သွားသည်။

သို့သော် သူ့အမေကား သူနှင့်လိုက်နေသည့် တိုင်အောင် ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်လျက်ရှိသည်။ ဗုဒ္ဓဘာသာပီပီ သူ့သားကို တစ်ကြိမ်လောက် ဒုလ္လဘရဟန်း ဝတ်စေချင်သည်။ သို့သော် သူ့ချွေးမက ခွင့်မပြု။ သူ့ချွေးမကား ဘာသာရေးခေါင်းဆောင် ဆရာမကြီးတစ်ယောက် ဖြစ်သည်။ ယခု ထိုအမျိုးသမီး ကိုယ်တိုင် စာရေးသူအား ရင်ဖွင့်ပြောကြားသော စကားများကို အရင်းအတိုင်း ဖောက်သည်ချလိုက်ရပေသည်။

“ဆရာတော်က ဘာသာတန်ဖိုး ဆိုတဲ့ အမည်နဲ့ စာအုပ်တစ်အုပ် ရေးဖို့ စီစဉ်နေတယ်။ အခု တစ်ဝက်လောက်တော့ ရေးပြီးနေပြီ။ ဒီစာအုပ်ထဲမှာ ဘာသာခြားကနေ ဗုဒ္ဓဘာသာကို ပြောင်းလာသူတွေရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံ ရေးမှာ။ ဒါယိကာမကြီးတို့ မိသားစု အကုန်လုံး ဗုဒ္ဓဘာသာကို ပြောင်းလာကြတာဆိုတော့ ပိုပြီး စိတ်ဝင်စားတယ်။ ဘယ်လိုကြောင့် ဗုဒ္ဓဘာသာထဲ ပြောင်းလာတယ်ဆိုတာကို သိခွင့်ရရင် သိပါရစေ။”

“တပည့်တော် အပါအဝင် မိသားစုအားလုံး ဗုဒ္ဓဘာသာထဲ ရောက်အောင် လုပ်ပေးသူက လူလည်း မဟုတ်ဘူး။ ရဟန်း သံဃာလည်း မဟုတ်ဘူး။”

“ဒါဖြင့် ဘယ်သူက ဗုဒ္ဓဘာသာဝင် ဖြစ်အောင် လုပ်ပေးတာလဲ”

“ပြိတ္တာဘုံ ရောက်နေတဲ့ တပည့်တော်မရဲ့ ယောက္ခမကြီးပါ”

“စိတ်ဝင်စားစရာပဲ။ ဆက်ပြောပါဦး”

“တပည့်တော်ရဲ့ ယောက္ခမကြီးဟာ ဆွေစဉ်မျိုးဆက် ဗုဒ္ဓဘာသာဝင်တွေပါ။ သူ့ကျမှ ဘာသာခြားနဲ့ အိမ်ထောင်ကျခဲ့ရတာ။ ဒါပေမယ့် ဗုဒ္ဓဘာသာကို မစွန့်ပါဘူး။ ဘာသာ မပြောင်းတဲ့အတွက် မယားတစ်ယောက် ရမယ့် အခွင့်အရေးတွေကို ဘာမျှ မရခဲ့ပါဘူး။ သူဟာ ဘာသာခြား မိသားစု အသိုက်အဝန်းထဲမှာ အစေခံမ တစ်ယောက်လိုပဲ နေခဲ့ရပါတယ်”

“တပည့်တော်မနဲ့ရတာ သူ့ရဲ့ တစ်ဦးတည်းသော သားပါ။ သားလေး အရွယ်ရောက်တာနဲ့ သူဟာ ဗုဒ္ဓဘာသာပီပီ ရှင်ပြုချင်ခဲ့ပါတယ်၊ ဒါပေမယ့် ခွင့်မရခဲ့ပါဘူး။ ယောက်ျားဘက်က ဘာသာအတိုင်းပဲ ရိုးရာပွဲတွေ လုပ်ခဲ့ရပါတယ်။ ဒီတုန်းကလည်း မျက်ရည်နဲ့ မျက်ခွက်ပါပဲ။”

“တပည့်တော်မနဲ့ သူသား လက်ထပ်ပြီးတဲ့ နောက်မှာလည်း သားကို ချစ်တဲ့ဇောနဲ့ တပည့်တော်မရဲ့ အိမ်မှာ လိုက်နေတယ်။ ယောက္ခမကြီးဟာ တပည့်တော်မ စိတ်ကြည်လင်တဲ့ အချိန်ကို အမြဲတမ်း ချောင်းနေတယ်။ တပည့်တော်မ မျက်နှာ ကြည်ကြည်လင်လင် ရှိပြီဆိုတာနဲ့ အနားကိုလာပြီး သူ့သားကို ဒုလ္လဘရဟန်း ခုနစ်ရက်လောက် ဝတ်ခွင့်ပြုပါလို့ အနူးအညွတ် တောင်းဆိုတော့တာပဲ”

“တပည့်တော်မကလည်း တဇွတ်ထိုး တစ်ယူသန်ဆိုတော့ တစ်ခါမှ ခွင့်မပြုပါဘူး။ သတိထားမိတာ တစ်ခုကတော့ သူဟာ အဲဒီလို ခွင့်တောင်းလို့ မရတဲ့အခါတိုင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျပြီး ရှိုက်ကြီးတငင် ငိုကြွေးတာပါပဲ။ အဲဒီလို အချိန်ကျရင် အသည်းမာတဲ့ တပည့်မတောင် သူ့အတွက် စိတ်မကောင်း ဖြစ်ဖြစ်သွားတယ်”

“စိတ်ဆင်းရဲလို့ ထင်ပါတယ်။ အသက် မရှည်ရှာပါဘူး ဘုရား။ ခုနစ်ဆယ် မပြည့်ခင်မှာဘဲ ဆုံးသွားတယ်။ သူဆုံးပြီးတဲ့ အချိန်မှာ တပည့်တော်မကို သုံးကြိမ်တိတိ ဝင်ပူးပြီး လူ့ဘဝက သူ့ဆန္ဒကို ဖြည့်ပေးဖို့ တောင်းဆိုပြန်ပါတယ်”

“ဘာလဲ၊ သူ့သားကို ဒုလ္လဘရဟန်းခံပေးဖို့လား”

“ဟုတ်ပါတယ် ဘုရား။ သူ့သားကို ရဟန်းခံပေးမှ သူဒီပြိတ္တာဘဝက လွတ်မယ်။ သူ့ကို သနားရင်၊ မိခင်ချင်း ကိုယ်ချင်းစာရင် သူ့ဆန္ဒကို တစ်ကြိမ်တစ်ခါလောက် ဖြည့်ပေးပါလို့ ငိုယိုပြီး ပြောရှာပါတယ်။ ဒီလို သုံးကြိမ်တိတိ ဝင်ပူးပြောတဲ့အခါမှာတော့ သားတစ်ယောက် ရှိနေပြီဖြစ်တဲ့ တပည့်တော်မဟာ မိခင်ချင်း ကိုယ်ချင်စာပြီး ခင်ပွန်းဖြစ်သူကို ဒုလ္လဘရဟန်းခံခွင့် ပေးလိုက်ပါတယ်။”

“ရဟန်းခံပွဲမှာ အလှူပေးပြီး အမျှဝေတဲ့အတွက် ကျွတ်သွားတယ် ထင်ပါတယ်။ နောက်ထပ် ဘာမှ မပြတော့ပါဘူး။ ရတနာသုံးပါးဟာ ပြိတ္တာဘဝ ရောက်နေသူကိုတောင် ကျွတ်လွတ်နိုင်စွမ်း ရှိပါလား ဆိုတာ တပည့်တော်မ ကိုယ်တွေ့ သိလိုက်ရပါတယ်။ နောက် ရဟန်းခံပွဲမှာ ဟောတဲ့ တရားတွေကို နာရပြီး တပည့်တော်မတို့ တစ်အိမ်သားလုံး ဗုဒ္ဓဘာသာ ဖြစ်ခဲ့ရတာပါ”

“အမှန်အတိုင်း ဝန်ခံရရင် မြို့ထဲမှာ နေတုန်းက ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာဆိုတာ မိရိုးဖလာ ဗုဒ္ဓဘာသာပါ။ ရွှေပြည်သာရောက်မှ ဆရာတော် စွန့်ကြဲလိုက်တဲ့ မျက်ရည်မကျခင် သိစေချင်၊ မြန်မာတို့၏အသက် ဆိုတဲ့ စာအုပ်နှစ်အုပ်ကို ဖတ်ပြီးမှ တကယ့်ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတာပါ”

“လူတစ်ယောက်ဟာ အပြေး ဘယ်လောက် မြန်မြန်၊ တစ်ယောက်တည်း ပြေးတာဆိုရင် မြန်မှန်း မသိသာပါဘူး ဘုရား။ တခြား အပြေးသမားတွေနဲ့ ယှဉ်ပြီး ပြေးတဲ့အခါကျမှသာ သူအပြေးမြန်တာဟာ ပေါ်လွင်လာပါတယ် ဘုရား။ ဒီဥပမာအတိုင်းပဲ မြန်မာအများစုဟာ မွေးကတည်းက ဗုဒ္ဓဘာသာဖြစ်လာကြပြီး တခြား ဘယ်ဘာသာကိုမှလည်း မလေ့လာဖူးတော့ ဗုဒ္ဓဘာသာရဲ့ တန်ဖိုးကြီးပုံကို သိပ်မသိကြပါဘူး ဘုရား။”

“တပည့်တော်တို့လို ဘာသာခြားကနေ ဗုဒ္ဓဘာသာ ဖြစ်လာသူတွေကတော့ ဘာသာနှစ်မျိုးကို အလိုလို ယှဉ်ကြည့်ပြီးသား ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာရဲ့ တန်ဖိုးကြီးမားပုံ၊ မြင့်မြတ်ပုံတွေကို တကယ် သိနေပါတယ် ဘုရား။ ဒါကြောင့် ဗုဒ္ဓဘာသာအဖြစ်ကို အသက်ထက်တောင် တန်ဖိုးထားပါတယ် ဘုရား”

“တပည့်တော်တို့ မိသားစု ရတနာသုံးပါးကို အသက်ထက် တန်ဖိုးထားတယ် ဆိုတာကို ဘာသာခြားဖြစ်တဲ့ တပည့်တော်မရဲ့ ညီမဟာ မသိရှာပါဘူး။ ဒါ့ကြောင့်လည်း တပည့်တော်မကို ရတနာသုံးပါးနဲ့ သိန်းနှစ်ဆယ် ကြိုက်တာ ရွေးခိုင်းခဲ့ဖူးတယ်”

“သြော် -- စိတ်ဝင်စားစရာပဲ၊ ဘယ်လို ယှဉ်ပြီး ရွေးခိုင်းတာလဲ ပြောပြပါဦး”

“တပည့်တော်တို့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားကတည်းက ဆွေမျိုးအားလုံးက သေခန်းဖြတ်လိုက်ကြတယ်။ ဘာသာရေး အဖွဲ့အစည်းတွေဆီကလည်း ဘာအကူအညီမှ မရတော့ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေ့အထကလည်း ကျောင်းကန်ဘုရားကိုသာ လှူတတ်ကြတာ။ ဆင်းရဲ ဒုက္ခရောက်တဲ့သူကို စီးပွားရေး အကူအညီပေးတယ်ဆိုတာ မရှိသလောက် ရှားပါတယ် ဘုရား”

“ဒါကြောင့် တပည့်တော်တို့ ရွှေပြည်သာ မြို့သစ်ကို ရောက်တဲ့ အချိန်ကစပြီး ဆင်းရဲ ကြပ်တည်းသွားပါတယ်။ တပည့်တော်မရဲ့ သားလေးဟာ ညီမ မိသားစုရဲ့ အထောက်အပံ့နဲ့ မလေးရှားမှာ အလုပ်သွားလုပ်နေပါတယ်။ သးလေး ပို့တဲ့ငွေနဲ့ဆိုရင် တော်တော် ချောင်လည်မှာပါ။ ဒါပေမယ့် တပည့်တော်မသား ပို့တဲ့ငွေကို တပည့်တော်မတို့က ကိုယ်တိုင် တိုက်ရိုက် ထုတ်ယူလို့ မရဘူး ဘုရား”

“ဟင် - ကိုယ့်သားက ပို့တဲ့ငွေပဲ၊ ဘာဖြစ်လို့ ကိုယ်တိုင် ထုတ်ယူလို့ မရတာလဲ ”

“တပည့်တော်မရဲ့ ညီမက လမ်းစရိတ်ကအစ ကုန်ကျစရိတ် အားလုံးကို စိုက်ထားတာဆိုတော့ ကုမ္ပဏီက ငွေလွှဲပြီဆိုရင် ညီမနာမည်နဲ့ပဲ လွှဲပါတယ်။ အခု တပည့်တော်တို့ ဗုဒ္ဓဘာသာ ဖြစ်တဲ့အချိန်က စပြီး ညီမဖြစ်သူက သားလွှဲတဲ့ ငွေတွေကို အပိုင်သိမ်းပစ်လိုက်ပါတယ်။ တပည့်တော်တို့ကို မပေးတော့ပါဘူး”

“အို - တရားဥပဒေ မရှိတဲ့ တိုင်းပြည်မှ မဟုတ်ဘဲ။ ဒါယိကာမကြီးတို့က တရားမစွဲဘူးလား”

“တရားစွဲကြည့်ပါတယ်၊ သားပို့တဲ့ ငွေကို မရတဲ့အပြင် တပည့်တော်မတို့ မရှိမဲ့ ရှိမဲ့ ငွေလေးပါ ထပ်ကုန်သွားလို့ အခုတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲဆိုပြီး ငြိမ်နေလိုက်ပါတယ်။ တစ်နေ့တော့ တပည့်တော်မရဲ့ ညီမက တပည့်တော်ကို လှမ်းခေါ်ပြီး ပြောပါတယ်။ ဗုဒ္ဓဘာသာကို စွန့်ပြီး အရင်ဘာသာထဲ ပြန်ဝင်ပါ။ သား ပို့ထားတဲ့ သိန်းနှစ်ဆယ်ကျော် တစ်ခါတည်း ထုတ်ပေးမယ်တဲ့ ဘုရား။”

(မှတ်ချက်) ဤဖြစ်ရပ်သည် ၂၀၀၄ ခုနစ်က ဖြစ်၍ သိန်းနှစ်ဆယ်ကျော် တန်ဖိုးသည် မသေးကြောင်း ခန့်မှန်းကြည့်နိုင်သည်။

“ဒီတော့ ဒါယိကာမကြီးက ဘာပြန်ပြောလိုက်လဲ”

“သိန်းနှစ်ဆယ် မပြောနဲ့၊ သိန်းနှစ်ရာပေးလည်း ဗုဒ္ဓဘာသာကို မစွန့်ဘူးလို့ ပြောပြီး တစ်ခါတည်း ပြန်လာခဲ့တယ်။ တပည့်တော်မဟာ ဗုဒ္ဓဘာသာကို အသက်ထက် တန်ဖိုးထားလို့ အခုလို ပြောနိုင်တာပါ။ တပည့်တော်တို့ မိသားစု ဆင်းရဲနေတာ တပည့်တော်မ အသိဆုံးပါ။ သမီးနှစ်ယောက် အထည်ချုပ်စက်ရုံမှာ လုပ်တဲ့ လစာလေးနဲ့ပဲ မိသားစုငါးယောက် လောက်အောင် စားနေရတဲ့ ဘဝပါ ဘုရား”

“သမီးလေး နှစ်ယောက်ရဲ့ လစာကလည်း ဆုကြေးရော ဘာရောပေါင်းမှ တစ်လ ငါးသောင်းဆိုတာ အများဆုံးပါ။ တပည့်တော်နဲ့ အမျိုးသားကလည်း အသက်ကြီးပြီဆိုတော့ ဘာမှ မလုပ်နိုင်တော့ပါဘူး။ သမီးလေး နှစ်ယောက်ကလည်း တော်ရှာပါတယ်။ သူတို့ လစာနဲ့တင် အိမ်စရိတ် မလောက်မှန်းသိလို့ ငွေလေးသိန်းချေးပြီး ဖိနပ်နဲ့ အထည်စတွေကို အလုပ်သမားချင်း လပေးနဲ့ ရောင်းပါတယ်”

“ရောင်းတော့ ရောင်းရပါတယ် ဘုရား။ ဒါပေမယ့် အတိုးပေးရတာက များတယ် ဘုရား။ တစ်ရာ တစ်ဆယ်တိုးဆိုတော့ တစ်လပြည့်တိုင်း အတိုးက လေးသောင်း ပေးနေရတော့ မြတ်တဲ့ အမြတ်ကလေးက ကိုယ်မသုံးရဘဲ အတိုးထဲ ပါသွားတာပေါ့ ဘုရား”

ဒါယိကာမကြီးသည် စာရေးသူ မေးသဖြင့် သူ့ရင်ထဲ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြနေခြင်း ဖြစ်သည်။ အနာထပိဏ် သူဌေးကြီးကဲ့သို့ ရတနာသုံးပါးကို ငွေထက် တန်ဖိုးထားသော ဗုဒ္ဓဘာသာဝင်များ ရှိကြောင်း လက်တွေ့ မြင်ရသည့်အတွက် အားတက် ဝမ်းမြောက်မိသည်။ အနားတွင် ထိုင်လျက်ရှိသော ကပ္ပိယဖြစ်သူ ညီတော်မောင် စိုးတင့်အား ငွေလေးသိန်း ထုတ်ခိုင်းပြီး သူတို့မိသားစုကို ဂုဏ်ပြုလိုက်ပါသည်။

ယခု ၂၀၀၈ ခုနှစ်တွင်ကား သူတို့သည် ရွှေပြည်သာမြို့၌ ဆန်ဆီ ကုန်စုံဆိုင်ကြီးဖွင့်ကာ ရောင်းချနိုင်သော အဆင့်သို့ ရောက်နေလေပြီ။ ထိုသို့ ဖွင့်နိုင်ရန်အတွက်လည်း စာရေးသူ၏ နဝကမ္မထဲက ဆယ်သိန်းကျပ်ကို အတိုးမဲ့ စိုက်ထုတ်ကူညီခဲ့ပေသည်။ အပေါ်ယံကြည့်လျှင် ထိုမိသားစု ငွေလေးသိန်း ရသွားခြင်းသည် စာရေးသူက ပေးခြင်းဖြစ်သည်။ နက်နဲစွာ ကြည့်လျှင်ကား ရတနာသုံးပါးကို ကြည်ညိုသော သူတို့၏ စေတနာက ပေးခြင်းသာ ဖြစ်သည်။

ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ရေးသား ထုတ်ဝေသော လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ်ထဲမှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

# Posted by စေတနာရှင် on ဒီဇင်ဘာ 22, 2009 at 2:49am

No comments:

Post a Comment