Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, December 20, 2009

သားတို့၊ သမီးတို့ထံ ပေးစာ (၂) - အမွေခံထိုက်သူ...

သားသမီး ဆိုသည်မှာ မိဘများ ပိုင်ဆိုင်ကြတဲ့ ငွေကြေး၊ ဥစ္စာပစ္စည်း များကို လက်ဆင့်ကမ်း ပိုင်ဆိုင်ကြရမယ် ဆိုပြီးတော့ သာမန်အားဖြင့် တွေးလို့ ရနိုင်တာပဲ။ မိဘတွေ ပိုင်ဆိုင်ကြတဲ့ ငွေကြေး၊ ဥစ္စာပစ္စည်း များကို လက်ဆင့်ကမ်း ပိုင်ဆိုင်ကြတဲ့ နေရာမှာ နှစ်မျိုး နှစ်စား ရှိတယ် ဆိုတာကို သားတို့၊ သမီးတို့ မှတ်သားထားကြရဖို့ ဘုန်းဘုန်း ပြောပြမယ်။
ပထမ တစ်မျိုးက သားသမီး ၀တ္တရား ငါးပါး မကျေပွန်ဘဲနဲ့ မိဘတွေ ဆီက ငွေကြေး၊ ဥစ္စာပစ္စည်းတွေကို လက်ခံ ရရှိလိုက်တာ။ ဒုတိယ တစ်မျိုးက သားသမီး ၀တ္တရား ငါးပါး ကျေပွန်ပြီးမှ မိဘတွေ ဆီက ငွေကြေး၊ ဥစ္စာပစ္စည်းတွေကို လက်ဆင့်ကမ်း ရရှိလိုက်တာ။
အဲဒီတော့ ပထမ သားသမီးမျိုးက မိဘတွေဆီကနေ မတရားတဲ့ နည်းနဲ့ ရရှိလိုက်တာ။ ဒုတိယ သားသမီးမျိုး ကျတော့ မိဘတွေ ဆီက တရားတဲ့နည်းနဲ့ လက်ခံ ရရှိတာ။
မတရားတဲ့ နည်းလမ်းနဲ့ ရရှိလိုက်တယ် ဆိုတာက မိဘတွေရဲ့ အကျိုးစီးပွား၊ မိဘတွေရဲ့ ကောင်းကျိုး၊ မိဘတွေရဲ့ ကုသိုလ် ကောင်းမှုတွေကို လုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိဘဲနဲ့ မိဘတွေ ပိုင်ဆိုင်ကြတဲ့ အရာတွေကို လိုချင် လောဘ တက်နေကြတာလေ။
တရားတဲ့ နည်းလမ်းနဲ့ လက်ခံ ရရှိတယ် ဆိုတာကတော့ မိဘတွေရဲ့ အကျိုးစီးပွား၊ မိဘတွေရဲ့ ကောင်းကျိုး၊ မိဘတွေရဲ့ ကုသိုလ် ကောင်းမှုတွေကို လုပ်ကိုင်ဆောင်ရွက်ပေးပြီးမှ မိဘတွေ ပိုင်ဆိုင်ကြတဲ့ အရာတွေကို လက်ဆင့်ကမ်း ထိန်းသိမ်း ရရှိလိုက်တာကို ဆိုလိုတာပါပဲ။
မတရားတဲ့ နည်းလမ်းနဲ့ ရရှိလိုက်တဲ့ ငွေကြေး၊ ဥစ္စာပစ္စည်းတွေဟာ မသန့်စင်ဘူး။ မဖြူစင်ဘူး။ မမွန်မြတ်ဘူး။ တရားတဲ့နည်းလမ်းနဲ့ ရရှိလိုက်တဲ့ ငွေကြေး၊ ဥစ္စာပစ္စည်း တွေကသာ သန့်စင်တယ်။ ဖြူစင်တယ်။ မွန်မြတ်တယ်။
ဒါကြောင့် မိဘတွေ ပိုင်ဆိုတဲ့ အရာတွေကို ရရှိတာခြင်း တူတယ် ဆိုတာတောင်မှ သန့်စင်မှု။ မသန့်စင်မှု၊ ဖြူစင်မှု၊ မဖြူစင်မှု၊ မြင့်မြတ်မှု၊ မမြင့်မြတ်မှု ဆိုတာတွေက ကွာဟနေသေးတယ် လို့ သားတို့၊ သမီးတို့ နားလည်ထားရမယ်။
ကဲ ဒါဆိုရင် သားတို့၊ သမီးတို့တွေဟာ မိဘတွေရဲ့ ငွေကြေး၊ ဥစ္စာပစ္စည်းတွေကို ရရှိလာတဲ့အခါမှာ သန့်စင်၊ ဖြူစင်၊ မွန်မြတ်နေအောင် မြတ်စွာဘုရားက နည်းလမ်းလေး ပေးထားတာ ရှိတယ်။ မြတ်စွာဘုရားက သိင်္ဂါလောဝါဒ သုတ္တန်မှာ သိင်္ဂါလောဝါဒ သတို့သားကို ဟောကြား ဆုံးမထားတဲ့ သားသမီး ၀တ္တရား ငါးပါး ဆိုတာရှိတယ်။ အဲဒါကတော့ သားတို့၊ သမီးတို့ ကြားဖူးပြီးသားပါ။
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။
ကျွေးမွေးမပျက် ဆိုတာက မိဘတွေ အိုမင်းရင့်ရော်လာတဲ့ အခါမှာ မိဘတွေအတွက် လိုအပ်တဲ့ အစားအသောက်များကို လိုလေသေးမရှိ ကျွေးမွေးတယ်။ မိဘတွေကို ငြူစူမှု မရှိဘဲ စိတ်ရှည် သည်းခံစွာနဲ့ ပြုစုတယ်။
ဆောင်ရွက်စီမံ ကတော့ မိဘတွေရဲ့ လောကီအကျိုး၊ လောကုတ္တရာအကျိုး နှစ်ရပ်လုံးကို လစ်ဟာမှု မရှိလေအောင် စီမံဆောင်ရွက်ပေးတယ်။
အဲဒီမှာ လောကီအကျိုး ဆိုတာက မိဘတွေရဲ့ စီးပွားရေး လုပ်ငန်းများ တိုးတက် ကောင်းမွန်လာစေဖို့ မိမိမှာ ရှိနေတဲ့ အချိန်တွေကို အလကား မသုံးပစ်ဘဲ မိဘတွေနဲ့အတူ လိုအပ်တဲ့ အလုပ် နေရာတွေမှာ လုပ်ကိုင်ဆောင်ရွက် ပေးတာ ဖြစ်တယ်။ မိဘတွေကို တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေတယ်။ မိဘတွေရဲ့ အချိန်နဲ့ လုပ်အား၊ ပင်ပန်း နွမ်းနယ်မှုတွေကို သက်သာစေတယ်။
လောကုတ္တရာအကျိုး ဆိုတာကတော့ မိဘတွေ ကုသိုလ် ကောင်းမှုများ ပြုလုပ်ကြတဲ့ အခါကျရင် ပိုပြီး အဆင်ပြေနိုင်စေဖို့ သားတို့၊ သမီးတို့က စိတ်အား ထက်သန်စွာနဲ့ ၀င်ပြီး ကူညီပေးကြတာဖြစ်တယ်။
ဥပမာ - မိဘတွေက ဘုရားကျောင်းကန်၊ ဘုန်းကြီးကျောင်းများကို သွားပြီး စိတ်အေးချမ်းသာစွာနဲ့ ဥပုသ် သီတင်းသီလများ ဆောက်တည်ချင်တယ်၊ တရားအားထုတ်ဖို့ တရားစခန်းများကို ၀င်ချင်တယ် ဆိုပါစို့။ အဲဒီ အခါမှာ သားတို့၊ သမီးတို့က မိဘတွေကို လိုက်ပို့ပေးတာတို့ အနောက်ကနေပြီးတော့ လိုအပ်တာတွေကို စီစဉ်ဆောင်ရွက် ပေးတာတို့၊ အဲဒါတွေကို ကြည်ကြည်ဖြူဖြူနဲ့ ငြိုငြင်ခြင်း မရှိဘဲ လုပ်ဆာင်ပေးရမယ်။ ဒါမှသာ မိဘတွေက တရားအားထုတ်တဲ့ အခါကျရင် စိတ်ချလက်ချနဲ့ တရားဓမ္မတွေကို လေးလေးနက်နက် အားထုတ်နိုင်ကြမှာလေ။
မွေခံထိုက်စေ ဆိုတာကတော့ မိဘတွေ ပိုင်ဆိုင်ကြတဲ့ ငွေကြေး၊ ဥစ္စာပစ္စည်းတွေကို စည်းကမ်းတကျနဲ့ တိုးတက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ပြီး လက်ရှိအနေအထားထက် ပိုပြီး တိုးတက်ကြီးပွားလာအောင် ကြိုးစားကြဖို့ အမွေဆက်ယူတာ ဖြစ်တယ်။
လှူမျှဝေ၍ ဆိုတာက ဆုံးပါး သွားကြပြီ ဖြစ်တဲ့ ဘိုးဘွားတွေ သော်လည်းကောင်၊ မိဘတွေ သော်လည်းကောင်း ရှိခဲ့ကြသည် ရှိသော် သေဆုံးသွားကြသော ပုဂ္ဂိုလ်များအတွက် ကောင်းမှုကုသိုလ်များ ရရှိနိုင်ကြစေဖို့ ရည်စူးလျှက် သားတို့၊ သမီးတို့က ကောင်းမှုကုသိုလ်လုပ်ပြီး ရရှိလာတဲ့ ကောင်းမှုကုသိုလ်တွေကို အမျှပေးဝေခြင်း ဖြစ်တယ်။
စောင့်လေမျိုးနွယ် ဆိုတာက သားတို့၊ သမီးတို့ရဲ့ မိဘဘိုးဘွား၊ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုးသားချင်း အဲဒါတွေ အားလုံးကို တတ်နိုင်တဲ့ ဘက်ကနေ ကြည့်ရှု စောင့်ရှောက်ရမယ်။ ချစ်ချစ်ခင်ခင် နေရမယ်။ တစ်ဦးနဲ့ တစ်ဦး ရိုင်းပင်း ကူညီကြရမယ်။ တစ်ဦးရဲ့ အကျိုးစီးပွားတွေကို တစ်ဦးက ဖေးမ ဆောင်မ ပေးရမယ်။
အဲဒီလိုမျိုး ကျင့်ဝတ်ငါးသွယ်ကို သားတို့၊ သမီးတို့က တစ်သွေမတိမ်း လိုက်နာကြပြီး မိဘတွေ အပေါ်ကို ကျေးဇူး အထူး သိတတ်သွားကြမယ် ဆိုရင် သားတို့၊ သမီးတို့တွေဟာ အမွေခံထိုက်သူတွေ ဖြစ်သွားကြမှာပဲ။
ဒီလိုမှ မဟုတ်ရင်တော့ သားတို့၊ သမီးတို့ဟာ မိဘကို သေမှ ငိုကြမယ့် သားတွေ၊ သမီးတွေ ဖြစ်သွားကြလိမ့်မယ်။ မိဘတွေ မသေခင်မှာလည်းပဲ မလုပ်ကျွေးဘူး သေတဲ့ အခါကျရင်တော့ အသံကုန်ဟစ်ပြီး အော်ငိုပြကြမယ် ဆိုရင် သဘာဝ သိပ်မကျ ဖြစ်သွားလိမ့်မယ်။
ဒါကြောင့် စကားလေးတစ်ခု ပေါ်ထွက်လာတာပေါ့။
“မိဘကို သေမှ မငိုနဲ့။ မသေခင် လုပ်ကျွေးကြ”
မိဘတွေ သေဆုံးသွားတဲ့ အခါကျရင် မငိုရလေအောင် သားသမီး ၀တ္တရား ငါးပါးကို ကျေပွန်ထားကြပြီးပြီ ဆိုရင်တော့ ငိုစရာတောင် မလိုတော့ပါဘူး။ သားတို့၊ သမီးတို့က တာဝန်တွေ အားလုံးကို ကျွေပွန်ပြီးကြပြီ မဟုတ်လား။
ဒါဆိုရင်တော့ သားတို့၊ သမီးတို့ဟာ ဖြူစင်စွာနဲ့ အမွေခံထိုက်သူတွေ စင်စစ်မသွေ ဖြစ်သွားကြပါပြီ။ ဖြူစင်စွာနဲ့ အမွေခံထိုက်သူတွေ ဖြစ်အောင်သာ ကြိုးစားအားထုတ်ကြပါလို့ ဘုန်းဘုန်း မှာလိုက်ချင်ပါတယ်…..

အရှင်ဉာဏဒီပ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်) http://www.ashinnyanadipa.com, nyanadipa@gmail.com

No comments:

Post a Comment