



ရာဘာခြံတွေထဲမှာ လူသတ်၊ ဓားပြတိုက်၊ လုယက်၊ မုဒိမ်းကျင့်တာတွေဟာ ဆောင်းနဲ့ ဆောင်းအကုန်ကာလတွေမှာ အဖြစ်များပါတယ်။ လက်သည်မပေါ်တဲ့ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုတွေကြောင့် သေဆုံးကြ သူတွေ၊ ဘဝပျက်ကြသူတွေလည်း ရာဘာခြံတွေထဲမှာ အများကြီးရှိပါတယ် …
ထိုင်း-မြန်မာနယ်စပ် စံခလဘူရီနဲ့ ဘုရာသုံးဆူ ဒေသတဝိုက်မှာ နွေ၊ မိုး၊ ဆောင်း ရာသီမလပ် စိမ်းစိမ်းညို့ညို့ အုပ်အုပ်ဆိုင်း ဆိုင်းရှိနေတာက ရာဘာခြံကျယ်ကြီးတွေပါ။ ဘုရားသုံးဆူနဲ့ မဲကဆကြားက မျက်စေ့တဆုံး တမျှော်တခေါ်မြင်ရတဲ့ ရာဘာခြံကြီိးတွေထဲမှာတော့ မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်၊ ဘီလူးကျွန်းနယ်တွေကလာ မွန်တိုင်းရင်းသား ရာဘာခြံအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေရှိပါတယ်။
သူတို့ဟာ ရာဘာခြံတွေပိုင်တဲ့ ထိုင်းသူဌေးတွေ၊ ကုပဏီတွေက နေရာချပေးတဲ့ ရာဘာခြံကျယ်ကြီးတွေထဲက မြေကွက် လပ်တွေမှာ မိသားစုအလိုက်၊ ရင်းနှီးကျွမ်းဝင်ရာ အစုအဖွဲ့လိုက်နေထိုင်ကြပြီး ရာဘာစေးခြစ်၊ ရာဘာစေးတွေကနေ ရာဘာပြားတွေဖြစ်အောင် ထုထောင်း၊ စက်နဲ့ကြိတ်၊ အခြောက်လှန်းတဲ့ အလုပ်တွေကို လုပ်ကြပါတယ်။
မွန်လူမျိုးတွေဟာ ရာဘာခြံအလုပ်ကို သူတို့ရဲ့ မိဘဘိုးဘွားတွေဆီက လက်ဆင့်ကမ်း အမွေရခဲ့တာပါ။ သူတို့ထဲက တချို့ဟာ တချိန်က ရာဘာခြံပိုင်ရှင်တွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ သူတို့ပိုင်တဲ့ ရာဘာခြံတွေကို စစ်အစိုးရက မတရားသိမ်း ယူတာ၊ ဈေးနှိမ်ဝယ်ယူတာ၊ ဒေသခံ လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ခြိမ်းခြောက်အကြပ်ကိုင်တာတွေကြောင့် သူတို့ပိုင်တဲ့ ရာဘာခြံတွေ ဆုံးရှုံးခဲ့ရသလို တချို့လည်း စားဝတ်နေရေး အကြပ်အတည်းကြောင့် ဘိုးဘွားမိဘပိုင် ရာဘာခြံတွေကို ရောင်း ချပြီး မိသားစုအလိုက် နယ်စပ်ဒေသကို ရောက်လာကြတာပါ။
အခုတော့ သူတို့ ရာဘာခြံအလုပ်ကို ထိုင်းသူဌေးတွေ၊ ကုပဏီတွေပိုင်တဲ့ ရာဘာခြံတွေထဲမှာ ထက်ဝက်စား၊ လစား၊ နေ့စား အဆင်ပြေသလို လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေကြတယ်လို့ မုဒုံနယ်ကလာတဲ့ ရာဘာခြံလုပ် သားကြီးတဦးက ပြောပါတယ်။
“ရာဘာခြံအလုပ်က ကျနော်တို့ရဲ့ မိရိုးဖလာလုပ်ငန်းဆိုတော့ ကျနော်တို့ မွန်လူမျိုးတွေ ကျွမ်းကျင်တဲ့ အလုပ်တခုပဲ။ ကျနော် အရင်ကတော့ ကိုယ်ပိုင်တဲ့ခြံကို ကိုယ်တိုင်ဦးစီးလုပ်ခဲ့တာ။ အခုတော့ ကျနော်ခြံ မရှိတော့ဘူး။ အစိုးရ သိမ်းလို့ကုန်ပြီ။ စားဝတ်နေရေး အခက်ခဲဖြစ်လာလို့ ကျနော်တို့ မိသားစုတွေ ထိုင်းကိုရောက်လာတာ။ ဒီမှာတော့ ရာဘာခြံအလုပ်ကို ခြံပိုင်ရှင်နဲ့ ထက်ဝက်စားလုပ်တယ်။ အခုလို ရာသီမှာ တလကို ဘတ်(၁)သောင်းခွဲလောက်တော့ ရတယ်”လို့ အသက်(၅ဝ) ကျော် အရွယ်ရှိတဲ့ ရာဘာခြံလုပ်သားကြီး တဦးက ပြောပါတယ်။
ရာဘာခြံလုပ်သားကြီးပြောတဲ့ အခုလို ရာသီဆိုတာက ဆောင်းရာသီကာလကို ပြောတာပါ။ ဆောင်းရာသီဟာ ရာဘာခြံသမားတွေ လက်ဖျားငွေသီးချိန်၊ ရာဘာခြံလုပ်သားတွေ အလုပ်များပြီး ဝင်ငွေများများရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ရာဘာစေးဟာ မိုးအကုန်ဆောင်းအကူးနဲ့ ဆောင်းရာသီကာလတွေမှာ အထွက်များပါတယ်။ ရာဘာခြံလုပ်သားတွေ လုပ်ငန်း ဂွင်ဝင်ရတဲ့အချိန်ကတော့ ရာဘာစေးတွေထွက်တဲ့ ညအချိန် ဖြစ်ပါတယ်။
ရာဘာစေးအထွက်များတဲ့ ဆောင်းရာသီမှာ ရာဘာခြံလုပ်သားတွေဟာ စောင်ထူထူခြုံပြီး အိပ်ယာထဲ ကွေးနေလို့ မရပါဘူး။ ည(၁ဝ)နာရီ၊ ည(၁၁)နာရီ ချမ်းချမ်းစီးစီး အိပ်ယာကနေ ထကြရပြီး ဘထရီမီးလုံးလေးတွေ ခေါင်းမှာတပ်၊ ဓားကောက်ကို ခါးမှာချိတ်ပြီး ရာဘာစေးခံတဲ့ ပုံးတွေကို ကိုင်ဆောင်ကာ ရာဘာခြံထဲ ဝင်ကြရပါတယ်။
ရာဘာခြံတွေထဲ ညဘက် မီးစိမ်းလေးတွေ လင်းလက်ပြီး တပင်နဲ့တပင် ကူးပြောင်းနေကြတာဟာ ပိုးစုန်းကြူးလေး တွေ ပျံဝဲနေကြတာ မဟုတ်ပါဘူး။ ဘထရီမီးလုံးလေးတွေ ခေါင်းမှာချိတ်ထားတဲ့ ရာဘာခြံလုပ်သားတွေ ရာပင်တွေတပင်ပြီး တပင် ကူးကာပြောင်းကာ ရာဘာစေး ခြစ်နေကြတာပါ။
“အစေးခြစ်ဖို့ ည(၁ဝ)နာရီကျော်တာနဲ့ ကျမတို့ အိမ်ကထွက်ရတယ်။ မနက်မိုးလင်းထဲ့အထိ တညလုံး ခြစ်တာ လက်မြန်ရင် မြန်သလို အပင် ၁ဝဝဝ ကျော်၊ ၁၂ဝဝ လောက်ပြီးတယ်။ မနက်(၇)နာရီလောက်ဆိုရင် ခြစ်ထားတဲ့ရာ အစေးတွေ ကို ပြန်စုပြီး ရာဘာပြားဖြစ်အောင် စက်နဲ့အထပ်ထပ်ကြိတ်၊ ရေအထပ်ထပ်ဆေးပြီးတော့ နေလှန်းရတယ်။ မနက် ၉ နာရီ၊ ၁ဝ နာရီကျော်လောက်ဆိုရင် ကျမတို့ အလုပ်သိမ်းပြီ”လို့ သနပ်ခါး ပါးကွက်ကြားနဲ့ အနွေးထည်အထူကြီး ဝတ်ထားတဲ့ အမျိုး သမီးတဦိးက ပြောပါတယ်။
ခြံရှင်တွေနဲ့ ထက်ဝက်စားလုပ်ကြတဲ့ ရာဘာခြံလုပ်သားတွေဟာ အခုလို ဆောင်းကာလမှာ မိသားစုထဲက ဓားကိုင် နိုင်တဲ့ အရွယ်ကစလို့ အလုပ်လုပ်နိုင်သူ မှန်သမျှ ရာဘာခြံထဲ ဆင်းကြရပါတယ်။ ဒါကလည်း မိုးတွင်းစာ စားဖို့သောက်ဖို့ရ အောင် ငွေကြို စုဆောင်းကြတာလို့ သူတို့က ဆိုပါတယ်။
“ရာဘာခြံအလုပ်က မိုးတွင်းဆိုရင် အလုပ်မဖြစ်ဘူး။ မိုးအရမ်းကြီးရင် တလလုံး ထိုင်စားပဲ။ မိသားစုများတဲ့လူ၊ အသုံး များတဲ့လူဆို အကြွေးတောင် တင်ကြတယ်။ ဒါကြောင့် မိုးတွင်းစာကို အခုထဲက လူကုန်လုပ်ပြီး စုဆောင်းကြတာ”လို့ ရာဘာ ခြံလုပ်သားတွေက ပြောကြပါတယ်။
ဆောင်းရာသီကာလဟာ ရာဘာခြံလုပ်သားတွေ ဝင်ငွေများတဲ့ ကာလဖြစ်သလို ရာဘာခြံလုပ်သားတွေ အထူးသတိ ထားရတဲ့ ကာလလည်း ဖြစ်ပါတယ်။ ရာဘာခြံတွေထဲမှာ လူသတ်၊ ဓားပြတိုက်၊ လုယက်၊ မုဒိမ်းကျင့်တာတွေဟာ ဆောင်းနဲ့ ဆောင်းအကုန်ကာလတွေမှာ အဖြစ်များပါတယ်။ လက်သည်မပေါ်တဲ့ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုတွေကြောင့် သေဆုံးကြ သူတွေ၊ ဘဝပျက်ကြသူတွေလည်း ရာဘာခြံတွေထဲမှာ အများကြီးရှိပါတယ်။
ဒီအခြေအနေကို သိနေကြတဲ့ ရာဘာခြံလုပ်သားတွေဟာ တချို့ ဇာတိရပ်ရွာတွေရှိရာကို တပ်ပြန်ခေါက်ကြ၊ တချို့ အဆင်ပြေမယ်ထင်တဲ့ အလုပ်သစ်တွေ ပြောင်းလုပ်ကြ။ တချို့ကတော့ ရွာအပြန်လှ၊ အိမ်အပြန်လှဖို့ ရာဘာခြံတွေထဲမှာပဲ သတိရှိရှိနဲ့ လုပ်ကိုင်နေကြသလို မိသားစုများသူတွေ၊ တနှစ်ပြီးတနှစ် အကြွေးတွေ အထပ်ထပ်ရစ်ပတ်ကာ ပြန်မရ၊ ပြောင်းမရ၊ ပြေးမရ ဖြစ်နေသူတွေကတော့ ရာဘာခြံတွေထဲမှာပဲ ကျိုးစားရုန်းကန် ရှင်သန်နေကြဆဲပါ။
# Posted by leoninedragon on ဇန်နဝါရီ 21, 2010 at 11:00am
No comments:
Post a Comment