Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label ၂၉၊ ၂၀၀၉--MoeMaKa Magazine. Show all posts
Showing posts with label ၂၉၊ ၂၀၀၉--MoeMaKa Magazine. Show all posts

Tuesday, November 10, 2009

နယ်စပ်လမ်းက ဝမ်းတထွာ - ၃ ခိုင်မာကျော်ဇော အောက်တိုဘာ






(အခုအပတ်မှာတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်က ပန်းခင်းတွေ၊ သီးနှံစိုက်ခင်းတွေနဲ့ စိုက်ပျိုးရေးခြံတွေမှာ တဝမ်းစား တခါးဝတ်အတွက် အလုပ်လုပ်နေကြရတဲ့ မြန်မာနိုင်ငံသားတွေရဲ့အကြောင်းကို တင်ဆက်ပေးသွားမှာပါ)။
သောတရှင်မိဘပြည်သူများရှင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရဲ့တောင်ဘက်မှာ အရောင်အသွေးစုံတဲ့ ပန်းခင်းကြီးတွေ၊ မျက်စေ့တဆုံး တမျှော်တခေါ်မြင်ရတဲ့ ပြောင်းဖူး၊ ကော်ဖီ၊ အာလူး၊ ငရုပ်၊ သခွားစတဲ့ စိုက်ခင်းကြီးတွေ၊ စိုပြေစိမ်းလန်းတဲ့ လိမ္မော်၊ သရက်၊ မာလာကာ ခြံကျယ်ကြီးတွေရှိပါတယ်။
ထိုင်းလူမျိုးတွေပိုင်ဆိုင်တဲ့ အဲဒီပန်းခင်းကြီးတွေ၊ စိုက်ခင်းကြီးတွေ၊ ခြံကျယ်ကြီးတွေထဲမှာ ရာသီအလိုက် ထွန်ယက်၊ စိုက်ပျိုး၊ ရေလောင်းပေါင်းသင်၊ ဆေးဖြန်း၊ ဆေးပက်၊ ခူးဆွတ်၊ ထုတ်ပိုး၊ ရောင်းချတဲ့အလုပ်တွေကို မိုးလင်းကနေ မိုးချုပ် လုပ်ကိုင်နေကြသူတွေကတော့ မြန်မာနိုင်ငံသား အလုပ်သမားတွေပါ။

ဒေသခံအလုပ်သမားအဖွဲ့တွေရဲ့ ခန့်မှန်းချက်အရ စိုက်ခင်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား တသောင်း ကျော်ရှိပြီး အများစုကတော့ မိသားစုအလိုက် ပြောင်းရွှေ့နေထိုင် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
မဲဆောက်မြို့နဲ့ ကီလို(၃ဝ)ကျော်ကွာဝေးတဲ့ ဟွေနို့ကလယ်အရပ်မှာတော့ မြန်မာအလုပ်သမား အိမ်ထောင်စု ၁ဝဝ နီးပါးရှိပါတယ်။ သူတို့အားလုံး ခြံရှင်တွေ၊ စိုက်ခင်းရှင်တွေ နေရာချပေးတဲ့ မြေကွက်လပ်တွေမှာ ဟိုတစု၊ ဒီတစုနဲ့ တဲအိမ် လေးတွေ ထိုးပြီးနေကြပါတယ်။ နှင်းဆီခြံတခြံနဲ့ မနီးမဝေး မြေကွက်လပ်တခုမှာ တဲအိမ်လေး(၆)လုံးစုရှိတဲ့ အစုကတော့ ကိုဝင်းအောင်တို့ အစုပါ။ ကိုဝင်းအောင်တို့အစုက နှင်းဆီခြံ(၂)ခြံမှာ အလုပ်လုပ်ပါတယ်။

“ကျနော် ဒီနှင်းဆီခြံမှာလုပ်တာ ၁ဝ နှစ်ကျော်ပြီ။ ကြာတော့ သူဌေးက ကျနော့်ကိုယုံပြီး နှင်းဆီခြံကို ကျနော်နဲ့ လွဲ ထားတာ။ ကျနော်ကပဲ ခြံနဲ့အလုပ်သမားတွေကို ကြီးကြပ်ရတယ်။ အလုပ်သမားတွေက ကိုယ့်လူမျိုးအချင်းချင်းဆိုတော့ ပြဿနာမရှိဘူး။ ပြဿနာက နှင်းဆီခြံကို ဖြန်းရတဲ့ ဆေးတွေကို ကိုင်တွယ်နေရတဲ့ ပြဿနာပဲ”
လို့ ကိုဝင်းအောင်က ပြောပါတယ်။
ကိုဝင်းအောင်ရဲ့ မျက်လုံး(၂)လုံးဟာ ပတ္တမြားကျောက်လို နီရဲနေပြီး၊ မျက်ရည်ပူတွေယိုစီးကာ မခံချိမခံသာ အောင် ကြိမ်းစပ်ကိုက်ခဲနေပါတယ်။ ဒီဝေဒနာကို သူ ခံစားရတာ (၇)နှစ်နီးပါးရှိပါပြီ။ နှင်းဆီပင်တွေ ကြီးထွားဖို့၊ နှင်းဆီပန်းတွေ ဝေဝေ ဆာဆာ ဖူးဖို့ပွင့်ဖို့အတွက် ဆေးစပ်၊ ဆေးဖြန်းတဲ့အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့ရလို့ ဒီဝေဒနာကို သူရခဲ့တာလို့ ကိုဝင်းအောင်က ပြောပါတယ်။
“နှင်းဆီကစိုက်ပြီး သိပ်မကြာဘူး အပင်သန်အောင် ဆေးဖြန်းရတယ်။ ဖူးချိန်၊ ပွင့်ချိန်ဆိုရင် တပတ်ကို(၁)ကြိမ်။ တကြိမ်ကို မနက်(၁)ခါ ည(၁)ခါဖြန်းရတယ်။ မိုးရွာတဲ့နေ့တွေဆို ဆေးကပယ်တော့ တနေ့ကို(၃)ကြိမ် နေ့တိုင်းဖြန်းရတယ်။ ဖြန်းဖို့ဆေးကို အရင်ဆုံး အချိုးကျအောင် စပ်ရတယ်။ ဆေးကလည်း အရမ်းပြင်းတော့ ကြာတော့ မျက်လုံးကိုထိတာပေါ့”
လို့ ကိုဝင်းအောင်က ပြောပါတယ်။
နှင်းဆီခြံတွေကိုဖြန်းတဲ့ ဓာတုဆေးဟာ ကိုဝင်းအောင်ကိုသာမက နှင်းဆီခြံလုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကိုပါ ဒုက္ခပေးနေတာပါ။ ဒီဒုက္ခကို သိနေပေမယ့် နှင်းဆီခြံက သူတို့ မိသားစုတွေကို ထမင်းကြွေးနေတာဆိုတော့ နှင်းဆီခြံနဲ့ ဝေးရာကိုလည်း သူတို့ ရှောင်ပြေးလို့မရ ဖြစ်နေပါတယ်။
ဦးမိုးညိုတို့အစုကလည်း ဂေါ်ဖီထုတ်တွေ ကြီးထွားဖို့၊ ကြက်သွန်ခင်းတွေ အောင်မြင်ဖို့အတွက် ဆေးပက်ဆေးဖြန်း အလုပ်ကို လုပ်ကြပါတယ်။ ဒီအလုပ်ကို (၃)နှစ်နီးပါးလုပ်ခဲ့တဲ့ ဦးမိုးညိုတယောက်လည်း လက်ဖဝါးကြီးတွေ ယောင်ယမ်းကိုက်ခဲ ပြီး ညည အိပ်မရလို့ ငုတ်ထုတ် ထထိုင်နေရပါတယ်။

“လက်ကကိုက်တာ ဘယ်လိုမှ မခံနိုင်ဘူး။ အိပ်လို့လည်း မရဘူး။ ညဘက်တွေဆို အေးတော့ပိုဆိုးတယ်။ ရေနွေးပူနဲ့ ထပြီးစိပ်ရတယ်။ နေသာသလိုရှိပေမယ့် ကိုက်တာကတော့ မပျောက်ဘူး။ ပြီးခဲ့တဲ့လက မြန်မာပြည်ပြန်ပြီး ဆရာဝန်တွေ၊ ဗိန္ဓောဆရာတွေနဲ့ ကုကြည့် သေးတယ်။ နွားတရှဉ်းနဲ့ လယ်တခင်းသာကုန်သွားတယ် မသက်သာဘူး”
လို့ ဦးမိုးညိုက ပြောပါ တယ်။
ထွန်ယက်စိုက်ပျိုးကြတဲ့ အလုပ်သမားတွေ ဓာတုဆေးတွေကြောင့် ဒုက္ခရောက်ကြရသလို ရာသီအလိုက် လိမ္မော် သီးခူး၊ ပြောင်းဖူးချိုး၊ ငရုပ်သီးစွတ်၊ အာလူးဖော်တဲ့ အလုပ်တွေကို လုပ်နေကြတဲ့ အမျိုးသမီးတွေ၊ လူငယ်တွေ၊ ကလေး တွေမှာ လည်း စိုက်ခင်းရှင်တွေ၊ ခြံရှင်တွေတိုက်ကြွေးတဲ့ စိတ်ကြွဆေးတွေကြောင့် အခက်ကြုံနေရတယ်လို့ မြန်မာအလုပ်သမားတွေ က ပြောကြပါတယ်။
ခြံရှင်တွေ၊ စိုက်ခင်းရှင်တွေက သူတို့အလုပ်တွေ ငွေကုန်ကြေးကျနည်းနည်းနဲ့ ရက်တိုတိုအတွင်းမှာ ပြီးမြောက်နိုင်ဖို့ အတွက် စိတ်ကြွဆေးကို အလုပ်သမားတွေကိုတိုက်တဲ့ သောက်ရေ၊ အချိုရည်တွေထဲမှာ ထည့်ပြီးတိုက်ကြတာပါ။ အတွေ့ အကြုံရှိတဲ့ အလုပ်သမားတွေက ဒီအန္တရာယ်ကို သတိရှိရှိနဲ့ ရှောင်ရှားနိုင်ကြပေမယ့် တချို့ကတော့ အလုပ်ရှင် လုပ်သမျှငုံခံ နေရပါတယ်။

သီးနှံခင်းများ၊ ထိုစိုက်ခင်းများထဲမှာပင် မြန်မာလုပ်သားတို့ ဥပဒေမဲ့သတ်ဖြတ်ခြင်း ခံကြရသည်
“သူတို့ ပြောသလို မလုပ်ရင်၊ သူတို့ကို အာခံတယ်လို့ထင်ရင် ခြံရှင်တွေ၊ စိုက်ခင်းပိုင်ရှင်တွေက သူတို့ လက်သပ်မွေး ထားတဲ့ လူဆိုးလူမိုက်တွေ၊ လူယုံတွေနဲ့ ကျနော်တို့ကို ဒုက္ခအမျိုးမျိုးပေးတာ။ တချို့ အသတ်ခံရတာတွေ တောင်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ မပြောရဲဘူး။ ဘယ်သူ့ကိုမှလည်း မတိုင်ရဲဘူး”
လို့ အလုပ်သမားတဦးက ပြောပြပါတယ်။
မြို့နဲ့အလှမ်းဝေးတဲ့ စိုက်ခင်းတွေ၊ ခြံတွေထဲမှာနေကြတဲ့ မြန်မာအလုပ်သမားတွေဟာ အန္တရာယ်အမျိုးမျိုးကြားမှာ ဝမ်းကြောင်းနေကြရတာပါ။ ကံမကောင်း အကြောင်းမလှတဲ့အခါမှာ အဲဒီစိုက်ခင်းကြီးတွေ၊ ခြံကျယ်ကြီးတွေဟာ သူတို့ကို မြှုပ်နှံပစ်မယ့် နေရာဆိုတာကိုလည်း သူတို့ သိနေကြပါတယ်။
ဒါပေမယ့်လည်း အဲဒီပန်းခင်းကြီးတွေ၊ စိုက်ခင်းကြီးတွေ၊ ခြံကျယ်ကြီးတွေက သူတို့ကို အလုပ်ပေး ထမင်းကျွေးထား တာပါ။ ဒါကြောင့်လည်း နှင်းဆီတွေ ဖူးဖို့ပွင့်ဖို့၊ အသီးအနှံတွေအထွက်တိုးဖို့အတွက် သူတို့အားလုံး စိုက်ခင်းတွေ၊ ခြံကျယ်ကြီး တွေထဲမှာ အလုပ်တွေဆက်ပြီး လုပ်ကြရဦးမှာပါ။
သောတရှင် မိဘပြည်သူများ ကျန်းမာရွင်လန်းကြပါစေ။
( အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်သော ခိုင်မာကျော်ဇော၏ ရေခြားမြေခြား မြန်မာများ ပင်တိုင်ဆောင်းပါးကို ပြန်လည် ကူးယူတင်ဆက်ခြင်းဖြစ်သည်။ အသံလွှင့်ဆောင်းပါး မူပိုင်မှာ အာရ်အက်ဖ်အေ ရေဒီယို ဖြစ်ပါသည်။ သရုပ်ဖော် ဓာတ်ပုံများမှာ ခိုင်မာကျော်ဇော ရိုက်ကူးထားသောပုံများဖြစ်ပြီး ၎င်းခွင်ြ့ပုချက်ဖြင့် ဓာတ်ပုံများကို တင်ဆက်ပါသည်။)