Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, December 11, 2009

ထေရဝါဒမှတ်ကျောက် (မေတ္တာရှင်-ရွှေပြည်သာ)

ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားသော ထေရဝါဒမှတ်ကျောက် စာအုပ်အား (e-book) ပြုလုပ်၍ ဓမ္မဒါနပြုလိုက်ပါသည်။
လက်ခံရရှိသူများ၏ အသိမိတ်ဆွေများအားလည်း ဆက်လက် မျှဝေ၍ ဓမ္မဒါနပြုပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

ထေရဝါဒမှတ်ကျောက် (e-book) Download

မှတ်ကျောက်ဆိုသည်မှာ ရွှေထည်ပစ္စည်းတစ်ခုကို ရွှေစစ် / မစစ် ရွှေအရည်အသွေး စမ်းသပ်စစ်ဆေးသည့် အနေနှင့် မှတ်ကျောက် တင်ကြည့်ခြင်းကို ဆိုလိုပါသည်။ ရွှေထည်ပစ္စည်း တစ်ခုကို ရွှေအစစ် ဟုတ် / မဟုတ် သိနိုင်ရန် မှတ်ကျောက်ပေါ်တွင် ပွတ်တိုက်ကြည့်ပြီး မှတ်ကျောက်ပေါ်တွင် ကျန်ရှိနေသည့် ရွှေဝါရောင် မှုန်ကလေးများကို ငရဲမီးနှင့် တို့ကြည့်ပါက ရွှေအစစ်ဖြစ်လျှင် ထို အဝါရောင်မှုန်ကလေးများသည် မှတ်ကျောက်ပေါ်တွင် တင်ကျန်ရစ်ကာ ရွှေမစစ်ပါက ငရဲမီးစားသည့်ဒဏ်ကို မခံနိုင်ဘဲ အခိုး အငွေ့အဖြစ် ပြောင်းလဲကာ မှတ်ကျောက်ပေါ်မှ ပျောက်ကွယ်သွားပါသည်။

ဤဥပမာကို နမူနာယူပြီး ဘုရားဟော တရားဒေသနာများကို မှတ်တမ်းတင် ပြုစုထားသော ကျမ်းဂန်များတွင် မပါ၊ စာပေ ကျမ်းဂန် နှံ့စပ်သော ကဝိအကျော် ရှေးဆရာတော် ထေရ်ကြီးဝါကြီးများ၏ အဆိုအမိန့် ဟောကြားချက်များလည်း မရှိသည့်အပြင် သဘာဝယုတ္တိ၊ အာဂမ္မယုတ္တိ ကင်းမဲ့သော အတွေးအခေါ် အယူအဆများကို မှန်သည် / မှားသည် ကွဲပြားခြားနားစွာ မသိကြသော ဓမ္မသုတအားနည်းပါးသည့် ဗုဒ္ဓဘာသာနွယ်ဝင် ဆိုသူများ ခေတ်လူငယ်များအတွက် ဤ ထေရဝါဒမှတ်ကျောက် အမည်ရှိ စာအုပ်ကို စီစဉ်ထုတ်ဝေလိုက်ပါသည်။

ထေရဝါဒမှတ်ကျောက် အမည်ဖြင့် ထုတ်ဝေလိုက်သော ဤစာအုပ်ကို ကျေးဇူးရှင် ဆရာတော်သည် ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်ပြီး ဆရာတော်၏ ရည်ရွယ်ချက်များကို ဤစာအုပ်ကို ဖတ်ရှုရင်း စာဖတ်သူ သဘောပေါက် သိမြင်လာပါလိမ့်မည်။ ယနေ့ ဗုဒ္ဓဘာသာနွယ်ဝင် ဆိုသူများနှင့် ခေတ်လူငယ် အတော်များများသည် ဗုဒ္ဓဘာသာဝင် အမည်ခံထားသော်ငြားလည်း ဗုဒ္ဓဝါဒဖြစ်သော ကမ္မဿကတာ သမ္မာဒိဋ္ဌိ ခေါ် မိမိပြုသော ကံ၏ အကြောင်း အကျိုးတရားတို့ကို အလေးအနက် စဉ်းစားလက်ခံခြင်း မပြုဘဲ လွဲမှားသော အတွေးအခေါ် အယူအဆများကို သဘာဝကျ / မကျ၊ ယုတ္တိရှိ / မရှိ၊ ဖြစ်နိုင် / မဖြစ်နိုင် ချင့်ချိန် တွေးတောခြင်း မရှိဘဲ အများမိုးခါးရေ သောက်ရာတွင် မိမိပါ ရောနှော သောက်သလို ဖြစ်နေရာ၊ စာဖတ် ပရိသတ်များနှင့် ဗုဒ္ဓဘာသာဝင်အများ တရားသေ လက်ခံထားကြသော အတွေးအခေါ် မှားများ၊ အလွဲ အယူအဆများ ပပျောက်စေလိုသော စေတနာဖြင့် ဤစာအုပ်ကို ရေးသားခြင်း ဖြစ်ပါသည်။

သဘာဝယုတ္တိ အာဂမ္မယုတ္တိ ကင်းမဲ့ပြီး ယထာဘူတ မကျသော အယူအဆများကို ပုထုဇဉ် လူသားများ ဆုပ်ကိုင် စွဲလန်းသည်ကိုထား၊ သာသနာ့နွယ်ဝင် ရဟန်းရှင်အချို့ပင် ဤလွဲမှားသော အတွေးအခေါ်များကို လက်ခံယုံကြည်နေကြသည်ကို ဆရာတော် ကိုယ်တွေ့ ကြုံရသော အောက်ပါ ဖြစ်ရပ်လေးကို ထောက်ပြီး သိရှိနိုင်ပေသည်။ ဆရာတော် ကိုယ်တွေ့ ကြုံခဲ့ရသော ဖြစ်ရပ်လေးသည် ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်၊ ဝဲစုကျေးရွာသို့ တရားဟော ကြွစဉ်က ကြုံခဲ့ရခြင်းပါ။

အချန်ကား ည (၁၁)နာရီခန့် ရှိပြီး၊ တရားပွဲပြီးပြီ ဖြစ်သဖြင့် ဆရာတော် အနားယူ ကျိန်းစက်နေပြီ။ ကျွန်တော်နှင့် ဝဲစုဆရာတော်တို့သာ မအိပ်ကြသေးဘဲ စကားစမြီ ပြောနေကြသည်။ ထိုအခိုက် ဓမ္မစင်္ကြာဝတ်အသင်းမှ အမျိုးသမီးတစ်ဦး ကျောင်းပေါ်သို့ ရေးကြီး သုတ်ပြာ တက်လာပြီး -

“ ဦးဇင်း ဘုရား၊ တခြားရွာက တရားနာလာတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက် ဗိုက်နာပြီး ကျောင်းဝင်းထဲမှာ မီးဖွားမလို့တဲ့ ဘုရား ”

“ ဟ - ကျောင်းဝင်းထဲမှာ မွေးလို့ ဘယ်ဖြစ်မလဲ၊ ကျောင်းပြင်မှာ ရှိတဲ့ အနီးဆုံး အိမ်တစ်အိမ်ကို မြန်မြန်ခေါ်သွားပြီး မွေးပေးလိုက်ပေါ့ ”

ကျောင်းပရဝုဏ် အတွင်းတွင် မွေးမှာကို စိုးရိမ်သော ဝဲစုဆရာတော်က ကဗျာကယာ ဟန့်ထား အကြံပေးလိုက်သည်။

“ မလွယ်ဘူး ဘုရား၊ အခြေအနေ ဆိုးနေတယ်၊ အချိန်မရှိဘူး ”

ပြောပြောဆိုဆို ယောဂီအမျိုးသမီး ကျောင်းပေါ်မှ ခပ်သုတ်သုတ် ဆင်းသွားသည်။ ဆင်းသွားသော ယောဂီအမျိုးသမီးကို ကြည့်ရင်း ကိုယ်ဝန်ဆောင် အမျိုးသမီးဆီ စိတ်ရောက်သွားသည်။ သူ့ခမျာ လွယ်လွယ်ကူကူ ချောချောမောမောမှ မွေးနိုင်ပါ့မလား၊ ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ ဆိုသည့် စကားရှိသည်။ သစ်ဆဲဖောင် အလုပ်သမားများနှင့် အိမ်ထောင်ရှင် မိန်းမများ မီးဖွားရာတွင် ကြုံတွေ့ရတတ်သော အန္တရာယ်များကို နှိုင်းယှဉ် တင်ပြထားသည့် အဆိုအမိန့် ဖြစ်သည်။

တကယ်တော့ ယောက်ျား ဖောင်စီးဟု ဆိုသော်လည်း ယောက်ျားတိုင်း သစ်ဖောင်လုပ်သား မဟုတ်ပါ၊ လေဆန် လှိုင်းကြီး အသက်အန္တရာယ်နှင့် နီးသော ဖောင်လုပ်သား အလုပ်ကို ယောက်ျားဖြစ်တိုင်း လုပ်မစားပါ။ ထို့ကြောင့် ယောက်ျားအများစုသည် အန္တရာယ်ဆိုးနှင့် ကြုံရ ခဲပါသည်။ သို့သော် မိန်းမ မီးနေ ဆိုသော စကားစုမှာမူ မိန်းမသား အများစုနှင့် သက်ဆိုင် အကျုံးဝင်နေသည်။

ပုထုဇဉ်တို့ သဘာဝ အရွယ်ရောက်သည်နှင့် အိမ်ထောင် သားမွေးပြုကြသည်ဖြစ်ရာ လူမှုဒုက္ခ အသီးသီး ရှိကြည့်သည့် အနက် အမျိုးသမီးများက ယောက်ျားများထက် ဒုက္ခကြီးတစ်ခု ပိုသည်မှာ ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းပင် ဖြစ်သည်။ အိမ်ထောင်သည် မိန်းမတိုင်း မလွဲမရှောင်သာ ကြုံရသည့် ဤအာဝေနိက ဒုက္ခသည် အသက်အန္တရာယ်နှင့် နီးသဖြင့် ကိုယ်ဝန်သည် မိန်းမများ တစ်နေ့လျှင် သုံးကြိမ် သင်္ချိုင်းကို မျက်စောင်းထိုးသည်ဟု လည်းကောင်း၊ မိန်းမ မီးနေ၊ ယောက်ျား ဖောင်စီးဟု လည်းကောင်း ဆိုရိုးရှိခဲ့ပေသည်။ ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေဟု ဆိုရိုးစကား ရှိသော်လည်း၊ ယောက်ျားဖြစ်ပြီး ဖောင်မစီးလျှင် ရစေကာမူ၊ မိန်းမဘဝရလာပြီး အိမ်ထောင်ကျသည်နှင့် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း ဒုက္ခကိုမူ မလွဲမသွေ ကြုံတွေ့ရမည်။

ယခုပင် ကြည့်ပါ၊ အခြားရွာမှ တရားနာရန်လာသော အမျိုးသမီး၊ မိမိရှေ့တွင်ပင် အိမ်ထောင်ရှင်မတို့ တွေ့ကြရမည့် ဒုက္ခကို တွေ့နေရပြီ၊ ကျေးလက်တွင် နေထိုင်ကြသော တောသူ တောင်သားတို့ သဘာဝ မြို့ပြနှင့် ဝေးသမျှ ကျန်းမာရေး ဗဟုသုတ ပြည်စုံမှု အားနည်းကြသည်။ မိမိ ကလေးမွေးမည့် ရက်ကိုပင် တိတိကျကျ သိရှိဟန် မတူ။ ထို့ကြောင့်လည်း လမ်းပန်းဆက်သွယ်မှု အဆင်မပြေ မချောမွေ့သဖြင့် တော်ရုံ ဓမ္မကထိကများ မလာရောက်သော ဤလို ဒေသမျိုးသို့ တကူးတက ကြွရောက် တရားဟောသည့် ဆရာတော်ကြောင့် ကြုံတောင့်ကြုံခဲ တရားပွဲကို အားခဲလာရောက် တရားနာရာမှ မမျှော်လင့်ပဲ ကမ္မဇလေ လှုပ်ရှားပြီး မွေးဖွားချိန် ကြုံခဲ့ခြင်း ဖြစ်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးအကြောင်း စဉ်းစားမိရာမှ တောင်တွေး မြောက်တွေး တွေးရင်း အိပ်မပျော်တော့ဘဲ အရုဏ်တက်ချိန် တိုင်ခဲ့သည်။ ဆရာတော်ကို အရုဏ်ဆွမ်း ကပ်ရင်းမှ ညဥ့်ဦးပိုင်းက ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ဆရာတော်အား ပြည်လည် လျှောက်ထားလိုက်သည်။

“ ဆရာတော်၊ ညက တရားပွဲအပြီး ကိုယ်ဝန်ဆောင်တစ်ဦး ဗိုက်နာလာလို့ ကျောင်းဝင်းထဲမှာ ကလေးမွေးခွင့် လာလျှောက်တယ် ဘုရား ”

“ ဟာ - ဒါများ၊ ကျောင်းထဲ ခေါ်ပြီး မမွေးခိုင်းလိုက်ဘူးလား၊ ဒီမှာ သင်္ကန်းတွေကာပြီး အခန်းလုပ်ပေးလိုက်ရင် ပြီးတာပဲဟာ ”

“ ဝဲစုဆရာတော်က ကျောင်းဝင်းထဲ မမွေးနဲ့လို့ ပြောတာနဲ့ ပြန်ဆင်းသွားတာပဲ၊ ဘယ်သွားမွေးလဲ မသိပါဘူး ”

ဆရာတော်သည် ဝဲစုဆရာတော်ဘက်သို့ လှည့်ပြီး -

“ ဒီကိုယ်တော်လည်း မီးနေခန်းဆိုတာ ယောက်ျားတွေကို ဘုန်းနိမ့်စေတတ်တဲ့ နေရာလို့ လက်ခံ ယုံကြည်ထားပုံရတယ် ”

ဟု ပြောပြီး စကားဆက်သည်။

“ ဒီမယ် ကိုယ်တော်၊ မီးနေခန်းဆိုတာ လူတွေ၊ အထူးသဖြင့် ယောက်ျားတွေ ဘုန်းနိမ့်တတ်တယ် ဆိုတဲ့ အယူအဆဟာ သဘာဝမကျသလို ယုတ္တိလည်း မရှိပါဘူး၊ ကိုယ်တော် စဉ်းစားကြည့်လေ တပည့်တော်တို့ ကိုယ်တော်တို့ဟာ ဒီအခန်းထဲက ထွက်လာကြတာပဲ မဟုတ်လား၊ ဒါဆို ဘုန်းနိမ့်ပြီပေါ့၊ ပြောလက်စနှင့် ပြောဦးမယ် ”
“ လူနဲ့ တိရစ္ဆာန် ဘယ်သူမြတ်သလဲ ”

“ လူက မြတ်ပါတယ် ဘုရား ”

“ ဟုတ်ပြီ၊ ဒီတော့ လောကမှာ ခွေး၊ ကြောင်၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား စတဲ့ တိရစ္ဆာန်တွေ ရှိတယ်၊ ခွေးတွေ ကြောင်တွေ သားကျ ကလေးမွေးပြီဆိုရင် အိမ်အောက်မှာ မွေးတာ ရှိသလို အိမ်ပေါ်မှာ၊ အိမ်ခန်းထဲမှာ၊ ကုတင်အောက်မှာ မွေးကြတယ်၊ ဒီအိမ်သားတွေ ဘုန်းနိမ့်ကုန်ရောပေါ့၊ နောက်ပြီး ဝက်၊ ဆိတ်၊ နွား၊ ကြက် စတဲ့ တိရစ္ဆာန် မွေးတဲ့သူတွေ ဝက်တွေ၊ နွားတွေ၊ ဆိတ်တွေ ကလေးမွေးပြီဆိုရင် ခြံထဲကို ကိုယ်တိုင် ဂရုတစိုက် ဆင်းကြည့်ရတယ်၊ အိပ်ရာနေရာ သန့်ရှင်းအောင် ပြုပြင်ပေးရတယ်၊ ဒါဆို ဒီလူတွေလည်း ဘုန်းနိမ့်ကြမှာပဲ ”

“ ဒီပြင် ဆေးပညာရှင်တွေ ဖြစ်တဲ့ ယောက်ျားဆရာဝန်တွေ ဆေးကျောင်းသားတွေဟာ ဘုန်းကံနိမ့်သူတွေလို့ သတ်မှတ်ရမှာလား၊ ယောက်ျားဆရာဝန်တွေ၊ ဆေးကျောင်းသားတွေ ဆေးခန်းတို့ ဆေးရုံတို့မှာ တာဝန်ကျတဲ့ မီးယပ်နဲ့သားဖွား ပါရဂူတွေဟာ မွေးခန်းနဲ့ မကင်းပါဘူး၊ မီးနေခန်းဟာ ယောက်ျားတွေကို ဘုန်းနိမ့်စေတာ မှန်ရင် ဒီဆရာဝန်တွေ၊ ဆေးကျောင်းသားတွေဟာ တစ်ယောက်မှ ဘုန်းရှိတဲ့သူ မဟုတ်တော့ဘူး၊ ဒါပေမယ့် သူတို့ဟာ ဘုန်းမနိမ့်တဲ့အပြင် ဝင်ငွေကောင်းလိုက်ကြတာ မပြောနဲ့တော့၊ ပါရဂူတွေဆိုရင် ပိုပြီး ဝင်ငွေကောင်းသေးတယ်။

ကလေးမွေးခန်း တစ်နည်းဆိုရရင် မီးနေခန်းထဲကို ရောက်လာတဲ့ မွေးလူနာဟာ မွေးခန်းထဲ ရောက်တာနဲ့ ငါမွေးလာမယ့် ရင်သွေးလေးဟာ ကျန်းကျန်းမာမာ ဖြစ်ပါစေ၊ အနာမျိုး ကိုးဆယ့်ခြောက်ပါး ကင်းစင်ပြီး ခြေလက်အင်္ဂါ ပြည့်စုံကာ ထွားကျိုင်းသန်မာတဲ့ ကလေးဖြစ်ပါစေ စသဖြင့် ဆုတောင်း မေတ္တာပို့တဲ့ သန့်ရှင်းဖြူစင်သော မိခင်မေတ္တာတွေ ပျံ့နှံ့နေတဲ့ အခန်းဟာ ဘာအကြောင်းကြောင့် လူကို ဘုန်းနိမ့်စေတာလဲ၊

တကယ်တော့ လူတစ်ယောက် ဘုန်းကံ နိမ့်တယ် မြင့်တယ်ဆိုတာ သူပြုခဲ့တဲ့ အကုသိုလ်တရား၊ ကုသိုလ်တရားရဲ့ အကြောင်းရင်းခံတွေပေါ်မှာ မူတည်တာပါ။ ဒါကြောင့် မီးနေခန်းဆိုတာ မသန့်လို့ ယောက်ျားတွေ ဘုန်းနိမ့်တယ်ဆိုတာ ယုတ္တိမရှိ၊ သိပ္ပံနည်းမကျ၊ ယထာဘူတ မဆန်တဲ့ အတွေးအခေါ်တွေပါ။ ဒါတွေကို ဖျောက်ဖျက်ဖို့ ဗုဒ္ဓတရားတော်တွေနဲ့ ချိန်ကိုက် စစ်ဆေးကြည့်ဖို့ သိပ်အရေးကြီးတယ်။

ဆရာတော် အမိန့်ရှိမှပဲ ဒီနေ့ ကျွန်တော်တို့တွေဟာ ယုတ္တိမရှိ၊ သဘာဝမကျတဲ့ အယူအဆတွေကို လက်ခံထားတာတွေ အများအပြား ရှိပါသေးလား ဆိုတာကို တွေးမိပါတော့တယ်။ ဒါကြောင့် ဘုရားဟော ကျန်းဂန်မှာလည်း မပါ၊ ရှေးပညာရှိ ကဝိအကျော် ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများရဲ့ မိန့်ကြားထားခြင်းလည်း မရှိတဲ့ အတွေးအခေါ်မှားတွေ အယူအဆ အစွဲအလန်းမှားတွေကို စွန့်လွှတ်ဖို့ ရည်ရွယ်ရေးသားထားတဲ့ ဤ ထေရဝါဒမှတ်ကျောက် စာအုပ်ကို ဖတ်ရှုပြီး ဘိုးစဉ်ဘောင်ဆက် လက်ခံခဲ့ကြတဲ့ ဗုဒ္ဓအလိုကျ မဟုတ်သော အစွဲအလန်း ယုံကြည်မှုများကို စွန့်လွှတ်ကာ လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးများ ရွက်ဆောင်နိုင်စေခြင်းငှာ ဤစာအုပ်ကို စီစဉ်ထုတ်ဝေလိုက်ပါသည်။

မေတ္တာရည်လျက်
စိုးတင့် (ရွှေပြည်သာစာပေ)
# Posted by စေတနာရှင် on December 10, 2009 at 2:58pm

No comments:

Post a Comment