Wednesday, January 13, 2010
နေ့ဖက်မှာ ငါးဖမ်းလှေတွေ၊ ငါးပုဇွန်လုပ်သားတွေနဲ့ စည်ကားတဲ့ ရနောင်းမြို့ဟာ ညဘက်မှာတော့ စား သောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေနဲ့ လှုပ်ရှားနေတဲ့ ဆိပ်ကမ်းမြို့တမြို့ပါ။ မြန်မာလူငယ်တွေ၊ မြန်မာငါးဖမ်းလုပ်သားတွေနဲ့ ညစဉ်ညတိုင်း လှုပ်လှုပ်ရှားရှား ရှိနေတာကတော့ ရနောင်းမြို့ဆိပ် ကမ်းရပ်ကွက်က စားသောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေ ဖြစ်ပါတယ်။
အဲ့ဒီဆိုင်တွေဟာ မှောင်ရီပျိုးပျတာနဲ့ ရောင်စုံမီလုံးလေးတွေ လင်းလက်လာပြီး Rဇာနည်၊ ဇော်ပိုင်၊ ဝိုင်းဝိုင်း၊ ဖြိုးကြီိးစတဲ့ မြန်မာအဆိုတော်တွေရဲ့ သီးချင်းတွေလည်း တဆိုင်နဲ့တဆိုင် အပြိုင်အဆိုင် ထွက်ပေါ်လာပါတယ်။
မျက်နှာချင်းဆိုင်၊ ဘေးချင်းကပ် စီတန်းနေတဲ့ ဆိုင်တွေရဲ့အရှေ့မှာတော့ ဖြူ၊ နီ၊ ဝါ၊ ပြာ ကာလာစုံ ဝတ်ဆင်၊ ချယ်သ ထားတဲ့ မိန်းကလေးတွေက ဒီဆိုင်မှာ ဆိုပါ၊ ပျော်ပါ၊ စားသုံးပါလို့ ဖိတ်ခေါ်နေကြသလို ဆိုင်ရှင်တွေ၊ စားပွဲထိုး၊ သန့်ရှင်းရေး ချက်ပြုတ်ကြော်လှော်တဲ့ အလုပ်သမားတွေကလည်း ဧည့်သည်တွေအလာကို မျှော်ကြပါတယ်။
ဆိပ်ကမ်းရပ်ကွက်က စားသောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေကို လာရောက် ပျော်ပါး၊ စားသုံးသူတွေကတော့ မြန်မာနိုင်ငံသား ရေလုပ်သားတွေက အများစုဖြစ်ပါတယ်။
“ဧည့်သည်တွေက မြန်မာပြည်သားတွေများတယ်။ ထိုင်းတွေက လာတော့ လာတယ်။ နည်းတယ်။ နီနီတို့ အလုပ်က ဧည့်သည်တွေကို ကြိုဆိုဧည့်ခံရတာဆိုတော့ ဧည့်သည်လာမှ ပိုက်ဆံရတာ”
လို့ နှုတ်ခမ်းနီတွေ ရဲနေအောင် ဆိုးထားတဲ့ အသက်(၂ဝ)အရွယ်ရှိတဲ့ နီနီက ပြောပါတယ်။
ဧည့်သည်ဆိုတာက ဆိုင်တွေမှာ ဆိုကြကကြ၊ သောက်ကြစားကြ၊ ပျော်ကြပါးကြတဲ့ သူတွေကို ပြောတာပါ။ အိပ် ခန်းတွေနဲ့ တွဲဖွင့်ထားတဲ့ အဲ့ဒီဆိုင်တွေကိုလာကြတဲ့ ဧည့်သည်တွေဟာ နီနီတို့လို မိန်းကလေးတွေနဲ့အတူ ပျော်ပါးကြတာပါ။
ဒီလိုဧည့်သည် တယောက်လာရင် ဆိုင်ရှင်တွေက ဘတ် ၁ဝဝ၊ ၁ဝဝ ကျော်ရပြီး နီနီတို့ကတော့ ဧည့်သည် တယောက်ကို ဘတ် ၆ဝ၊ ၇ဝ ရတယ်လို့ဆိုပါတယ်။ ငွေကိုတော့ ဆိုင်ရှင်တွေက တလတခါ နေထိုင်စားသောက်စရိတ်တွေ ဖြတ်တောက် တွက်ချက်ပြီးမှ နီနီတို့ကို ပေးတာပါ။ နီနီတို့လိုပဲ ကျော်ကျော်တို့ စားပွဲထိုး၊ သန့်ရှင်းရေး၊ ကြော်လှော်၊ ချက်ပြုတ် အလုပ်သမားတွေလည်း ဧည့်သည်လာမှ လုပ်ခလစာ မှန်မှန်ရကြတာပါ။
“အရင်ကတော့ ကျနော်ကို တလကို စရိတ်ငြိမ်း ၁ဝဝဝ ပေးတယ်။ နောက်ပိုင်းတော့ ကျနော်တို့ကို နေရာထိုင်းခင်း ပေးရတယ်။ အစားအသောက် ကျွေးထားရတယ်ဆိုပြီး ဧည့်သည်အလာနည်းရင် လစာမပေးတော့ဘူး။ ဧည့်သည် နည်းနည်း များများ သူတို့ကတော့ နေ့တိုင်း ဝင်ငွေရှိတယ်။ စီးပွားလည်း ဖြစ်နေကြတာပဲ” လို့ ကျော်ကျော်က ပြောပါတယ်။
ရနောင်းဆိပ်ကမ်းမှာ လွန်ခဲ့တဲ့(၁ဝ)နှစ်ကျော်က ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေ သိပ်မတွေ့ရပေမယ့် အခုအခါမှာ ဆိပ်ကမ်းရပ်ကွက်တိုင်းလိုလိုမှာ ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေ မှိုလိုပေါက်နေပြီး၊ နီနီတို့လို မိန်းက လေးတွေ၊ အပျော်အပါးလိုက်စားတဲ့ မြန်မာလှေထိုးသားတွေလည်း တနေ့တခြား များလာသလို ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ထိုင်း တွေကလည်း ဆိုင်သေးလေးတွေက ဆိုင်ကြီးတွေ ပိုင်ဆိုင်လာကြတယ်လို့ မြန်မာတွေက ပြောကြပါတယ်။
ရနောင်းဆိပ်ကမ်းက ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေဟာ ငါးကြင်းဆီနဲ့ ငါးကြင်း ကြော်နေကြတာလို့ လည်း မြန်မာတွေက ပြောကြပါတယ်။ မြန်မာလူငယ်တွေကို အရင်းပြုပြီး ထိုင်းလူမျိုးတချို့ စီးပွားဖြစ်နေကြပေမယ့် မြန်မာ မိန်းကလေးတွေကတော့ ငွေအနည်းငယ်ရဖို့အတွက် သူတို့ရဲ့ ခန္ထာကိုယ်ကို ရင်းနှီးနေကြရတယ်၊ မြန်မာလူငယ်လေးတွေဟာ တဝမ်းစား၊ တခါးဝတ်အတွက် သူတို့ရဲ့ လုပ်အားတွေ၊ အချိန်တွေကို ပေးဆပ်နေကြရတယ်လို့ မြန်မာတချို့က သုံးသပ်ပြော ဆိုပါတယ်။
ဒီလိုဖြစ်အောင် မြန်မာစီးပွားရေးအကြပ်အတည်းက အဓိက တွန်းပို့နေတာလို့လည်း ရနောင်းရောက် မြန်မာတွေက ပြောကြပါတယ်။ မိန်းကလေးတချို့ဟာ ဆင်းရဲကြပ်တည်းမှုကြောင့် ဒီလိုအလုပ်တွေကို မလုပ်ချင်ပဲ လုပ်နေရသလို လူကုန်ကူး သူတွေရဲ့ ရောင်းစားခြင်းကို ခံရသူတွေ။ သူတို့လုပ်ရမယ့် အလုပ်ကို စားပွဲထိုး၊ သန့်ရှင်းရေး အလုပ်လို့ထင်ပြီး ကြိုတင်ငွေတွေ ယူသုံးမိလို့ ဒုက္ခတွေ့နေကြတဲ့ မိန်းကလေးတွေလည်း ရှိနေပါတယ်။
ဒီလိုဒုက္ခ တွေ့ခဲ့ရသူတွေထဲမှာ ဝါဝါလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။
“အရင်ကတော့ စားပွဲထိုး၊ သန့်ရှင်းရေး အလုပ်လို့ထင်ပြီး လုပ်ခဲ့တာ။ အခုတော့ တခြားအလုပ် ရှာလုပ်ဖို့လည်း မလွယ်တော့ဘူး။ ဝါဝါ ဒီအလုပ် လုပ်တာကို အိမ်ကလည်း သိသွားပြီ၊ လူတော်တော်များလည်း သိနေကြပြီ”
လို့ ဝါဝါက ပြောပါတယ်။
တဝမ်းစား တခါးဝတ်အတွက်နဲ့ ဝါဝါတို့လို ရေတိမ်မှာ နစ်နေကြတဲ့ တိုင်းရင်းသားပေါင်းစုံ မြန်မာမိန်းကလေးတွေ ရနောင်းမှာ အများကြီးရှိပါတယ်။ ဝါဝါတို့လို မိန်းကလေးတွေကို ဒုက္ခသံသရာထဲက ရုန်းမထွက်နိုင်အောင် ချုပ်ကိုင်ထားသူတွေ၊ ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး ဒုက္ခတွင်းထဲ မရောက်ရောက်အောင် တွန်းပို့နေသူတွေ၊ ရေနစ်သူ ဝါးကူထိုးဆိုသလို ဝိုင်းဝန်း ရှုတ်ချ လက်ညှိုးထိုးနေကြသူတွေလည်း ရနောင်းမှာ အများကြီိးရှိပါတယ်။
# Posted by leoninedragon on ဇန်နဝါရီ 11, 2010 at 9:30am
Subscribe to:
Post Comments (Atom)
No comments:
Post a Comment