Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label အောက်တိုဘာ ၁၇၊ ၂၀၀၉-MoeMaKa Magazine. Show all posts
Showing posts with label အောက်တိုဘာ ၁၇၊ ၂၀၀၉-MoeMaKa Magazine. Show all posts

Tuesday, November 10, 2009

နယ်စပ်လမ်းက ဝမ်းတထွာ ၁ -----ခိုင်မာကျော်ဇော



ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘတ်ဆောင်ကွင်းအရပ်မှာ မြန်မာနိုင်ငံသား ကလေးလူကြီး ၂ဝဝ ကျော်ဟာ အမှိုက်ကွင်းကြီးတခုရဲ့ ပတ်ပတ်လည်မှာ တဲအိမ်လေးတွေထိုးပြီး အမှိုက်ပုံကြီးတွေကို ထိုးဆွမွေနှောက်ပြီး ဝမ်းကြောင်းနေကြရ ပါတယ်။ သူတို့ဟာ မြန်မာပြည် မြို့ကြီးမြို့ငယ်တွေကနေ အကြောင်းအမျိုးမျိုးနဲ့ အမှိုက်ကွင်းကြီးရှိရာကို ရောက်ရှိလာကြ တာပါ။
တချိန်ကတော့ သူတို့ဟာ ရာဘာခြံစိုက်ခင်းပိုင်ရှင်တွေ၊ ကျေးရွာတွေမှာ အိုးပိုင်အိမ်ပိုင်တွေနဲ့ အတည်တကျနေ ထိုင်ကြသူတွေ၊ လယ်ယာလုပ်ငန်းတွေနဲ့ ဝမ်းကြောင်းကြသူတွေ၊ စစ်အစိုးရ စစ်တပ်တွေထဲမှာ စစ်မှုထမ်းခဲ့သူတွေဖြစ်ပါတယ်။ အခုလို ဆိုးဝါးနိမ့်ကျလှတဲ့ အခြေအနေမျိုးမှာတော့ နောက်ကြောင်းကန့်လန့််ကာတွေကို နာနာပိတ်ပြီး ဘဝဆိုးကြီးထဲမှာ မျက်လုံးစုံမှိတ်ပြီး အသက်ဆက်နေပုံရပါတယ်။
သူတို့နေတဲ့ အမှိုက်ကွင်းကြီးနဲ့ အမှိုက်ပုံကြီးတွေရှိရာကို ကျမ ၃ ကြိမ်တိတိ ရောက်ခဲ့ဖူးပြီး သူတို့နဲ့ စကားတွေလည်း ပြောခဲ့ဖူးပါတယ်။ အမှိုက်ပုံကြီးတွေကနေ ထိုးထွက်လာတဲ့ အနံဆိုးကြီးတွေကို နေ့ညမပြတ်ရူရိုက်ရင်း အမှိုက်သရိုက် အညစ်အကြေး ပေါင်းစုံကြားက ဗူးခွံ၊ ပုလင်းခွံနဲ့ ပလပ်စတစ်အိတ်စတာတွေကို သူ‹ထက်ငါ တိုးဝှေ့လုယက်ပြီး ရှာဖွေစားသောက်နေ ရတဲ့ သူတို့ဘဝက အလွန်တရာမှ ကြေကွဲစရာကောင်းလှပါတယ်။
ဘတ်စံကွင်းအရပ်က အမှိုက်ပုံကြီးတွေရှိရာကို မနက် ၄ နာရီကျော် ၅ နာရီအချိန်လောက် သွားကြည့်ရင် အမှိုက် ကွင်းကြီးရဲ့အလယ်မှာ ဘွတ်ဖိနပ်အရှည်ကြီးတွေစီး ပီနန်အိတ်ကြီးတွေလွယ်၊ ပေါက်ချွန်းလိုလို တံဇဉ်လိုလို တုတ်ချောင်း အရှည်ကြီးတွေကိုကိုင်ပြီး စီးတန်းစောင့်ဆိုင်းနေတဲ့ ကလေး၊ လူကြီိး၊ ယောက်ျား၊ မိန်းမ အသက်အရွယ်စုံတဲ့ လူတန်းရှည်ကြီး (၂)တန်းကို မြင်ကြတွေ့ကြရမှာပါ။ သူတို့ဟာ အမှိုက်ကားကြီးတွေ သယ်ဆောင်လာမယ့် ဗူးခွံ၊ ပုလင်းခွံ၊ ပလပ်စတစ်အိတ် မျိုးစုံ၊ အသီးအနှံ၊ အစားအသောက်၊ အသုံးအဆောင်တွေရဖို့အတွက် စီတန်းစောင့်ဆိုင်း နေကြတာပါ။

ကားကြီးတစီးစာ အကွာအဝေးရှိတဲ့ လူတန်းရှည်ကြီးထဲကို အမှိုက်ကားကြီးတွေဝင်ရောက် အမှိုက်တွေကို သွန်ထုတ် လောင်းချပစ်လိုက်တဲ့အခါမှာ သူ့ထက်ငါ တိုးဝှေ့လုယက်ကြတဲ့အသံတွေ၊ အမှိုက်တွေကို ထိုးဆွမွေနှောက်ကြတဲ့ အသံတွေ၊ အပြန်အလှန်ငြင်းခုန်ကြတဲ့သံတွေနဲ့ အမှိုက်ကွင်းကြီးတခုလုံး ပွက်ပွက်ညံနေပါတယ်။
အမှိုက်ကားကြီးတွေက မနက်၊ နေ့လည်၊ ညနေ တနေ့ကို (၃) ကြိမ်လာပါတယ်။ အဲဒီအချိန်မှာ သူတို့အားလုံး စီတန်း နေရာယူပြီးမှ သူတို့အလိုရှိတာကို ရှာဖွေယူရပါတယ်။ ကျန်အချိန်တွေမှာတော့ အမှိုက်ကွင်းတခုလုံးကို သူတို့ စိတ်ကြိုက် ရှာဖွေ မွေနှောက်ခွင့်ရှိပါတယ်။ ရလာတဲ့ ပစ္စည်းတွေကိုတော့ အဝယ်ဒိုင်တခုမှာပဲ သူတို့ ရောင်းရပါတယ်။
သူတို့အတွက် ဒီစည်းကမ်းချက်တွေကို ထုတ်ခဲ့သူက အမှိုက်ကွင်းကြီးကို လေလံယူထားတဲ့ ထိုင်းအမျိုးသားတဦးပါ။ သူက သူတို့ရဲ့ အဝယ်ဒိုင်ပိုင်ရှင်လည်းဖြစ် သူတို့အားလုံးရဲ့ အမှုအခင်းတွေကို ဒိုင်ခံဖြေရှင်းပေးသူလည်း ဖြစ်ပါတယ်။
“စည်းကမ်းမလိုက်နာတာတို့ ရတဲ့ပစ္စည်းကို သူ့ရဲ့အဝယ်ဒိုင်မှာမရောင်းပဲ တခြားမှာသွားရောင်းတာတို့လုပ်ရင် သူက ကျနော်တို့ကို အမှိုက်ကောက်ခွင့် မပေးဘူး။ နေခွင့်လည်း မပေးဘူး” လို့ လူငယ်တဦးက ပြောပါတယ်။
ဘတ်ငွေ ၂ဝ၊ ၃ဝ ရဖို့ မိုးလင်းကနေ မိုးချုပ်ထိ အမှိုက်ကွင်းကြီးထဲမှာ သူတို့ တနေကုန်ရတာပါ။ ဒီငွေဟာ သူတို့မိသားစုတွေအတွက် ဆန်ဖိုး၊ ဆီဖိုးပဲကာမိတယ်လို့ သူတို့က ပြောကြပါတယ်။ ကျန်တာတွေကို အမှိုက်ပုံကြီးထဲမှာပဲ သူ တို့ ရှာဖွေစားသောက်ရတယ်လို့ အမျိုးသမီးတဦးက ပြောပြပါတယ်။
“သူများက မကောင်းလို့ ပစ်လိုက်ပေမယ့် ကျမတို့ အတွက်တော့ အများကြီိး အသုံးဝင်ပါတယ်။ အမှိုက်ပုံကရတဲ့ အသားငါး၊ အသီးအနှံတွေကို ရေနဲ့ဆေးပြီး အဆင်ပြေသလို ချက်ပြုတ်စားသောက်ကြတယ်”လို့ သူက ဆက်ပြောပြပါတယ်။
ဈေးရပ်ကွက်ကလာတဲ့ အမှိုက်ကားကြီးတွေဆီက အသားငါး၊ ငါးခြောက်ငါးခြမ်း၊ အသီးအရွက်၊ ငရုပ်၊ ကြက်သွန်၊ ပဲစတာတွေကို သူတို့ရတတ်ပါတယ်။ သရက်သီး၊ ဖရဲသီး၊ လိမ်မော်သီး၊ မာလာကာသီး၊ ဒူးရင်းသီး၊ လိုက်ချီးသီးစတဲ့ ရာသီပေါ် အသီးအနှံတွေ စားရဖို့အတွက်လည်း ဈေးရပ်ကွက်ကလာတဲ့ အမှိုက်ကားကြီးတွေကို သူတို့မျှော်တတ်ပါတယ်။

အမှိုက်ပုံကြီိးကိုမှီပြီး၊ အမှိုက်ကားကြီးတွေကိုမျှော်ပြီး စားသောက်နေရတဲ့ဘဝကို သူတို့တဦးတယောက်မှ သဘော မကျကြပါဘူး။ ဒါပေမယ့် ဒီဘဝထဲကရုန်းထွက်ဖို့လည်း သူတို့မှာ လမ်းမမြင်ကမ်းမမြင်ဖြစ်နေပါတယ်။
“မြန်မာပြည်မှာ ဘယ်လို မှ လုပ်စား ကိုင်စားလို့မရတော့လို့ ဒီနိုင်ငံကိုရောက်လာတာ။ မြို့ထဲမှာလည်း ရဲတွေကအမြဲဖမ်းတော့ အမြဲတမ်းလိုလို ဟိုဘက်ကမ်းကို ပြန်ပို့ခံနေရတာ။ မိသားစုနဲ့ လုပ်ကိုင်စားသောက်ဖို့က အဆင်မပြေဘူး။ ဒီမှာနေရတာက နည်းနည်းတော့ တော်တာပေါ့”လို့ အမျိုးသားကြီးတဦိးက ပြောပြပါတယ်။
အမှိုက်ကွင်းကြီးပတ်ပတ်လည်မှာ နေကြတဲ့ သူတို့ကိုလည်း ထိုင်းရဲတွေက ချမ်းသာပေးတာမဟုတ်ပါဘူး။ မြို့ထဲနဲ့ မြို့ပြင် အဖမ်းအဆီးစိပ်တာနဲ့ ကျဲတာပဲ ကွာတာပါ။ ထိုင်းရဲတွေ သူတို့ကိုဖမ်းပြီး သူတို့ပြောတဲ့ ဟိုဘက်ကမ်းဆိုတဲ့ မြဝတီ ဘက်ကမ်းကို ဘယ်လောက်ပဲပြန်ပို့ပြန်ပို့ သူတို့ကတော့ မဲဆောက်မြို့စွန်က အမှိုက်ပုံကြီးရှိရာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ မရောက် ရောက်အောင် ပြန်လာကြပါတယ်။
“ဟိုဘက်ကမ်းမှာဆိုရင် စားရာမဲ့သောက်ရာမဲ့နဲ့ ကျနော်တို့ သူတောင်းစားတွေဖြစ်သွားမှာ။ အဲဒီဘဝတော့ ကျနော် တို့ မရောက်ချင်ဘူး။ အမှိုက်ပုံက ညစ်ပတ်တယ်။ အ့နံ့ဆိုးတယ်။ ဒါပေမယ့် ကျနော်တို့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ်ရှာတာကို ကိုယ်စားနေတာ။ ကျနော်တို့ ဘယ်သူ့ဆီမှာမှ လက်ဝါးဖြန့်ခံ စားနေတာမဟုတ်ဘူး။ ဘယ်သူ့ဆီကမှာမှလည်း မတရားလုယူ စားသောက်နေတာမဟုတ်ဘူး”လို့ အမျိုးသားကြီးတဦးက နာနာကျည်းကျည်းနဲ့ သူ့ရင်ဘတ်ထဲက စကားလုံးတွေကို အန် ထုတ်ခဲ့ပါတယ်။

ဒီစကားကို မြန်မာပြည်ကြီး ခေတ်မှီတိုးတက်ဖွံ့ဖြိုးနေပြီလို့ မျက်လုံးစုံမှိတ် ကြွေးကြော်နေကြတဲ့ မြန်မာစစ်ဗိုလ်ချုပ် ကြီးတွေ။ ကျမတို့ တိုင်းပြည်ရဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ်ချယ်လှယ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ၊ ကျမတို့ပြည် သူတွေကို မတရားဗိုလ်ကျ အနိုင်ကျင့်စော်ကားပြီး စည်းစိမ်ယစ်နေကြတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို သိစေကြားစေချင် လိုက်တာ။
မြန်မာပြည်ကြီး ဆင်းရဲခြင်း ချောက်ကြီးထဲကို ထိုးကျနေပြီ။ မြန်မာပြည်သူပြည်သားတွေ ဆင်းရဲတွင်းဘယ်လောက်ထိ နက်နေပြီဆိုတာကို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ သိများမှ သိပါလေစ။
ခိုင်မာကျော်ဇော၏ ရေခြားမြေခြား မြန်မာများ ပင်တိုင်ဆောင်းပါး