Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, January 13, 2010

နေ့ဖက်မှာ ငါးဖမ်းလှေတွေ၊ ငါးပုဇွန်လုပ်သားတွေနဲ့ စည်ကားတဲ့ ရနောင်းမြို့ဟာ ညဘက်မှာတော့ စား သောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေနဲ့ လှုပ်ရှားနေတဲ့ ဆိပ်ကမ်းမြို့တမြို့ပါ။ မြန်မာလူငယ်တွေ၊ မြန်မာငါးဖမ်းလုပ်သားတွေနဲ့ ညစဉ်ညတိုင်း လှုပ်လှုပ်ရှားရှား ရှိနေတာကတော့ ရနောင်းမြို့ဆိပ် ကမ်းရပ်ကွက်က စားသောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေ ဖြစ်ပါတယ်။
အဲ့ဒီဆိုင်တွေဟာ မှောင်ရီပျိုးပျတာနဲ့ ရောင်စုံမီလုံးလေးတွေ လင်းလက်လာပြီး Rဇာနည်၊ ဇော်ပိုင်၊ ဝိုင်းဝိုင်း၊ ဖြိုးကြီိးစတဲ့ မြန်မာအဆိုတော်တွေရဲ့ သီးချင်းတွေလည်း တဆိုင်နဲ့တဆိုင် အပြိုင်အဆိုင် ထွက်ပေါ်လာပါတယ်။
မျက်နှာချင်းဆိုင်၊ ဘေးချင်းကပ် စီတန်းနေတဲ့ ဆိုင်တွေရဲ့အရှေ့မှာတော့ ဖြူ၊ နီ၊ ဝါ၊ ပြာ ကာလာစုံ ဝတ်ဆင်၊ ချယ်သ ထားတဲ့ မိန်းကလေးတွေက ဒီဆိုင်မှာ ဆိုပါ၊ ပျော်ပါ၊ စားသုံးပါလို့ ဖိတ်ခေါ်နေကြသလို ဆိုင်ရှင်တွေ၊ စားပွဲထိုး၊ သန့်ရှင်းရေး ချက်ပြုတ်ကြော်လှော်တဲ့ အလုပ်သမားတွေကလည်း ဧည့်သည်တွေအလာကို မျှော်ကြပါတယ်။
ဆိပ်ကမ်းရပ်ကွက်က စားသောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေကို လာရောက် ပျော်ပါး၊ စားသုံးသူတွေကတော့ မြန်မာနိုင်ငံသား ရေလုပ်သားတွေက အများစုဖြစ်ပါတယ်။
“ဧည့်သည်တွေက မြန်မာပြည်သားတွေများတယ်။ ထိုင်းတွေက လာတော့ လာတယ်။ နည်းတယ်။ နီနီတို့ အလုပ်က ဧည့်သည်တွေကို ကြိုဆိုဧည့်ခံရတာဆိုတော့ ဧည့်သည်လာမှ ပိုက်ဆံရတာ”
လို့ နှုတ်ခမ်းနီတွေ ရဲနေအောင် ဆိုးထားတဲ့ အသက်(၂ဝ)အရွယ်ရှိတဲ့ နီနီက ပြောပါတယ်။
ဧည့်သည်ဆိုတာက ဆိုင်တွေမှာ ဆိုကြကကြ၊ သောက်ကြစားကြ၊ ပျော်ကြပါးကြတဲ့ သူတွေကို ပြောတာပါ။ အိပ် ခန်းတွေနဲ့ တွဲဖွင့်ထားတဲ့ အဲ့ဒီဆိုင်တွေကိုလာကြတဲ့ ဧည့်သည်တွေဟာ နီနီတို့လို မိန်းကလေးတွေနဲ့အတူ ပျော်ပါးကြတာပါ။
ဒီလိုဧည့်သည် တယောက်လာရင် ဆိုင်ရှင်တွေက ဘတ် ၁ဝဝ၊ ၁ဝဝ ကျော်ရပြီး နီနီတို့ကတော့ ဧည့်သည် တယောက်ကို ဘတ် ၆ဝ၊ ၇ဝ ရတယ်လို့ဆိုပါတယ်။ ငွေကိုတော့ ဆိုင်ရှင်တွေက တလတခါ နေထိုင်စားသောက်စရိတ်တွေ ဖြတ်တောက် တွက်ချက်ပြီးမှ နီနီတို့ကို ပေးတာပါ။ နီနီတို့လိုပဲ ကျော်ကျော်တို့ စားပွဲထိုး၊ သန့်ရှင်းရေး၊ ကြော်လှော်၊ ချက်ပြုတ် အလုပ်သမားတွေလည်း ဧည့်သည်လာမှ လုပ်ခလစာ မှန်မှန်ရကြတာပါ။

“အရင်ကတော့ ကျနော်ကို တလကို စရိတ်ငြိမ်း ၁ဝဝဝ ပေးတယ်။ နောက်ပိုင်းတော့ ကျနော်တို့ကို နေရာထိုင်းခင်း ပေးရတယ်။ အစားအသောက် ကျွေးထားရတယ်ဆိုပြီး ဧည့်သည်အလာနည်းရင် လစာမပေးတော့ဘူး။ ဧည့်သည် နည်းနည်း များများ သူတို့ကတော့ နေ့တိုင်း ဝင်ငွေရှိတယ်။ စီးပွားလည်း ဖြစ်နေကြတာပဲ” လို့ ကျော်ကျော်က ပြောပါတယ်။
ရနောင်းဆိပ်ကမ်းမှာ လွန်ခဲ့တဲ့(၁ဝ)နှစ်ကျော်က ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေ သိပ်မတွေ့ရပေမယ့် အခုအခါမှာ ဆိပ်ကမ်းရပ်ကွက်တိုင်းလိုလိုမှာ ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေ မှိုလိုပေါက်နေပြီး၊ နီနီတို့လို မိန်းက လေးတွေ၊ အပျော်အပါးလိုက်စားတဲ့ မြန်မာလှေထိုးသားတွေလည်း တနေ့တခြား များလာသလို ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ထိုင်း တွေကလည်း ဆိုင်သေးလေးတွေက ဆိုင်ကြီးတွေ ပိုင်ဆိုင်လာကြတယ်လို့ မြန်မာတွေက ပြောကြပါတယ်။

ရနောင်းဆိပ်ကမ်းက ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေဟာ ငါးကြင်းဆီနဲ့ ငါးကြင်း ကြော်နေကြတာလို့ လည်း မြန်မာတွေက ပြောကြပါတယ်။ မြန်မာလူငယ်တွေကို အရင်းပြုပြီး ထိုင်းလူမျိုးတချို့ စီးပွားဖြစ်နေကြပေမယ့် မြန်မာ မိန်းကလေးတွေကတော့ ငွေအနည်းငယ်ရဖို့အတွက် သူတို့ရဲ့ ခန္ထာကိုယ်ကို ရင်းနှီးနေကြရတယ်၊ မြန်မာလူငယ်လေးတွေဟာ တဝမ်းစား၊ တခါးဝတ်အတွက် သူတို့ရဲ့ လုပ်အားတွေ၊ အချိန်တွေကို ပေးဆပ်နေကြရတယ်လို့ မြန်မာတချို့က သုံးသပ်ပြော ဆိုပါတယ်။
ဒီလိုဖြစ်အောင် မြန်မာစီးပွားရေးအကြပ်အတည်းက အဓိက တွန်းပို့နေတာလို့လည်း ရနောင်းရောက် မြန်မာတွေက ပြောကြပါတယ်။ မိန်းကလေးတချို့ဟာ ဆင်းရဲကြပ်တည်းမှုကြောင့် ဒီလိုအလုပ်တွေကို မလုပ်ချင်ပဲ လုပ်နေရသလို လူကုန်ကူး သူတွေရဲ့ ရောင်းစားခြင်းကို ခံရသူတွေ။ သူတို့လုပ်ရမယ့် အလုပ်ကို စားပွဲထိုး၊ သန့်ရှင်းရေး အလုပ်လို့ထင်ပြီး ကြိုတင်ငွေတွေ ယူသုံးမိလို့ ဒုက္ခတွေ့နေကြတဲ့ မိန်းကလေးတွေလည်း ရှိနေပါတယ်။
ဒီလိုဒုက္ခ တွေ့ခဲ့ရသူတွေထဲမှာ ဝါဝါလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။
“အရင်ကတော့ စားပွဲထိုး၊ သန့်ရှင်းရေး အလုပ်လို့ထင်ပြီး လုပ်ခဲ့တာ။ အခုတော့ တခြားအလုပ် ရှာလုပ်ဖို့လည်း မလွယ်တော့ဘူး။ ဝါဝါ ဒီအလုပ် လုပ်တာကို အိမ်ကလည်း သိသွားပြီ၊ လူတော်တော်များလည်း သိနေကြပြီ”
လို့ ဝါဝါက ပြောပါတယ်။
တဝမ်းစား တခါးဝတ်အတွက်နဲ့ ဝါဝါတို့လို ရေတိမ်မှာ နစ်နေကြတဲ့ တိုင်းရင်းသားပေါင်းစုံ မြန်မာမိန်းကလေးတွေ ရနောင်းမှာ အများကြီးရှိပါတယ်။ ဝါဝါတို့လို မိန်းကလေးတွေကို ဒုက္ခသံသရာထဲက ရုန်းမထွက်နိုင်အောင် ချုပ်ကိုင်ထားသူတွေ၊ ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး ဒုက္ခတွင်းထဲ မရောက်ရောက်အောင် တွန်းပို့နေသူတွေ၊ ရေနစ်သူ ဝါးကူထိုးဆိုသလို ဝိုင်းဝန်း ရှုတ်ချ လက်ညှိုးထိုးနေကြသူတွေလည်း ရနောင်းမှာ အများကြီိးရှိပါတယ်။

# Posted by leoninedragon on ဇန်နဝါရီ 11, 2010 at 9:30am

Tuesday, January 12, 2010

အပျိုမတွေ မငိုရလေအောင်.. ( ဘယ်သူကိုမှမရည်ရွယ်ပါဘူ..သိရှိအောင်အသိပေးတာပါ )

ကလေးမလေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြန်တယ်။

လူမှုရေးကိစ္စတွေစေတနာ့ဝန်ထမ်းနားထောင်ပေး၊ကူတွေးပေးတဲ့အလုပ်ကလေးလုပ်နေတာတစ်နှစ်ကျော်၊နှစ်နှစ်နီးခဲ့ပြီဆိုတော့လည်း
ကျွန်တော့်ဆီကိုရောက်ရောက်လာသူတွေ မနည်းလှပါဘူး။ ဒါပေမယ့်
အများစုကတော့အိမ်ထောင်ရှင်အမျိုးသမီးတွေသာ ဖြစ်ပါတယ်။
အမျိုးသားတွေထဲကလည်းအခုနောက်ပိုင်းမှာတော့ အမျိုးသမီးအရေအတွက်လောက်
မများဦးတောင်တိုးတိုးပြီးရောက်လာနေကြတာ တွေ့ရတော့ ကြည်နူးရတယ်။

လာကြတဲ့အထဲမှာ အင်မတန်နည်းတာကတော့ အပျိုပေါက်အရွယ် ကလေးမလေးတွေပါ။

သည်တစ်ခေါက်ရောက်လာတဲ့ ကလေးမလေးနဲ့ တွေ့ဖြစ်ချိန်မှာ
ကျွန်တော့်အတွက်ရေးစရာက ရလို့ သွားပြန်တယ်။ တစ်ဆက်တည်းမှာပဲ
ယောက်ျားတွေရဲ့အချစ်ကိုအကျယ်တဝင့် ရေးပြဖြစ်ခဲ့မိတဲ့အတွက်လည်း
ကျေနပ်ကြည်နူးမိသွားရတယ်။
(တချို့ယောက်ျားတွေကတော့ ကျွန်တော့်ကို
ချီးမွမ်းခြေကျောက်လုပ်ကြတယ်။ဘာလို့ ဖွင့်ချရတာတုန်းတဲ့ဗျား။)

သည်လိုပါ။ ကလေးမလေးမှာက ချစ်သူ ရှိတယ်။ ကလေးမလေးက အသက် ၁၈နှစ်၊
ဒုတိယနှစ်တက်နေတဲ့ကျောင်းသူလေး။ အဲဒါ သူ့ချစ်သူက သူ့ကို
ဆိတ်ကွယ်ရာသွားဖို့ မရမကခေါ်နေသတဲ့။ ကလေးမလေးကလည်း ငြင်းတယ်။
ကလေးမလေးရဲ့စကားက ရှင်းပါတယ်။

“သမီး အိမ်ထောင်မပြုချင်သေးဘူးဆရာ၊ သမီးမှာ ရည်မှန်းချက်တွေလည်း
ဘာဆိုဘာမှ မပြည့်စုံသေးဘူး။ မိဘတွေကိုလည်း သမီး လုပ်ကျွေးချင်သေးတယ်”

သိပ်ကောင်းတဲ့ စကားလေး။

ဒါပေမယ့် သူ့ချစ်သူက ဇွတ်ခေါ်နေတယ်။ မလိုက်ရင်
ချစ်သူနဲ့ကွဲချင်ကွဲရလိမ့်မယ်တဲ့။ အဲဒါ ဘာလုပ်ရမလဲလို့ ကျွန်တော့်ကို
လာတိုင်ပင်တာတဲ့။
ကျွန်တော် ဘယ်လို ပြောမယ် မှတ်သလဲ။ တစ်ခေါက်တလေတော့
လိုက်သွားပါသမီးရယ်လို့ ပြောရမှာလား။ ဘယ်ဖြစ်ပါ့မလဲ။ ကျွန်တော့်မှာလည်း
သမီးနဲ့။ကိုယ့်သမီးလေးကိုသာဆို ပြောဖြစ်မယ့် စကားကိုပဲ ပြောရပါတယ်။

“မှန်လိုက်တာ။ သမီး သိပ်မှန်တာပေါ့။ ကိုယ့်ကိုယ်ကိုယ်ကိုကိုယ်ကိုယ်တိုင်က
တန်ဖိုးထားမှ ရမှာ။ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပဲ
ထိန်းသိမ်းနိုင်တာ။ သမီး သိပ်တော်တာပဲ”လို့ ကျွန်တော်ချက်ချင်းပြောဖြစ်ခဲ့တယ်။

ကလေးမလေးက အချီးကျူးခံလိုက်ရလို့ ဝမ်းသာပုံ မပြဘူး။ မျက်လုံးလေး
ပေကလပ်၊ပေကလပ်နဲ့၊ ကျွန်တော့်ကို ကြည့်နေသေးတယ်။

“ဘာလဲ၊ သမီးက သူနဲ့ ကွဲသွားမှာ စိုးလို့လား”လို့ မေးလိုက်တော့
ခေါင်းလေးတဆတ်ဆတ်ညိတ်တယ်။

“ဒါဖြင့် သူ့အလိုကို လိုက်တော့မယ်ပေါ့”လို့ မေးပြန်တော့
ခေါင်းကိုသွက်သွက်ခါတယ်။

“ဒါဆိုလည်း ရှင်းနေတာပဲ သမီးရယ်၊ အလိုမလိုက်လို့ ကွဲချင်လည်း
ကွဲပါစေ။ထိန်းသိမ်းရမှာက သမီးတာဝန်ပဲ”လို့ ပြောလိုက်ရပါတယ်။

အမှန်တော့ သည်ကလေးမလေး အပါအဝင် ဒါမျိုးကိစ္စနဲ့ ကျွန်တော့်ဆီ
ရောက်လာသူတွေလေး-ငါးယောက် မကတော့ပါဘူး။ သည်တစ်ယောက်ပဲ ကိုယ့်ကိုယ်ကိုယ်
ကျွန်တော်နဲ့လာတွေ့ချိန်အထိ ထိန်းသိမ်း စောင့်ရှောက်နိုင်တာ
တွေ့ရဖူးပါသေးတယ်။
ကျန်တဲ့သူတွေကတော့ ချစ်သူအလိုကျ မလိုက်လျောသင့်တာကို
လိုက်လျောမိရာကစိတ်ညစ်ကုန်ရတဲ့သူတွေပါ။

သည်နေရာမှာ ယောက်ျားတွေအကြောင်းကို မိန်းကလေးတွေ
သိအောင်ထပ်ပြောပြချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း
ယောက်ျားထဲကယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် သည်ကိစ္စနဲ့ ပတ်သက်လို့
တစ်စက်မှမကင်းတဲ့အပြင် ရည်းစားသက်စေ့ထားခဲ့ဖူးသူ ဖြစ်တဲ့အတွက်လည်း
သည်ကိစ္စနဲ့ပတ်သက်ရင် အပိုင်ပြောလို့ ရမယ်ထင်ပါတယ်။

ကျွန်တော့်အသက် ၁၉နှစ်အရွယ်မှာ ရည်းစားအဖြစ်
ပြောင်ပြောင်တင်းတင်း(သူ့ရှေ့ကဟာတွေက ခြေအေးဝမ်းရောင်တွေပါ)စတင်
တွဲခဲ့သူမှသည် ၂၀ဝ၁ခုနှစ်နှစ်ဦးမှာ လမ်းခွဲလိုက်တဲ့
(အိမ်ထောင်ရှင်တန်မဲ့နဲ့ ထားခဲ့ဖူးတဲ့)ရည်းစားအထိ ရှိရှိသမျှ
ရည်းစားအားလုံးကို ဟုတ်ကဲ့… “ဆိတ်ကွယ်ရာ”ကိုခေါ်သွားဖူးတာချည်းပါပဲ
ခင်ဗျား။ [မယုံရင် ၁၉၇၆-၇၇ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှစ်လည်မဂ္ဂဇင်း
ထဲမှာ ကျွန်တော့် ပထမဆုံးရည်းစားအဖြစ် ထားခဲ့ဖူးသူကို ဆိတ်ကွယ်ရာ
အခေါ်ကောင်းလို့ဒုက္ခများတဲ့အကြောင်း ရေးထားတဲ့ ကိုယ်တွေ့ ဝတ္ထုလေးကို ရှာသာ
ဖတ်ကြည့်ကြပါ။ကျွန်တော့်ရဲ့ ခြေရာပြိုးပြောက် လွမ်းပွင့်
ကောက်သီကိုယ်တိုင်ကြုံဝတ္ထုတိုများ စာအုပ်ထဲမှာ ပါပါတယ်။]

ပြောချင်တာက သမီးရည်းစားရယ်လို့ ဖြစ်လာရင် ယောက်ျားတွေဟာ
ဘာမှန်းကိုမသိဘူး။ ဆိတ်ကွယ်ရာကိုမှ ခေါ်မသွားရရင် မနေတတ်ကြပါဘူး။ အဲ…
လိုက်တဲ့သူကလိုက်လာပြီဆိုရင်လည်း အဲဒီ့ ကိုရွှေယောကျာ်းသားများဟာ
တစ်ဆင့်ပြီးတစ်ဆင့်
တိုးတိုး တက်ဖို့လည်း တစ်စက်မှ ဝန်မလေးတတ်ကြပြန်ဘူး။

အဲ… ခေါ်ရာကို မလိုက်ဘူးဆိုရင်လည်း မျက်နှာတော်ညို၊
အလိုမကျဖြစ်ပြီးအမျိုးစုံ ဂျီကျ၊ ဂျစ်တိုက်၊ မောင့်ကို မချစ်လို့လား၊
မယုံလို့လားစသဖြင့် မျက်ရည်ခံထိုး၊ အမျိုးမျိုး ပပ်ချွဲနှပ်ချွဲ
လုပ်တတ်တာလည်း အဲဒီ့ကိုရွှေယောက်ျားသားများပါပဲ ခင်ဗျာ။

ဒါဟာ အခုမှမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်ကတည်းကပါ။ “လရောင်ကို
မကြောင်ဝံ့လို့၊သစ်ပင်အောက်ကို မှောင်ခိုကာရယ်၊ နှစ်ယောက်သား
တွေ့ကြရာဝယ်”ဆိုတဲ့ ဟိုးရှေးရှေးကတည်းက ယောကျာ်းနဲ့မိန်းမ သမီးရည်းစားဘ
ဝရောက်ကြပြီဆိုတာနဲ့
နှစ်ယောက်ချင်းသာ တွေ့ချင်တဲ့ အာသီသက အဖိုမှာရော အမမှာပါ ရှိတတ်စမြဲပါ။

ဒါပေမယ့် အမျိုးသမီးတွေ ချစ်သူနဲ့ နှစ်ယောက်ချင်း
တွေ့ချင်တာကလွတ်လွတ်လပ်လပ် တွတ်ထိုးချင်လို့ပါ။ နွဲ့ချင်၊ မီချင်လို့ပါ။
ဒါပေမယ့်အစ်ကို ကာလသားများကတော့ သူတို့ ချိန်းတဲ့နောက် ကောက်ကောက်
ပါအောင်လိုက်လာပြီဆိုကတည်းက သူလည်း ငါလိုပဲ၊ ငွေပင်လယ်
လက်ပစ်ကူးချင်စိတ်အပြည့်နဲ့လို့ ထင်ကုန်တတ်ကြပါတယ်။ အဲသလို
ထင်ကုန်အောင်လည်း မမတွေဖက်က
ချစ်သူကို ချစ်တာလေး တစ်ခုတည်းနဲ့ပဲ
မလိုက်လျောသင့်တာတွေလိုက်လျောဖြစ်နေတတ်ကြတာကိုး။ အမှန်ကတော့
ယောက်ျားတွေမှာ ရှိတဲ့စိတ်မျိုးနဲ့ တုံ့ပြန်တာထက် ကိုယ့်ချစ်သူ
စိတ်ချမ်းသာစေချင်လို့စုံလုံးကန်းပြီး ဇွတ်မှိတ်ကြတာက အများစုပါ။
သည်မှာတင် မိန်းမတွေများနှာခေါင်းမပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်
အပြောခံကုန်ရတော့တာပါပဲ။

အခုခေတ်ကျတော့ ပိုဆိုးပါတယ်။ ဗီဒီယို စက်တွေ ပေါ်လာတဲ့အခါမှာ
အိုးမကွာ၊အိမ်မကွာလည်း ကြည့်စရာတွေက ပေါလာ၊ ဗှီစီဒီဆိုတဲ့
ဓာတ်ပြားလေးတွေကလည်းပေါပေါလောလောနဲ့ဆိုတော့ ယောက်ျားလေးတွေမှာ
အတုမြင်ဖို့က အရင်ခေတ်ကထက်
ပိုလို့ လွယ်လာပါတော့တယ်။ အတတ်သင်ဖို့ကျတော့ ကိုယ်နဲ့
လက်ရှိတွဲနေတဲ့ချစ်သူက ပစ်မှတ်ဖြစ်ကုန်ပြန်တယ်။

ကိုယ့်တုန်းကလည်း ရည်းစားရှိလာရင် ဆိတ်ကွယ်ရာမှာ
တွေ့ဖို့ချိန်းခဲ့တာချည်းဖြစ်ပေမယ့် ကိုယ့်နှမ၊ သူ့နှမ၊ ကိုယ့်သမီး၊
သူ့သမီးကျတော့ သတိ မပေးလို့က မဖြစ်တော့ဘူး။

အရွယ်ရောက်နေတဲ့ (၂၀ကျော်) မိန်းကလေးတွေ ကိုယ့်သဘောနဲ့ကိုယ်လိုက်ချင်လို့
လိုက်သွားမယ်ဆိုလို့ကတော့ သဘောပါပဲ။ ကိုယ့်ကိုယ်ပိုင်လွတ်လပ်ခွင့်မို့
ဘယ်သူကမှ ကန့်ကွက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်ဖြစ်လာနိုင်တဲ့
အကျိုးဆက်တွေကိုတော့ မမများ ကိုယ့်ဘာသာ သေချာစဉ်းစားသိရှိထားသင့်ပါတယ်။

ဆိတ်ကွယ်ရာကို လိုက်မိပြီဆိုကတည်းက…

(၁) ကိုယ့်ကို အလိုတူ အလိုပါအဖြစ် ယောက်ျားလေးဘက်က အလိုလို
သတ်မှတ်လိုက်ပြီဆိုတာကို နားလည်ထားရပါမယ်။

(၂) လက်ကလေးကိုင်ရုံ၊ နဖူးကလေး နမ်းရုံ၊ ပခုံးကလေး
ဖက်ရုံလောက်နဲ့တင်ပီးမှာ မဟုတ်ဘူးဆိုတာကိုလည်း ကြိုတင် တွက်ဆထားရပါမယ်။
သိပ်လျင်တဲ့ယောကျာ်းသားတွေဆိုရင် ဝရုန်းသုန်းကား မဟုတ်ဘဲနဲ့
လက်ကလေးကိုင်ရင်း၊
နဖူးကလေး နမ်းရင်းနဲ့ အချိန်ဆွဲပြီး
“ကျုံးသွင်း”တတ်ကြတာမို့ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန်မှာ ငိုက်ခနဲ
ညွတ်ကျသွားမှန်း
မသိလိုက်ရသူတွေလည်း ရှိတတ်တယ်။ ဒါတွေကို ကြိုမြင်ထားဖို့လိုတယ်။

ဒါက မလိုက်ခင်ကတည်းက သိနေရမှာပါ။ ဒါကို သိသိကြီးနဲ့ လိုက်ရင်တော့…

(၁) အလိုတူလို့ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်

(၂) မိမိစိတ် မိမိနိုင်နိုင်နင်းနင်းနဲ့
ဘယ်အတိုင်းအတာအထိလိုက်လျောမယ်လို့ ပိုင်းဖြတ်ပြီး ရပ်သင့်တဲ့အချိန်ကျရင်
တိခနဲ
ရပ်နိုင်စွမ်း ရှိလို့ရင်လည်း ဖြစ်နိုင်ပါတယ်။

သည်နေရာမှာ “ဟင့်အင်း၊ လုံးဝ မလိုက်လျောနိုင်ဘူး”လို့ ပြောတာ
(ဝါ)ငြင်းဆန်နိုင်တာဟာ အရည်အချင်းပါ။ အသိဉာဏ် ရှိတာပါ။ ရင့်ကျက်တာပါ။

နမူနာလေးနဲ့ ပြောပါရစေ။ ကလေးဘဝတုန်းက “မိဖြူနဲ့ ငါနဲ့ မခေါ်ဘူးဟ၊
နင်လည်းသူ့ကို မခေါ်နဲ့နော်”လို့ ပြောရင် လိုက်လျောမိတတ်ကြပါတယ်။
အရွယ်လေးရလာတော့ အဲဒါမျိုးလာပြောရင် “ဘာဆိုင်လို့တုန်း၊
နင့်ဘာသာမခေါ်ချင်မခေါ်နဲ့ပေါ့။ နင်မခေါ်တာနဲ့ ငါလည်း
မခေါ်ဘဲနေရမယ်ဆိုတာကတော့အဓိပ္ပာယ် မရှိဘူးဟာ”လို့ ပြောဖြစ်နေနိုင်ပါတယ်။
ဒါဟာ ရင့်ကျက်လာမှု၊
အသိဉာဏ်ရှိမှုကို ပြသတာ မဟုတ်ဘူးလား။

အလားတူပဲ၊ မူးယစ်ဆေးဝါးတစ်ခုခုကို စမ်းကြည့်ရအောင်လို့
သူငယ်ချင်းကအဖော်စပ်လာချိန်မှာလည်း “ဟင့်အင်း”လို့ ငြင်းနိုင်တာဟာ
အသိဉာဏ်ရှိတာကိုပြတာပါပဲ။ ကလေးဘဝတုန်းက သူများ ပစ္စည်းသော၊ ဘာသော
မသိ၊လိုချင်ပြီဟေ့ဆိုရင် တဂွဲဂွဲ အော်ငိုတတ်ကြပေမယ့် အသက်ကလေး
ရလာတာနဲ့အမျှသူများပစ္စည်းကို ပေးသူက ပေးလို့ အလကား ရမယ်ဆိုရင်တောင်
ချိန်ဆကုန်ကြတာ၊ပေးကမ်းမှုရဲ့ နောက်ကွယ်က ငါးမျှားချိတ်ကိုပါ
တွက်ကုန်ကြတာဟာအသိဉာဏ်ရှိတာ၊ ရင့်ကျက်တာပါ။

ဒါကြောင့် ကိုယ့်ချစ်သူက အဆင့်တွေ ကျော်ဖို့
အားထုတ်တဲ့အခါမှာလည်းကိုယ့်ဘက်က ယတိပြတ် ငြင်းပယ်နိုင်တာဟာ ကိုယ့်မှာ
အသိဉာဏ် မနုံ့နဲ့ရာ၊ရင့်ကျက်ခိုင်မာတဲ့ စိတ်ဓာတ်ရှိရာ ရောက်တာမို့ ကိုယ်
မလိုက်လျောနိုင်ရင်ပြတ်ပြတ်သားသား ငြင်းပယ်နိုင်ရပါမယ်။
ငြင်းပယ်တတ်ရပါလိမ့်မယ်။

အဲ… အဲသလိုမှ မဟုတ်ဘဲ၊ လိုက်လည်း လိုက်သွားမိတယ်၊
ငြင်းဖို့ကလည်းအားနာတယ်၊ ကိုယ့်ချစ်သူက ကိုယ့်ကို အမျိုးစုံ ဂျီကျ၊
မျက်ရည်ခံထိုးတဲ့ဒဏ်ကို
မခံနိုင်တော့လို့လည်းလိုက်လျောမိသွားတယ်ဆိုရင်တော့ ဖြစ်လာနိုင်ချေရှိတဲ့
အကျိုးဆက်တွေက
တစ်စက်မှ မကောင်းလှပါဘူး။

(၁) ကိုယ့်ချစ်သူက ကိုယ့်ကို တန်ဖိုးထားတော့မှာ မဟုတ်တော့ပါဘူး။လုံးလုံး
တန်ဖိုးမထားတော့တာမျိုး မဟုတ်ရင်တောင် ကိုယ့်ကို
အရင်ကလောက်တန်ဖိုးထားတော့မှာ မဟုတ်တာတော့ သေချာပါတယ်။
လွယ်လွယ်နဲ့ရရင်ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူ မှန်ရင်
သိပ်တန်ဖိုးမထားတတ်တာသဘာဝပါ။ ဒါကြောင့် ကိုယ့်ဘက်က လွယ်လွယ်
လိုက်လျောမိလို့ကိုယ့်ဈေးပျက်သွားတာ၊ သူ့ဘက်က တန်ဖိုးမထားတာဟာ
စေ့စေ့တွေးရင်ကိုယ့်အပြစ်တွေချည်းပါ။

(၂) တစ်ခါလိုက်လျောမိပြီဆိုတာနဲ့ အခါအခါ
အထပ်ထပ်လိုက်လျောရတော့မှာလည်းသိထားဖို့ လိုတယ်။

(၃) သည်အထဲမှာမှ အရေးအကြီးဆုံး အချက်၊
အဓိကအကျဆုံးအချက်ကကိုယ့်ချစ်သူဆိုပေမယ့် ကိုယ်နဲ့ တစ်အိမ်တည်း
နေတာမဟုတ်ပါဘူး။မနက်အိပ်ရာထက ညအိပ်ရာဝင်ချိန်အထိလည်း
ကိုယ့်မျက်စိအောက်မှာ ရှိနေသူမဟုတ်ပါဘူး။ ဒါကြောင့်သူ့နောက်ကြောင်း
ရာဇဝင်ကို သူပြောသလောက်သာသိထားရတာပါ။ သူဟာ ကိုယ့်ရှေ့မှာ
ဘယ်လိုအမျိုးသမီးတွေနဲ့ ယဉ်ပါးခဲ့မှန်းကိုယ် ဘယ်လိုနည်းနဲ့မှ
အမှန်အတိုင်း မသိနိုင်ပါဘူး။ သည်အခါမှာ သူ့မှာအိပ်ခ်ျအိုင်ဗှီဆိုတဲ့
ကုရာနတ္ထိရောဂါပိုး ရှိနေမယ်ဆိုရင် ကိုယ့်ကိုပါအလိုလို ကူးစက်လာမယ့်
အန္တရာယ်ကြီးက ကျောချမ်းစရာကြီးပါ။အိပ်ခ်ျအိုင်ဗှီပိုး ရှိသူတွေမှာ
ချိုပေါက်နေတာမဟုတ်ဘဲ သူလို ကိုယ်လိုသွားသွားလာလာ၊ ကျန်းကျန်းမာမာမို့
ကိုယ့်ချစ်သူကို အမြင်နဲ့တင်၊
သူ့စကားတစ်မျိုးနဲ့တင် ယုံလို့မရဘူးဆိုတာ
သတိချပ်ကြစေလိုပါတယ်။အစီအစဉ်အတိုင်း အမှတ်စဉ်ထိုးပြီး ပြောနေလို့သာ ဒါက
နံပါတ်(၃)ဖြစ်သွားတာပါ။ တကယ်တော့ သည်အချက်ဟာ ထိပ်ဆုံး
နံပါတ်တစ်ကသတိထားရမယ့် အချက်ပဲဖြစ်ပါတယ်။

(၄) နောက်ထပ်အန္တရာယ်ကတော့ တခြား လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလို့ခေါ်တဲ့
ကာလသားရောဂါ အမျိုးမျိုး ကူးစက်လာနိုင်စရာ ရှိတာတွေပါပဲ။
ဒါ့အပြင်ရေယုန်ပေါက်တာလို၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးလိုဟာတွေလည်း
ကူးစက်လာနိုင်ပါတယ်။ ဒါတွေကလည်း လူကောင်းပကတိတွေဆီမှာခိုအောင်းနေနိုင်တဲ့
ရောဂါပိုးတွေပါပဲ။

(၅) ရောဂါတွေပြီးတဲ့နောက်
တခြားဆိုးရွားတဲ့အကျိုးဆက်ကတော့ကိုယ်ဝန်ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ရှိလာတဲ့အခါ
မောင်မင်းကြီးသားများက တာဝန်ယူရင် တော်ရဲ့၊ တာဝန်မယူရင်
မမများပဲအကျိုးနည်းရမှာပါ။ တာဝန်ယူတဲ့အခါမှာလည်း ကဲတုန်းက သူတို့ပဲ
ဇွတ်ကဲခဲ့သူယောကျာ်းသားများပေမယ့် ကိုယ်ဝန်ကြောင့် ယူလိုက်ရရင်
အဲဒီ့မိန်းမအပေါ်မှာအခြောက်တိုက် ညိုးတတ်တဲ့ယောက်ျားတွေလည်း မျက်စိနဲ့
တပ်အပ် မြင်ဖူးပါတယ်။ဒါကြောင့်မို့ ကိုယ်ဝန်ကြောင့် ကိုယ့်ကို ယူလိုက်တဲ့
ယောက်ျားဟာ
ကိုယ့်အပေါ်မှာ အလိုလို အသာစီး ယူသွားတတ်တယ်။
တာဝန်မယူတဲ့သူနဲ့တွေ့တဲ့အခါမျိုးကျတော့ ဘဝပျက်သွားနိုင်တာ အထူး
ရှင်းနေစရာ မလိုတော့ဘူးထင်ပါတယ်။

ဒါကြောင့် ချစ်သူရည်းစား ထားနေကြတဲ့ မိန်းကလေးများအနေနဲ့
ကိုယ့်ချစ်သူကကိုယ့်ကို ဆိတ်ကွယ်ရာကို ခေါ်ရင်၊ ဆိတ်ကွယ်ရာမှာ တွေ့ဖို့
ချိန်းရင်သတိထားကြစေချင်ပါတယ်။ သည်အချက်တွေကို လေးလေးနက်နက်
စဉ်းစားဆင်ခြင်ကြစေချင်ပါတယ်။

သည်အတွက် ချစ်သူနဲ့ ကွဲရရင် ဘယ်လိုလုပ်မလဲလို့
မေးစရာရှိပါတယ်။ကျွန်တော့်စာအစမှာ ဖော်ပြခဲ့တဲ့ ကလေးမလေးကလည်း
ကျွန်တော့်ကိုမေးသွားပါတယ်။

ကျွန်တော် ဖြေလိုက်ပါတယ်။ အဲသလို အလိုမလိုက်လို့
ကွဲသွားမှတော့ကိုယ့်ချစ်သူဟာ ကိုယ့်ကို တကယ်ချစ်တာမဟုတ်မှန်း၊
ကိုယ့်ခန္ဓာကိုယ်နဲ့ကိုယ်လက်နှီးနှောမှုကိုသာ လိုချင်မက်မောမှန်း အလိုလို
သက်သေပြလိုက်ရာရောက်ပြီးသားမို့ တကယ်တမ်းမှာ အဲလိုလူမျိုးနဲ့ လွဲသွားတာဟာ
လွမ်းစရာတစ်စက်မှ
မရှိပါဘူး။နောက်တစ်ချက်ကချစ်သူတစ်ယောက်မရှိတော့ရင်နောက်တစ်ယောက်နဲ့
အစားထိုး လို့ရပါတယ်။ ကိုယ့်ရဲ့ ပျက်သွားတဲ့ဘဝအနေအထားကိုတော့ ဘာနဲ့မှ
အဖတ်ဆယ်လို့ မရနိုင်ပါဘူး။ ဆိုလိုတာက
အပျိုရည်တစ်ခါပျက်ပြီးရင် အပျိုပြန်မဖြစ်နိုင်တော့ပါဘူး။

တစ်ယောက်တည်းကိုပဲ ချစ်ပြီး
တစ်ယောက်တည်းနဲ့ပဲလက်ထပ်ချင်တယ်ဆိုတဲ့အူကြောင်ကြောင် အယူအဆတွေကိုလည်း
လက်ကိုင် မထားကြစေချင်ဘူး။လူတွေအများကြီးနဲ့ ပေါင်းပြီးမှ ဘယ်ဟာက
သူငယ်ချင်းကောင်း၊ ဘယ်ဟာကသာပေါင်း ညာစား၊ ဘယ်ဟာက အပေါ်ယံလို့
ဆုံးဖြတ်နိုင်တယ်။ ဆွေမျိုးတွေတစ်လှေကြီး ကြားမှာလည်း ဘယ်သူက
မိတ်ဆွေကောင်း၊ ဘယ်သူက အရေးဆို
အားမကိုးရဘူး၊ ဘယ်သူက ဖက်လှဲတကင်း မနေတတ်ပေမယ့် အရေးကျအားကိုးရတယ်စသဖြင့်
နေရင်းနဲ့မှ သိလာရပါတယ်။
သူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်၊
ဆရာသမားပဲဖြစ်ဖြစ်၊ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်၊
လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ်၊လူတွေဖြစ်ကြတာမို့ လူအကြောင်းဟာ
ပေါင်းရင်းနဲ့မှ သိလာပြီး ဘယ်သူကဖြင့်ကိုယ်နဲ့
အဆင်ပြေတယ်အစပ်တည့်တယ်၊ရေရှည်လက်တွဲနိုင်တယ်ဆိုတာကို
အများထဲက ရွေးပြီးမှ ဆုံးဖြတ်ယူရတတ်စမြဲပါ။

ချစ်သူရည်းစား၊ အိမ်ထောင်ဖက်ဆိုတာလည်း နတ်ပြည်က
လာတဲ့သူတွေမဟုတ်ပါဘူး။လူထဲက လူတွေချည်းပါပဲ။ အဲဒီ့ လူတွေထဲက
လူတွေကိုမှတစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက်ဆိုပြီး လက်ထပ်သူနဲ့ချစ်သူကိုတစ်ယောက်တည်းဖြစ်ချင်တယ်ဆိုတာဟာ
ဆင်ခြင်တုံတရားကင်းမဲ့လွန်းရာကျပါတယ်။မြန်မာလည်းမပီသပါဘူး။ ဘာလို့ဆို၊ရှေးလူကြီးသူမတွေကိုယ်၌ကရည်းစားတစ်ထောင်
လင်ကောင်တစ်ယောက်လို့ ဆိုထားခဲ့တဲ့ မြန်မာစကားဟာ အင်မတန်
ဓမ္မဓိဋ္ဌာန်ကျတဲ့စကားဖြစ်နေလို့ပါပဲ။

အဲတော့ အပျိုမတို့အနေနဲ့ မိမိတို့ရဲ့ ချစ်သူရည်းစားက
ကိုယ့်ကိုဆိတ်ကွယ်ရာမှာ တွေ့ဖို့ ချိန်းဆိုမယ်၊ ခေါ်သွားမယ်ဆိုရင်
သဘောမလွယ်မိမှဒူးနဲ့ မျက်ရည် မသုတ်ရမှာကို တွေးတတ်နေစေချင်လှပါတယ်။

ထပ်ပြောပါရစေ…

ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင်သာ
ထိန်းသိမ်းနိုင်ကြမှာပါ။ကိုယ့်အရည်အချင်းကိုလည်း ကိုယ်ကိုယ်တိုင်သာ
မြှင့်တင်နိုင်ရိုး
ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘဝကိုလည်း ကောင်းအောင်၊ ဆိုးအောင်မိနစ်ပိုင်း၊
စက္ကန့်ပိုင်းအတွင်းမှာ ချမှတ်လိုက်တဲ့
ကိုယ့်ဆုံးဖြတ်ချက်ကသာ လုပ်နိုင်ပါတယ်။

ဒါကို စဉ်းစားမိကြမယ်ဆိုရင်…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ...

မှတ်ချက်။ ။ ဆရာ အတ္တကျော်ရဲ့  စာစုလေးပါ........
# Posted by လွမ်းနောင် on ဇန်နဝါရီ 11, 2010 at 8:00pm

ဆံပင်များကို ထိန်းသိမ်းဖို့

တစ်နေ့ကို ကြိမ်ဖန်များစွာ ခေါင်းဖြီးရင် ဆံပင်ကျန်းမာသန်စွမ်းတယ် ထင်နေသလား။
ဆံပင်အဖျားတိတိပေးရင် ဆံပင်အရှည်မြန်တယ်ဆိုတာကော တကယ်ပဲလား။သင့်ဆံပင်နဲ့ ပတ်သက်တဲ့ ကြားဖူးတဲ့အချက်တွေ မှန်ရဲ့လား။တကယ့်အမှန်တရားတွေကကောဘာလဲဆိုတာသိချင်ရင် ဒီဆောင်းပါးကို ဖတ်ကြည့်သင့်ပါတယ်။
ဆိုပြီးမေးလ်ရောက်လာလို့ ပြန်လည် မျှဝေလိုက်ပါတယ်။

၁။ ဆံပင်အဖျားတွေ တိတိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။

မဟုတ်ပါဘူး။ ဆံပင်အဖျားတိတိ၊ မတိတိဆံပင်အရှည်တစ်လကိုလက်မ၀က်လောက်ပိုတိုးလာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။
ဆံပင်တိပေးလို့ပိုရှည်လာတာမဟုတ်ပါဘူး။ ဟော်မုန်း တွေကြောင့် ပါ။ ဆံပင်တိပေးခြင်းအားဖြင့်ဆံပင်နှစ်ခွဖြစ်တာတွေကိုသာ ဖယ်ရှားပေးပြီး ဆံပင်ကျန်းမာ လှပစေနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုက ဆံပင်ပို ကျွတ်စေနိုင်သလား။

ဆံပင်တွေဟာအချိန်တိုင်းလိုလိုကျွတ်နေတတ်ပြီးပုံမှန်အနေနဲ့တစ်နေ့ကိုဆံပင်ပေါင်း ၅၀ မှ ၁၂၀ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။သင့်ဘ၀အတွက် ကြီးကျယ်တဲ့ပြောင်းလဲမှုတွေ ( ဥပမာ - အိမ်ထောင် ပျိုကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း) တို့ကြောင့် အလွန်အမင်း စိတ်ဖိစီးမှုခံနေရပါက ဆံပင်ပိုကျွတ်လာနိုင်ပါတယ်။ဆံပင်ကျွတ်ရခြင်းရဲ့ တခြားအကြောင်းတွေကတော့ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပဋိဇီဝပိုးသတ်ဆေးတို့ကြောင့်ပဲ ဖြစ်ပါတယ်။

၃။ ခေါင်းလျှော်ရည်တွေ ပြောင်းသုံးပေးရင် ဆံပင်ပို ကျန်းမာသန်စွမ်းလာနိုင်သလား။

ဆံပင်ရှည်တွေကတော့ ခေါင်းလျှော်ရည်တွေကိုဒီနေ့တစ်မျိုး၊နောက်နေ့တစ်မျိုးနဲ့ခဏ ခဏပြောင်းသုံးတာကို အားမပေးပါဘူး။ သင်သုံးနေတဲ့ခေါင်းလျှော်ရည်နဲ့ အဆင်မပြေတာတွေ ( ဥပမာ - ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်း) ဖြစ်မှ တခြား တံဆိပ်ပြောင်းသုံးသင့်ပါတယ်။ ဗောက်ထတတ်တဲ့ သူဆိုရင်လည်းဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်ကို တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက်တော့ ပြောင်းသုံးသင့်ပါတယ်။ ပုံမှန်အနေနဲ့ကတော့ ကိုယ်နဲ့အဆင်ပြေတဲ့ ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲသုံးသင့်ပါတယ်။

၎။ ဆံပင်ဖြူတစ်ချောင်းနှုတ်ရင် နောက်ထပ်ဆံပင်ဖြူနှစ်ချောင်း၊သုံးချောင်းအစားထိုးပေါက်လာတတ်သလား။

မဟုတ်ဘူးဆိုပင်မယ့် ဆံပင်အဖြူကို ဆွဲနုတ်တာ မကောင်းတဲ့အကျင့်ပါ။ ဆံပင်အမြစ်တွေကို ဖျက်ဆီးလိုက်သလို ဖြစ်ပြီး ရောဂါပိုးတွေဝင်လာနိုင်ကာအမာရွတ်ကျန်စေနိုင်ပါတယ်။

၅။ ဆံလုံးသေးပြီးပါးတဲ့ ဆံပင်ကို ဆံပင်အုံထူအောင် လုပ်လို့ရသလား။
အမြင်အားဖြင့်တော့ အုံထူတဲ့ပုံစံဖြစ်အောင်တော့ အုံထူတဲ့ပုံစံဖြစ်အာင်လုပ်နိုင်ပါတယ်။ဆံပင်လိပ်တံနဲ့ အပူပေးကာ ဖွလိုက်ရင်ငါးမိနစ်အတွင်းဆံပင်အုံထူထူလေးဖြစ်လာနိုင်ပါတယ်။

၆။ သန့်ရှင်းစင်ကြယ်တဲ့ ဆံပင်ရဖို့ ခေါင်းလျှော်ရာမှာ နှစ်ခါပြန်လျှော်သင့်သလား။

မလိုပါဘူး၊ ဆံပင်အနှံ့ ခေါင်းလျှော်ရည်ထည့်ကာ အသေအချာခေါင်းလျှော်လိုက်ရင်တစ်ခါတည်းနဲ့ သန့်ရှင်းသွားပါလိမ့်မယ်။

၇။ ခေါင်းလျှော်ပြီး အရမ်းအေးတဲ့ ရေနဲ့ ဆေးချလိုက်ရင် ဆံပင်သား တောက်ပြောင်သွားနိုင်သလား။

သင့်အနေနဲ့ အိပ်ချင်တော့ ပြေသွားပင်မယ့် ရေခဲရေနဲ့ဆံပင်သားတောက်ပြောင်တာ အဆက်အစပ်မရှိဘူးလို့သာ ဆိုပါရစေ။

၈။ ဆံပင်နှစ်ခွကွဲတာ ပျောက်ဆေးရှိသလား။

ဆံပင် နှစ်ခွကွဲတာ မမြင်ချင်ရင် ညှပ်ပစ်ဖို့ပဲ ရှိပါတယ်။ ဆံပင်နှစ်ခွ ကွဲပြီးသားကို ပျောက်အောင်လုပ်ဖို့ မဖြစ်နိုင်ပေမယ့်နှစ်ခွမကွဲအောင် ကာကွယ်လို့တော့ရပါတယ်။
ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကိုသာရွေးသုံးသင့်ပါတယ်။

၉။ ဆံပင် အရောင် ဆိုးခြင်းဟာ ဆံပင်ကို ပျက်စီးစေတဲ့ အဓိက အကြောင်း အရင်းလား။

အခုနောက်ပိုင်း ထွက်ရှိလာတဲ့ ဆံပင်ဆိုးဆေးတွေဟာ သိပ်မပြင်းတော့ တဲ့အတွက် ဆံပင်အသားကို ထင်သလောက် မပျက်စီးစေနိုင်ပါဘူး။ ဆိုးဆေးအကောင်းစားကို ရွေးသုံး ဖို့တော့လိုပါတယ်။ ဆံပင်ဆေးဆိုးတာ ထက်စာရင် ဖြောင့်တာတို့၊ ကောက်တာတို့ လုပ်တာက ဆံပင်ကို ပိုပျက်စီးစေပါတယ်။

၁၀။ နေ့စဉ် အကြိမ်တစ်ရာလောက် ခေါင်းဖြီးရင် ဆံပင်သန်စေနိုင်သလား။

မဟုတ်ပါဘူး။ ဆံပင်သပ်ရပ်နေအောင်ခေါင်းဖြီးသင့်ပါတယ်။ ဆံပင်သန်တာနဲ့ ဘာမီမဆိုင်ပါဘူး။ ခေါင်းအရမ်းဖြီးလွန်းမှ ဆံပင်တွေကိုအမြစ်ကနေ ဆွဲလိုက်သလိုဖြစ်ပြီး ဆံပင်အားတောင် နည်းသွားစေ နိုင်ပါတယ်ဟု Good Health ဂျာနယ်တွင်ဖော်ပြထားပါသည်။

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

မေးလ်ထဲရောက်လာလို့ တင်ပေးလိုက်ပါတယ် . . ပေးပို့သူ၊ ရေးသားသူ ကျေးဇူးပါ . . .
( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး
မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ
စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ
ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း
ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ
သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့
ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။
သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့
ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး
ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို
ကောင်းစွာခံယူရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ
Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ
ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊
ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်
သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို
ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊
ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း
အရည်ပျော်စေတတ်တယ်။

( ၄ ) ရှောက်၊ သံပရာ၊ အသီးအနံ
သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့
ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊
သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့
ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို
မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase
ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့
ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ
တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။

( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ
ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ
စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊
ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ
ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ
ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း
ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး
စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့်
Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့်
ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊
Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်
လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့်
သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်
အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။

( ၇ ) ဖရဲသီ၊ သခွားသီး
ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး
ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ
မြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့
Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို
တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊
တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့်
မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့်
ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့
ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ
ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ
ဆက်စပ်သုံးစွဲခဲ့ပါတယ်။

( ၈ ) ပဲပိစပ်
ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ
ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ
Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊
ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့်
သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊
Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ
အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို
အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့
စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊
လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။

( ၉ ) လက်ဖက်
လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ
ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ
ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး
ဆက်လက်ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ
တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်
ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊
ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်
ပိုထက်မြက်နိုင်ပါမယ်။

( ၁၀ ) ခရမ်းချဉ်သီး
လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ်
အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ
အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ
ပါဝင်နေပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်
ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့်
Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး
နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊
စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း
တင်ပြလိုက်ပါတယ်။