Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, December 12, 2009

ငွေဆောင်ရောက် ချောင်းသာ ဧည့်သည် အမျိုးသမီး နှစ်ဦး ရေနစ်သေဆုံး ........................................


ချောင်းသာကို အပန်းဖြေသွားတဲ့ ဧည့်သည် အမျိုး သမီး နှစ်ဦး ငွေဆောင်ကမ်းခြေကို အလည် သွားရင်း ရေနစ်သေဆုံးမှုတစ်ခု ဒီဇင်ဘာ ၅ ရက်နေ့က ဖြစ်ပွား ခဲ့တယ်လို့ သိရတယ်။ ချောင်းသာကမ်းခြေက ဟိုတယ် တစ်ခုမှာ တည်းတဲ့ ဧည့်သည်အမျိုးသမီး လေးဦးဟာ ပြန်မယ့်နေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ဆိုင်ကယ်ကယ်ရီနဲ့ ငွေဆောင်ကမ်းခြေကို သွားလည် ကြတယ်။ ငွေဆောင် ကမ်းခြေ ရောက်တော့ ချစ်သူများ ကျွန်းကအပြန် ရေတက်ချိန်ကို မသိတာကြောင့် အပြန် မှာ ရေတက် လာတာနဲ့ကြုံပြီး ကမ်းခြေဘက်ကို ပြန်ကူးလာတဲ့ အချိန်မှာ ရေနစ်မြှုပ်ခဲ့တာပါ။ အချိန်က ၁၁း၃၀ နာရီမှာ ဖြစ်ပြီး အမျိုးသမီး လေးဦးထဲက အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်အရွယ် နှစ်ဦးကို ကမ်းခြေရှိ ဈေးဆိုင်က လူငယ် တစ်ဦးက ကယ်ဆယ်နိုင် ခဲ့တဲ့ အတွက် အသက်ရှင် ခဲ့တယ်။ အသက် ၂၉ နှစ်နဲ့ ၄၁ နှစ်အရွယ် အမျိုးသမီး နှစ်ဦးကတော့ ရေနစ်ပြီး ကမ်းပေါ်ပြန်ဆယ် နိုင်တဲ့ အချိန်မှာ အသက်မရှိတော့ဘူးလို့ သိရပါတယ်။ ငွေဆောင်ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက “ ချစ်သူများကျွန်းမှာ ရောက်နေတုန်း တစ်ဖက် ကို ပြန်ရေတက်လာတာ သတိမထားမိကြဘူး၊ ဆိုင်ကယ် ကယ်ရီသမားတွေ လဲပါတယ်၊ အားလုံး ပြန်ကူးလာတော့ ရေက တော်တော် တက်နေပြီ ရေကလူတစ်ရပ် ကျော်ထိတောင် တက်နေတဲ့အပြင် လှိုင်းဆုံတဲ့နေရာ လဲ ဖြစ်တာကြောင့် ဒီလိုဖြစ်သွားတာပါ၊ ဒါတောင် ဘောကွင်း နဲ့ ဈေးဆိုင်က ကလေးတစ်ယောက်က ကယ်လို့နှစ်ယောက်က အသက်ရှင် တာ သေဆုံးသူနှစ်ဦးကိုတော့ ပုသိမ်ဆေးရုံကို သယ်သွားတယ် ” လို့ ပြောတယ်။ ဧည့်သည်အမျိုးသမီးတွေက မြင်းခြံမြို့ကလာတာ ဖြစ်ကြောင်း သိရတယ်။ အဲသည်ဖြစ်စဉ်ကို ငွေဆောင်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၆/၀၉ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။ ချောင်းသာကမ်းခြေမှာရှိတဲ့ ဟိုတယ် မှ တာဝန်ရှိသူ တစ်ဦးကတော့ “ မြင်းခြံကလာတဲ့ ဧည့်သည်တွေပါ၊ မိသားစု ခုနစ်ယောက်အတူ လာကြတာ၊ ပြန်မယ့်နေ့မှာ ဧည့်သည် မိန်းကလေး လေးယောက်က ငွေဆောင်ကို ဆိုင်ကယ်နှစ်စီးနဲ့ သွားလည်ပြီး အဲဒီကမှ လမ်းမှာ မိသားစုတွေဆုံပြီး ပြန်ကြမယ်လို့ စီစဉ်နေသံ ကြားတယ်၊ ကျန်တဲ့မိသားစုတွေ ပြန်ခါနီးမှာ ငွေဆောင်က အကြောင်း ကြားတဲ့ ဖုန်းဝင်လာလို့ သတင်းကြားကြားချင်းပဲ ငွေဆောင်ကို လိုက်သွားကြတယ်” လို့ ပြောတယ်။ အဲသည်လို ဧည့်သည်နှစ်ဦး ရေနစ် သေဆုံးရခြင်း အကြောင်းရင်းက လူအများပြောသလို ရေဆွဲ ကြောင့် မဟုတ်ဘဲ တစ်ဘက်တစ်ချက်က လာတဲ့ လှိုင်းနှစ်ခုဆုံတဲ့ နေရာမှာ ရေတက်ချိန်နဲ့ သွားကြုံတာကြောင့် ဖြစ်တယ်လို့ သိရတယ်။ ချစ်သူများကျွန်းက ရေကျချိန်မှသာ သွားလို့ရပြီး ရေတက်ချိန်ဆို တစ်ဖက် တစ်ချက်က လာတဲ့ ရေလှိုင်းတွေက လမ်းကို ဖုံးသွားပြီး လှိုင်းဆုံးတဲ့နေရာမို့ ဝဲဂယက်လို အန္တရာယ်ရှိတယ်လို့ ငွေဆောင်ဒေသခံတွေရဲ့ အဆိုအရ သိရတယ်။ ပုံမှန်ဆိုရင်တော့ ငွေဆောင် ကမ်းခြေမှာ ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် ဟိုတယ်တိုင်းမှာ လုံခြုံရေး ဝန်ထမ်း တွေ ထားရှိထားတယ်။ အခုဖြစ်စဉ်မှာ ချောင်းသာ ဧည့်သည်တွေ ငွေဆောင်ကို ရောက်နေတယ်ဆိုတာ သတိမထားမိတဲ့အပြင် ချစ်သူများ ကျွန်းရှိရာ နေရာက ကမ်းခြေဟိုတယ်တွေနဲ့ အလှမ်းဝေးတဲ့အတွက် အခုလို မဖြစ်သင့်ဘဲ ဖြစ်သွားတာလို့ ငွေဆောင်ဟိုတယ် အချို့က ဆိုပါတယ်။ ( Modern)

# Posted by aungkyawoo1982 on December 12, 2009 at 9:58pm

No comments:

Post a Comment